စတုဒွါရဇာတ်![]()
နဝကနိပါတ် - ၄၃၉။ စတုဒွါရဇာတ် လူစင်စစ်က ဝေမာနိက နတ်မယ်တို့နှင့် စည်းစိမ်ခံစားရပါလျက် မရောင့်ရဲနိုင်ဘဲ ရှေ့ဆက်သွားရာ သင်ဓုန်းစက် ငရဲတွင် ဆင်းရဲကြီးစွာ ခံရသော မိတ္တဝိန္ဒကအကြောင်း။ ပစ္စုပ္ပန်ဝတ္ထုအဆုံးမခက်မှု ရဟန်းပြုနတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးအမ ခက်သော ရဟန်းတပါးကိုအကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထုမိခင်စကား မနာကြားလွန်လေပြီးသောအခါ ကဿပဘုရား လက်ထက်တော်ဝယ် ဗာရာဏသီပြည်၌ ကုဋေနှစ်ဆယ်ကြွယ်ဝသော သူဌေးကြီး တဦးရှိလေ၏၊ ထိုသူဌေးကြီးအား မိတ္တဝိန္ဒက မည်သော သားတယောက်တည်းသာ ရှိလေ၏၊ အမိ အဘတို့ကား သောတာပန် အရိယာဖြစ်ကြကုန်၏၊ သားမိတ္တဝိန္ဒကကား အဆုံးအမက်၏၊ သီလမရှိ၊ သဒ္ဓါတရားမရှိ။ နောက်အဖို့၌ ဖခင်သူဌေးကြီး သေလွန်သည်ရှိသော် မိခင်သူဌေးကတော်သည် “ချစ်သား...သင်သည် အလွန်ရခဲသော လူ့အဖြစ်ကိုရပေ၏၊ အလှူပေးလော့၊ သီလ ဆောက်တည်လော့၊ ဥပုသ်စောင့်လော့”ဟု ပြော၏၊ “မိခင်... အကျွန်ုပ်သည် အလှူပေးခြင်းစသည်ကို အလိုမရှိ၊ တစုံတခုသောစကားကို မဆိုလင့်၊ အလိုရှိရာကို ပြုလုပ်မည်”ဟု ပြောဆို၏၊ မိခင်၏စကားကိုနားမထောင်။ သားလိမ်မာအောင် အမိသွေးဆောင်ထိုသို့ပင်ပြောဆိုသော်လည်း မိခင်သည် လပြည့်ဥပုသ်နေ့၌ “ချစ်သား... ယနေ့ဥပုသ်နေ့ဖြစ်သည် ကျောင်းသို့သွား၍ ဥပုသ်စောင့်ပါ တညလုံး တရားနာပြီးလျှင် ပြန်ခဲ့လော့၊ သင့်အား အသပြာတထောင်ပေးမည်”ဟု ဥစ္စာဖြင့်ဖြား ယောင်း၍ဆုံးမ၏၊ မိတ္တဝိန္ဒကလည်း ဥပုသ်မစောင့်လိုသောလည်း ဥစ္စာ၌တပ်စွန်းသဖြင့် ကောင်းပြီဟု ဝန်ခံ၍ကျောင်းသို့ သွားကာ ဥပုသ်ဆောက်တည်ပြီးလျှင် နံနက်စာစား၍ တနေကုန်နေကာ ညအခါနေရာတခုတွင် အိပ်လျက်နံနက်မိုးလင်းသောအခါ စောစောထ၍ မျက်နှာသစ်ပြီးလျှင် အိမ်သို့ သွားလေ၏။ သီလစောင့်ရေး တထောင်ပေးမိခင်ကြီးကား ငါ့သား ဥပုသ်စောင့်၍ တရားနာသွားသည် နံနက် စောစောကလျှင် ဓမ္မကထိက ပုဂ္ဂိုလ်တပါးကို ပင့်၍ လာလိမ့်မည် ဟု ယာဂုကို စီရင်ကာ နေရာခင်းပြီးလျှင် သားအလာကို မြှော်လင့်၍နေရာ တယောက်ထည်း ပြန်လာသော သားကိုမြင်လျှင်– “ချစ်သား ဓမ္မကထိက ပုဂ္ဂိုလ်တပါးကို ဘာကြောင့် ပင့်မလာသနည်း”ဟု မေး၏၊ မိခင် အကျွန်ုပ်ဓမ္မကထိက ပုဂ္ဂိုလ်ကို အလိုမရှိ” ဟု ပြော၏၊ “ချစ်သား...ယာဂုသောက်ပါ” ဟုပြောသောအခါ မိခင်...အသပြာတထောင်ပေးမည် ဝန်ခံထားသည်၊ ရှေးဦးစွာပေးပါ၊ နောက်မှ ယာဂုသောက်မည်”ဟု ပြောလေ၏၊ မိခင်လည်း ကတိအတိုင်း အသပြာ တထောင်ကို ပေး၏၊ မိတ္တဝိန္ဒကလည်း အသပြာတထောင်ကို အနီး၌ ထားကာ ယာဂုသောက်ပြီးလျှင် အသပြာ တထောင်ကို ယူ၍ ကူးသန်းရောင်းဝယ် ပြုလတ်သော် မကြာမြင့်မီလျှင် အသပြာ တသိန်းနှစ်သောင်းဖြစ်၍လာလေ၏။ အမိမြစ်တား ကုန်ကူးသွားထိုအခါ မိတ္တဝိန္ဒကသည် လှေဖြင့်ကုန် ကူးသွားရန် လှေကြီးတစင်ကို ဝယ်ပြီးလျှင် ကုန်ပစ္စည်းတို့ကို အပြည့်အစုံ စီမံ၍ “မိခင်...အကျွန်ုပ်လှေဖြင့် ကုန်ကူးသွားမည်”ဟုပြော၏၊ “ချစ်သား... မသွားလင့်၊ သင်ကား တယောက်ထည်းသော သားဖြစ်သည်၊ အိမ်၌လည်း ဥစ္စာတွေ များစွာရှိ၏၊ သမုဒ္ဒရာတို့ မည်သည်မှာလည်း ဘေးရန်များလှ၏၊ ကူးမြောက်နိုင်ခဲ့၏”ဟု ပြော၏၊ မိခင်...အကျွန်ုပ်သွားမည်၊ မတားမြစ်ပါလင့်”ဟုပြော၏၊ ထိုအခါမိခင်သည် အတင်း လက်ကို ဆွဲ၍ထား၏၊ သားမိုက်လည်း မိခင်စကားကို မနာယူဘဲ မိခင်ကို သတ်ပုတ်ညှဉ်းဆဲကာ လဲစေပြီးလျှင် လှေကြီးဖြင့် သမုဒ္ဒရာသို့ သွားလေ၏။ မိတ္တဝိန္ဒက သမုဒ်တွင်ချလှေကြီးသည် သမုဒ္ဒရာသို့သွား၍ ခုနစ်ရက် မြောက်သောနေ့၌ မိတ္တဝိန္ဒကကို အမှီပြု၍သမုဒ္ဒရာလယ်တွင် မတုန်မလှုပ် ရပ်၍ မသွားဘဲ နေလေ၏၊ ထိုအခါလူတို့သည် သူယုတ်မာ အမိကိုပြစ်မှားခဲ့၍ ငရဲခံရမည့် မိတ္တဝိန္ဒကသည် ဦးစွာနတ်ပြိတ္တာမ ၄-ဦးတို့နှင့် နတ်စည်းစိမ်ခံစားနေပုံ စာရေးတန်မဲချလတ်သော် မိတ္တဝိန္ဒကလက်၌ သုံးကြိမ်တိုင်အောင် မဲကျလေ၏၊ လူတို့သည် ဤသူယုတ်မာတယောက်အတွက် အများမပျက်စီးစေလင့်ဟု မိတ္တဝိန္ဒကကို ဖောင် တခုဖြင့် သမုဒ္ဒရာတွင် ပစ်ချလိုက်၏၊ ထိုအခါ ခဏချင်းလျှင် လှေကြီးသည် လိုရာအရပ်သို့ ပြေးသွားလေ၏။ သမုဒ်တွင်မျောလေ့ နတ်သမီးတွေ့မိတ္တဝိန္ဒကလည်း ဖောင်တခုဖြင့် မျောသွားရာ ကျွန်းငယ်တခုသို့ ရောက်လေ၏၊ ထိုကျွန်းငယ်၌ ဖလ်ဗိမာန်ဝယ် လေးယောက်သော ဝေမာနိက နတ်ပြိတ္တာမတို့သည်ကြကုန်၏၊ ခုနစ်ရက် ငရဲ၌ ဆင်းရဲကို ခံစား၍ ခုနစ်ရက် နတ်စည်းစိမ်ကို ခံစားကြရကုန်၏၊ မိတ္တဝိန္ဒကလည်း နတ် ပြိတ္တာမတို့ကို မြင်လျှင် ဖလ်ဗိမာန်သို့သွား၍ နတ်ပြိတ္တာတို့နှင့် ခုနစ်ရက်ပတ်လုံး မွေ့လျော်ကာ နတ်စည်းစိမ်ကို ခံစားရ၏၊ နတ်ပြိတ္တာမတို့လည်း ချမ်းသာလှည့်ကုန်၍ ဆင်းရဲလှည့်ရောက်လတ်သော် မိတ္တဝိန္ဒကအား “အရှင်... ဤဗိမာန်တွင် နေရစ်ပါ၊ အကျွပ်တို့ ခုနစ်ရက်ရှိသောအခါ ပြန်လာမည်” ဟုမှာခဲ့၍ သွားကြကုန်၏။ တဏှာပျော်မွေ့ လိုမပြည့်မိတ္တဝိန္ဒကလည်း အလိုရမ္မက် ကြီးလှသဖြင့် လေးယောက်သော နတ်ပြိတ္တာမတို့နှင့် မရောင့်ရဲနိုင်ဘဲ ထိုကျွန်းငယ်မှ မိမိလာခဲ့ရင်း ဖောင်ဖြင့်ပင် သွားပြန်သော် ကျွန်းငယ်တခုသို့ ရောက်ပြန်၍ ငွေဗိမာန်ဝယ် ရှစ်ယောက်သော ဝေမာနိက နတ်ပြိတ္တာမတို့နှင့် ခုနစ်ရက် နတ်စည်းစိမ်ကို ခံစားရပြန်၏၊ ထိုမှတဖန်သွားပြန်သော် ကျွန်းငယ်တခုသို့ရောက်ပြန်၍ ပတ္တမြားဗိမာန်ဝယ် တကျိပ် ခြောက်ယောက်သော ဝေမာနိက နတ်ပြိတ္တာမတို့နှင့်၎င်း၊ ထို့နောက် ကျွန်းငယ်တခုသို့ ရောက်ပြန်၍ ရွှေဗိမာန်ဝယ် သုံးကျိပ်နှစ်ယောက်သော ဝေမာနိက နတ်ပြိတ္တာမတို့နှင့်၎င်း နတ်စည်းစိမ်ကို ခံစားရပြန်၏။ လောဘလိုက်စား ငရဲထင်မှားထို့နောက် သုံးကျိပ် နှစ်ယောက်သော နတ်ပြိတ္တာမတို့နှင့်လည်း မရောင့်ရဲနိုင် ပြန်သဖြင့် ထိုမှတဖန် သွားပြန်သော် သမုဒ္ဒရာအလယ်၌ တံတိုင်းကြီးဖြင့် ခြံရံကာ တံခါးလေးခု ရှိသော ဥဿဒရက် ငရဲသို့ရောက်ပြန်၏၊ မိတ္တဝိန္ဒကသည် ထိုငရဲကို အကုသိုလ် ဒုစရိုက်အားကြီးသူဖြစ်၍ တန်ဆာဆင်လျက် ပျော်မွေ့ဘွယ်ကောင်းသော မြို့ကြီးသဖွယ်ထင် လာသတတ်။ ထိုအခါ မိတ္တဝိန္ဒကသည် ဤမြို့ကြီးထဲသို့ ဝင်သွားလျှင် ငါမုချစင်စစ် မင်းဖြစ်လိမ့်မည် အထင်နှင့် ဝင်သွားလေရာ ခေါင်းပေါ်၌ သင်တုန်းစက်ကို ရွက်၍ ကယ်ပါယူပါ တစာစာနှင့် ခံနေရသော ငရဲသူ သတ္တဝါကို မြင်လေ၏။ အကုဖြစ်ထိုက် ငရဲနှစ်ခြိုက်ထိုအခါ မိတ္တဝိန္ဒကအား-သင်တုန်းစက်သည် ပဒုမာကြာပန်းကဲ့သို့ ထင်လာ၏၊ ရင်ပတ်၌ရှိသော အနှောင်အဖွဲ့သည် ရင်လွှမ်းတန်ဆာကဲ့သို့ ထင်လာ၏၊ ဦးခေါင်းမှ စီးဆင်းသော သွေးသည် စန္ဒကူးနံ့သာပျောင်းကဲ့သို့ ထင်လာ၏၊ ငိုကြွေးအော်ဟစ်သော အသံသည် သီချင်းသံကဲ့သို့ ထင်လာ၏။ မိတ္တဝိန္ဒကသည် ငရဲသူသတ္တဝါ အနီးသို့ကပ်၍ “အို- ယောက်ျား... သင်ကား အလွန်လှပတင့်တယ်သော ပဒုမာ ကြာပန်းကို ပန်ဆင်ရ၏၊ ထိုကြာပန်းကို ငါ့အားပေးပါလော့”ဟုပြော၏၊ “အချင်း... ဤဝတ္ထုကား ကြာပန်း မဟုတ်ပါ၊ သင်တုန်းစက်ဖြစ်ပါသည်”ဟု ပြော၏၊ ယောက်ျား... ငါ့အား မပေးလို၍ ပြောပါသလော”ဟု မေးပြန်၏။ ပဒုမာထင်ကြိုက် ငရဲဆိုက်ထိုအခါ ငရဲသတ္တဝါသည် ငါ၏ကံကုန်သည်ဖြစ်လတံ့၊ ဤသူလည်းငါကဲ့သို့ မိခင်ကို သတ်ပုတ်ညှဉ်းဆဲ၍ လာသူဖြစ်လတ္တံ့၊ ငါပေးမည်ဟု ကြံစည်လျက် “အချင်း...လာလော့၊ ပဒုမာ ကြာပန်းကို ယူလော့”ဟုဆို၍ မိမိခေါင်းပေါ်မှ သင်တုန်းစက်ကို ယူကာ မိတ္တဝိန္ဒက ခေါင်းပေါ်သို့ ပစ်ချလိုက်၏၊ မိတ္တဝိန္ဒကလည်း ခေါင်းပေါ်သို့ရောက်မှ သင်တုန်းစက် မှန်းသိလေ၏၊ အလွန်ဆင်းရဲဝေဒနာကို ခံစားရသဖြင့် “သင်၏သင်တုန်းစက်ကို ပြန်ယူပါ၊ ပြန်ယူပါ”ဟု ငိုကြွေးအော်ဟစ်၏၊ ငရဲသူသတ္တဝါလည်း ကွယ်လေ၏။ အကုကံကြွေး နတ်ကိုမေးထိုအခါ ဘုရားအလောင်းသည် ရုက္ခစိုးနတ်ဖြစ်၍ အခြံအရံဖြင့် ဥဿဒရက် ငရဲသို့ လှည့်လည် ကြည့်ရှုလတ်သော် မိတ္တဝိန္ဒကထံသို့ ရောက်လေ၏၊ မိတ္တဝိန္ဒကမြင်လျှင်– “အရှင်နတ်မင်း... ဤမြို့ကား တံခါး လေးခု ရှိ၏၊ သံဖြင့်ပြုလုပ်အပ်သော မြဲမြံခိုင်ခံ့သော တံတိုင်းရှိ၏၊ အကျွန်ုပ်ကို အတွင်း၌ထားလျက် ပတ်ပတ်လည် တံတိုင်းဖြင့် ကာရံပိတ်ဆို့ ဘိ၏၊ “အကျွန်ုပ်သည် အဘယ်မကောင်းမှုကံကို ပြုခဲ့ဘူးပါသနည်း”။ “အလုံးစုံသော တံခါးတို့ကို ပိတ်၍ထားအပ်သော ငှက်ကဲ့သို့ အကျွန်ုပ်ကို ပိတ်၍ထားအပ်၏၊ အပ်သည် အဘယ် မကောင်းမှု ကံကြောင့် သင်တုန်းစက်ငရဲ၌ ခံရပါသနည်း”— ဟု ရုက္ခစိုးနတ်အား မိမိမကောင်းမှုကံကို မေးလေ၏။ မိဘနှိပ်စက် ကံကြွေးတွက်ထိုအခါ မိတ္တဝိန္ဒက ခံစားနေရသော အဖြစ်ကိုမြင်သဖြင့် ရုက္ခစိုးနတ်သည်— “အချင်း-မိတ္တဝိန္ဒက... သင်ကား တသိန်း နှစ်သောင်းသော ဥစ္စာတို့ကိုရ၍ အစဉ်သနား စောင့်ရှောက်သော ဆွေမျိုးတို့စကားကို နားမထောင်မခဲ့လေ”။ “လှေကို စုန်စေနိုင်၍ ရတနာတို့၏ တည်ရာ အောင်မြင်ပြီးစီးသူ နည်းပါးလှသော သမုဒ္ဒရာသို့ သွားခဲ့၏၊ လေးယောက်သော နတ်ပြိတ္တာတို့ကို ရခဲ့၏၊ ထိုမှတဖန် ရှစ်ယောက်သော နတ်ပြိတ္တာမ၊ တကျိပ်ခြောက်ယောက်သော နတ်ပြိတ္တာမ၊ သုံးကျိပ်နှစ်ယောက်သော နတ်ပြိတ္တာမတို့ကို ရခဲ့၏”၊ “အလွန် အလိုရမ္မက်ကြီးလှသော သင်သည် အမိကို သတ်ပုတ်ညှဉ်းဆဲခဲ့သော အကုသိုလ်ကံကြောင့် သင်တုန်းစက်သို့ ရောက်ရ၏၊ အလိုရမ္မက်နှိပ်စက်သော သင်၏ ဦးခေါင်းထက်၌ သင်တုန်းစက်သည် လည်ဘိ၏”။ လောဘတပ်စွဲ ပါယ်ငရဲ“အထက်၌ ကျယ်ဝန်း၍ ပြည့်နိုင်ခဲသော အလိုဆိုး၏ နိုင်ငံသို့ လိုက်သော ထိုတဏှာကို အဖန်ဖန် တပ်စွန်းကုန်သော သူတို့သည် သင်တုန်းစက်ကို ဆောင်ရကုန်၏။” “သင်ကား များစွာသောဥစ္စာကို စွန့်လွှတ်၍ လမ်းခရီးကို မဆင်ခြင်ဘဲသွားဘိ၏၊ လမ်းခရီးကို မဆင်ခြင်ဘဲ သွားကုန်သောသူတို့သည် သင်တုန်း စက်ကိုဆောင်ရကုန်၏” “အမှုကိစ္စကို ဆင်ခြင်ရာ၏၊ ပြန့်ပြောသော စည်းစိမ်ဥစ္စာကို ဆင်ခြင်ရာ၏၊ အကျိုးမဲ့နှင့်စပ် သောအလိုကို မမှီဝဲရာ၊ အစဉ်သနား စောင့်ရှောက်သော မိဘတို့စကားကို နားထောင်ရာ၏၊ ဤသို့ သဘောရှိသူကို သင်တုန်းစက်သည်မနှိပ်စက်ရာ”- ဟု မိတ္တဝိန္ဒကအား ပြုလုပ်ခဲ့သော မကောင်းမှုကံကို ရှင်းလင်း၍ ပြောကြားလေ၏။ ငရဲသက်များ နတ်မေးကြားမိတ္တဝိန္ဒကလည်း ရုက္ခစိုးနတ်စကားကို ကြားလျှင်– “အို-နတ်မင်း...သင်တုန်းစက်သည် ဘယ်မျှလောက်ကြာအောင် အကျွန်ုပ်ဦးခေါင်း၌ တည်လိမ့်မည်နည်း၊ အဘယ်မျှလောက်သော နှစ်အထောင်တို့ပတ်လုံး တည်လိမ့်မည်နည်း၊ အကျွန်ုပ်အား ထိုအကြောင်းကို ပြောကြားပါ”_ ဟု ရုက္ခစိုးနတ်အား နှစ်ကာလ အပိုင်း အခြားကိုမေးပြန်၏။ ကံကြွေးရှိ သမျှ ခံစားရထိုအခါ မိတ္တဝိန္ဒကသည် ခံစားရသော ငရဲသက်ကိုမေးသဖြင့်ရုက္ခစိုးနတ်သည်– “အို-မိတ္တဝိန္ဒက... ငါ၏စကားကိုနားထောင်ပါ၊ သင်သည် အလွန်ကြမ်းကြုတ်သော အမှုကို ပြုခဲ့မိသောကြောင့် အတိုင်းအရှည် မရှိသော ကာလပတ်လုံး ကြီးစွာသောဆင်းရဲကို အောက်မေ့ရလတံ့၊ သင်၏ဦးခေါင်း၌ သင်တုန်းစက်သည် အိုးထိန်းစက်ကဲ့သို့ လည်ဘိ၏၊ သင်တုန်းစက်ကို သင်သည် အကုသိုလ်ကံ မကုန်သေးသရွှေ့ အသက်ရှင်စဉ် မလွတ်စေနိုင်လတ္တံ့”— ဟုပြောဆိုပြီးလျှင် မိမိနေရာသို့သွားလေ၏၊ မိတ္တဝိန္ဒကလည်း ဆင်းရဲကြီးစွာ ခံစား၍သာ နေရ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်— ရဟန်းတို့... *ထိုအခါ မိတ္တဝိန္ဒကသည်-ယခုအခါ အဆုံးအမ ခက်သောရဟန်း။ *ရုက္ခစိုးနတ်သည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) ပြုရန်အမှု၊ ဥစ္စာစု၊ ထောက်မှုဆင်ခြင်ရာ၊ (၂) မိဘစကား၊ စဉ်သနား၊ ထောင်နားစိုက်ကြရာ၊ (၃) အကျိုးမဲ့ရိုး၊ အလိုဆိုး၊ မတိုးမလိုက်ရာ။ (၄) သင်တုန်းစက်ရ၊ ဝိန္ဒက၊ မှတ်ကြထုံးတဖြာ၊ စတုဒွါရဇာတ်ပြီး၏ ၄၄၀။ ကဏှဒီပါယနဇာတ် ဆုပေးလာသော သိကြားမင်းအား ပစ္စည်းရေး နှင့်စပ်သောဆုကို မတောင်းဘဲ ကိုယ်ကျင့်ကောင်း မွန်ရေးနှင့် စပ်သောဆုကိုသာ တောင်းသော ကဏှရသေ့အကြောင်း ။ ပစ္စုပ္ပန်ဝတ္ထုပြုံးတော်မူမှ လျှောက်ထားပြုနတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကပိလဝတ်ပြည်နိဂြောဓာရုံ ကျောင်း၌ သီတင်းသုံးတော်မူစဉ် သံဃာအပေါင်း ခြံရံလျက် စင်္ကြံသွားတော်မူလတ်သော် မထင်ရှားသောအရပ်၌ ပြုံးတော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် သိတော်မူလျှင်– “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... အဘယ် အကြောင်းကြောင့် ပြုံးတော်မူသနည်း၊ ပြုံးတော်မူခြင်း အကြောင်း ရင်းကိုမိန့်တော်မူပါ”ဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားသည် “ချစ်သား အာနန္ဒာ-ဤအရပ်တွင် ငါဘုရားသည် ကဏှရသေ့ဖြစ်ခဲ့ဘူးကြောင်းကို”မိန့်တော်မူပြီးလျှင် အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ သားတယောက် ဖွားလတ် စည်းစိမ်အပ်လွန်လေ ပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားတယောက်သည် သားသမီးမရှိသဖြင့် သီလဆောက်တည်လျက် သားဆုကို တောင်းလေ၏၊ ထိုအခါဘုရားအလောင်းသည် ပုဏ္ဏေးမဝမ်း၌ဖြစ်၍ ဖွားမြင်သောအခါ မည်းနက်သောအဆင်းရှိသောကြောင့် ကဏှ ဟူသော အမည်ကို မှည့်ကြကုန်၏။ အသက် တဆယ့်ခြောက်နှစ် အရွယ်ရှိသောအခါ တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် သင့်လျော်သောအမျိုးသမီးနှင့် အိမ်ထောင်ပြုလေ၏၊ အမိအဘ သေလွန်သောအခါ စည်းစိမ်ဥစ္စာအလုံးစုံ အုပ်ချုပ်စီမံရ၏။ လူဘောင်ပြစ်တွေ့ တောပျော်မွေ့တနေ့သ၌ ကဏှ သတို့သားသည် ဥစ္စာ စာရင်းကို ကြည့်ရှုလတ်သော် ဥစ္စာရှင်တို့ကား ကွယ်လွန်ကြပြီ၊ ဥစ္စာတို့သာ ကျန်ရစ်ကုန်၏၊ မည်သူမျှ ယူမသွားချေ၊ ငါသည်ယူ၍ သွားအံ့ဟု ကြံစည်ပြီးလျှင် ခုနစ်ရက်တိုင်အောင် အလှူကြီးပေးလေ၏၊ ကျန်ရှိသော ဥစ္စာတို့ကိုမြင်လျှင် ဘဏ္ဍာတိုက်တံခါးတို့ကို ဖွင့်၍ အလိုရှိသူတွေယူကြဟု လှူဒါန်း စွန့်ကြဲပြီးလျှင် ဟိမဝန္တာသို့ဝင်ကာ ရသေ့ရဟန်းပြု၍ မွေ့လျော်ဘွယ် ရှိသောအရပ်ကို ရှာဖွေရာ ဤအရပ်သို့ရောက်၍ ဣန္ဒဝရုဏီ မည်သော သစ်ပင်ကို ဆွမ်းခံရွာပြု၍ အဓိဋ္ဌာန်ပြုပြီးလျှင် သစ်ပင်ရင်း၌နေ၏။ ဓုတင်ဆောင်ဘွယ် ရောင့်ရဲလွယ်အရညကင်ဓုတင်, ရုက္ခမူဓုတင်, အဗ္ဘောကာသိကဓုတင်, နေသဇ်ဓုတင်တို့ကို ဆောက်တည်၏၊ သလေးမုယောဆွမ်းတို့ကိုမစား၊ သစ်သီးဆွမ်းကို တနေ့တကြိမ်သာစား၍ ဧကာသနိက်ဓုတင်ဆောက်တည်၏၊ အလွန်အလိုနည်း၏၊ မကြာမြင့်မီလျှင် ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် ဈာန်ကစားကာနေ၏၊ အရပ်တပါးသို့မသွားလေ၊ သီးချိန်၌ အသီးကို စား၏၊ ပွင့်ချိန်၌ အပွင့်ကိုစား၏၊ အသီးအပွင့် မရှိသော အခါ အရွက်ကိုစား၏၊ အရွက်မရှိသောအခါ အပွေး အခေါက်ကို စား၏၊ မြတ်သော ရောင့်ရဲခြင်းဖြင့် ဤအရပ်တွင် ကြာမြင့်စွာ နေခဲ့ဘူး၏။ တန်ခိုးစွမ်းဟူသိကြားပူထိုအခါ ကဏှရသေ့၏ သီလ တန်ခိုးကြောင့် သိကြားမင်း၏ နေရာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် ပူသော အခြင်းအရာကို ပြလေ၏၊ ပူသောအခြင်းအရာတို့ကား– (၁) သိကြားသက်ကုန်သဖြင့်၎င်း, (၂) ကုသိုလ်ကောင်းမှုကုန်သဖြင့်၎င်း, (၃) အာနုဘော်ကြီးသူတို့ သိကြားအရာကိုတောင့်တသဖြင့်၎င်း, (၄) ရဟန်းပုဏ္ဏားတို့၏ သီလတန်ခိုးဖြင့်၎င်း, (၅) ဒါနတန်ခိုးဖြင့်၎င်း, ပူသောအခြင်းအရာကို ပြလေ့ရှိသတတ်။ ရသေ့ သီလစွမ်း သိကြားစမ်းသိကြားမင်းသည် ကြည့်ရှု ဆင်ခြင်လတ်သော် ကဏှရသေ့၏ မြတ်သော ရောင့်ရဲခြင်းကို မြင်လျှင်ကြီးသော တန်ခိုးအာနုဘော်ဖြင့် ဆင်းသက်ကာ ကဏှရသေ့ သစ်သီး ယူသောသစ်ပင်ရင်း နောက်အဖို့၌ရပ်လျက်– “စင်စစ် မည်းနက်သော အဆင်းရှိသော ဤ ယောက်ျားကား မည်းနက်သော မြေအရပ်၌ မည်းနက်သောအဆင်းရှိသော သစ်သီးအစာကို စားဘိ၏၊ ငါ၏စိတ်သည် မချစ်မနှစ်သက်ပါ”— ဟု ရသေ့အား ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ဆိုလျက် အမျက်ထွက်, မထွက် စုံစမ်းလိုသဖြင့် ပြောဆိုလေ၏။ သီလစင်ကြယ်နှစ်သက်ဘွယ်ထိုအခါ ကဏှရသေ့သည် အဘယ်သူသည် ပြောဆိုသနည်းဟု ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုလတ်သော် သိကြားမင်းမှန်းသိ၍ မကြည့်ရှုဘဲ– “သိကြားမင်း...အဆင်း အရောင်အားဖြင့် မည်းနက်ခြင်းသည် မည်းနက်သည်မမည်၊ စင်စစ်အားဖြင့် ကိုယ်တွင်း၌ သီလသမာဓိအနှစ်ပြည့်သော သူသည် ဗြာဟ္မဏမည်၏၊ ကိုယ်တွင်း၌ မကောင်းမှုရှိသောသူသည် စင်စစ်အားဖြင့် မည်းနက်၏” ဟု သိကြားမင်းအား ပြောဆိုပြီးလျှင် သတ္တဝါတို့ကို မည်းနက်အောင် ပြုတတ်သော ကံအပြားကို အကျယ်ချဲ့၍ သီလ၏ဂုဏ်ကျေးဇူးကိုချီးကျူးလျက် ကောင်းကင်၌ လပြည့်ဝန်း ထင်စေသကဲ့သို့ တရားဟောလေ၏။ ရသေ့ကြည့်ညို ဆုပေးလိုသိကြားမင်းလည်း တရားတော်ကိုနာရလျှင် အလွန် နှစ်သက်ဝမ်းမြောက် “ရှင်ရသေ့...ရှင်ရသေ့သည်။ ထိုစကားကို ကောင်းစွာ မိန့်သည်ရှိသော် လျောက်ပတ်သော စကားကို ကောင်းစွာမိန့်ဆိုသည်ရှိသော်အရှင်သည် အမှတ်မရှိ စိတ်၌အလိုရှိသောဆုကိုပေးပါအံ့”— ဟု ရသေ့အား လျှောက်ထားလေ၏။ ရသေ့လိုကြောင်း ဆုမွန်တောင်းရသေ့သည် သိကြားမင်းစကားကိုကြားလျှင် သိကြားမင်းက ကျေးဇူးမဲ့ကိုဆိုသော်လည်းအမျက်မထွက်သောကြောင့် ကြည်ညို၍ ဆုပေးလို၏၊ ထိုသိကြားမင်းသည် ငါ့ကို သိကြား စည်းစိမ် ဗြဟ္မာမင်းစည်းစိမ်ကိုလို၍ မြတ်သောအကျင့်ကို ကျင့်သည်ဟု ထင်မှတ်ရာ၏၊ ယုံမှားသံသယကင်းစေခြင်းငှါ ဆုကိုတောင်းသင့်၏ဟု ကြံစည်ပြီးလျှင်– “အလုံးစုံသော သတ္တဝါတို့ကို အစိုးရသော သိကြားမင်း...သင်သည် ငါ့အား အကယ်၍ဆုပေး ငြားအံ့၊ ငါသည် အလွန်အမျက် မထွက်သော အဖြစ်၊ အလွန်မပြစ်မှားသောအဖြစ်၊ အလွန်တပ်စွန်း မရှိသောအဖြစ်၊ အလွန်ချစ်ခင်ခြင်းမရှိသောအဖြစ်၊ ဤလေးပါးသောဆုတို့ကို အလိုရှိ၏၊ ဤလေးပါးသောဆုကိုပေးပါ”— ဟု သိကြားမင်းထံ ဆုလေးပါးကို တောင်းလေ၏။ သည်းခံခြင်းမှု အမေးပြုရသေ့သည် ဤဆုတို့ကို သိကြားမင်းထံမှာ တောင်းသဖြင့် မရအပ်သည်ကိုသိ၏၊ သို့သော်လည်း ယုံမှားသံသယကင်း စေခြင်းငှါ တောင်းခြင်းဖြစ်၏၊ ထိုအခါသိကြားမင်းသည်– “အို-ရှင်ရသေ့...သင်သည် အမျက်ထွက်ခြင်း၌၎င်း, ပြစ်မှားခြင်း၌၎င်း, တပ်စွန်းခြင်း၌၎င်း, ချစ်ခင်ခြင်း၌၎င်း အဘယ်အပြစ်ကို မြင်သနည်း၊ အကျွန်ုပ်အမေးကို ဖြေကြားတော်မူပါ”— ဟု ရသေ့အား မေးမြန်းပြန်၏။ ခန္တီကျိုးသဘော ရသေ့ဟောထိုအခါ ရသေ့သည် သိကြားမင်းအား နာယူလော့ဟုပြောဆို၍– “သိကြားမင်း...သည်းမခံခြင်းကြောင့် ဖြစ်သော အမျက်ထွက်ခြင်းကား ရှေးဦးစွာအနည်းငယ်ဖြစ်၏၊ နောက်များစွာဖြစ်၏၊ အဆင့်ဆင့်ပွား၏၊ ကပ်ငြိ၏၊ များစွာသော ကိုယ်စိတ်ဆင်းရဲခြင်း ကိုဖြစ်စေ၏၊ ထို့ကြောင့် အမျက်ထွက်ခြင်းကို ငါမနှစ်သက်”။ “သိကြားမင်း... ပြစ်မှားခြင်း ဒေါသကား ကောဓကြောင့်ဖြစ်၏၊ ထိုဒေါသဖြင့်အမျက်ထွက်ပြီး၍ နောက် ပြစ်မှားသူအား ရုန့်ရင်းကြမ်းကြုတ်သော စကားကိုဆို၏၊ ထို့နောက် ကိုယ်လက်ဖြင့် ထိပါး၏၊ ထို့နောက် လက်ဖြင့်ပုတ်ခတ်၏၊ ထို့နောက် တုတ် လှံကန်ဖြင့် ပုတ်ခတ်၏၊ ထို့နောက်ဓားလက်နက်ဖြင့် သတ်ဖြတ်၏၊ ထို့ကြောင့် ပြစ်မှားခြင်း ဒေါသကို ငါမနှစ်သက်”။ လောဘတဏှာ စွန်ပစ်ခွါ“သိကြားမင်း-တပ်စွန်းခြင်းလောဘကား လုယက်ခြင်း၊ လက်နက်ဖြင့် အနိုင်အထက်ယူခြင်း၊ လှည့်စား၍ယူခြင်းတို့မှာ သူ့စည်းစိမ်ကို တပ်စွန်းခြင်း လောဘရှိသူတို့၌ ထင်ရှားကုန်၏၊ ထို့ကြောင့် တပ်စွန်းခြင်းလောဘကို ငါမနှစ်သက်”။ “သိကြားမင်း...သတ္တဝါသင်္ခါရတို့၌ စေးကပ် ငြိတွယ်တတ်သော တဏှာစေးဖြင့် စေးကပ်ငြိတွယ်သော စိတ်ကြောင့်ဖြစ်သော အဘိဇ္ဈာကာယဂန္ထ စသော များစွာသော အကုသိုလ်တရားတို့သည် သတ္တဝါ သင်္ခါရ အာရုံတို့၌ အဖန်ဖန် ဖြစ်တတ်ကုန်၏၊ သတ္တဝါတို့ကို ပြင်းစွာပူပန်စေတတ်ကုန်၏၊ ထို့ကြောင့် အဘိဇ္ဈာကာယဂန္ထ စသောအကုသိုလ် တရားတို့ကို ငါမနှစ်သက်”— ဟု သိကြားမင်းအား ပြဿနာကို ဖြေဆိုလေ၏။ ရောဂါကင်းမှု ဆုတောင်းပြုသိကြားမင်းလည်း ဖြေဆိုသောစကားကိုကြားရလျှင် အလွန် နှစ်သက် ကြည်ညိုသဖြင့် “အရှင်ရသေ့အလိုရှိရာ တပါးသောဆုကို တောင်းပါဦးလော” ဟု လျှောက်ထားပြန်၏ ထိုအခါ ရသေ့သည်– “သိကြားမင်း... သင်သည် ငါ့အားဆုကို အကယ်၍ ပေးလိုသည်ဖြစ်အံ့၊ တော၌ တယောက် ထီးတည်း အမြဲနေလေ့ရှိသော ငါ့အား မြတ်သော အကျင့်၏ အန္တရာယ်ကို ပြုတတ်သော ပြင်းထန်သော အနာရောဂါတို့သည် မနှိပ်စက်စေကုန်သတည်း၊ ဤအန္တရာယ်ကင်းသော ဆုကို ပေးပါလော့”— ဟု သိကြားမင်းထံ၌ တောင်းပြန်၏။ မိမိအကြောင်းပြု အကု-ပယ်မှုထိုအခါ သိကြားမင်းသည် ဤကဏှရသေ့ကား ဆုကိုယူသည်ရှိသော်ပစ္စည်းလေးပါးနှင့် စပ်သောဆုကို မယူပေ၊ ခြိုးခြံသောအကျင့်နှင့် စပ်သော ဆုကိုသာ ယူပေ၏ ဟု အတိုင်းထက်အလွန် ကြည်ညိုပြန်သဖြင့် “အရှင်ရသေ့ ... အလိုရှိရာတပါးသော ဆုကိုလည်း တောင်းပါဦးလော” ဟု လျှောက်ထားပြန်၏၊ ထိုအခါရသေ့သည်– “သိကြားမင်း...သင်သည်ငါ့အားဆု ကိုအကယ်၍ပေးလိုသည်ဖြစ်အံ့၊ ငါ့အကြောင်းကြောင့် တစုံတယောက်သော သတ္တဝါအား တရံ တခါမျှ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရတို့၌ ဒုစရိုက်တရားတို့သည် မပွားများ စေကုန်သတည်း၊ ဤ ငါ့ အကြောင်းကြောင့် တစုံတယောက်သော သတ္တဝါအား ဒုစရိုက် မပွားများစေမည့် ဆုကို ပေးပါလော့”— ဟု တောင်းပြန်၏၊ ရသေ့သည် သိကြားမင်းထံ၌ဆုကို ယူခြင်းကား ဆုမပေးနိုင်ဟု သိသော်လည်း တရားဟောလို ဆုံးမလိုသဖြင့် ယူခြင်းသာဖြစ်၏။ ရသေ့ ကျင့်သမျှ ကြည်ညိုလှထို့နောက် သိကြားမင်းသည် ရသေ့ကြီး နေသော သစ်ပင်ကို ချိုမြိန်သောအသီးဖြင့် ပြည့်စုံစေ၍ ရှိခိုးကန်တော့ပြီးလျှင် မိမိနေရာ တာဝတိံသာ နတ်ပြည်သို့သွားလေ၏။ ကဏှရသေ့လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်– ရဟန်းတို့... *ထိုအခါ သိကြားမင်းသည်-ယခုအခါ အနုရုဒ္ဓါ။ *ကဏှရသေ့သည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) ရောင့်ရဲခြိုးခြံ၊ အကျင့်မှန်၊ နိဗ္ဗာန်ရောက်ကြောင်းသာ။ (၂) လက်ပေါ်ကျလင့်၊ သစ်သီးဖြင့်၊ ကျင့်လျက်ရောင့်ရဲရှာ။ (၃) ကဏှရသေ့၊ ထုံးဓလေ့၊ မယူကြရာ။ ကဏှ ဒီပါယနဇာတ်ပြီး၏။ *** ကိုးကား
|
Portal di Ensiklopedia Dunia