စန္ဒကိန္နရီဇာတ်

ပကိဏ္ဏကနိပါတ် -၄၈၅-စန္ဒကိန္နရီဇာတ် စန္ဒတောင်တွင် တူနှစ်ဖေါ်ရွှင်ပျော်နေစဉ် ကိန္နရီဖိုအား မြှားမှန်၍ မေ့မြောနေသောအခါ ကိန္နရာမ၏ သီလအစွမ်း အဓိဋ္ဌာန်မှဖြင့် ချမ်းသာမှု ရအောင် ဆောင်ရွက်သော စန္ဒကိန္နရီမအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားတွေ့မြင် ငိုပွဲဆင်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်သို့ကြွ၍ ဆွမ်းဘုဉ်းပေးပြီးလျှင် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကို သပိတ်တော်ယူစေ၍ အဂ္ဂသာဝကနှစ်ပါးတို့ကိုခေါ်ကာ ရာဟုလာမယ်တော်၏ နေရာအဆောင်တော်သို့ ကြွတော်မူ၏။

ထိုအခါ ရာဟုလာမယ်တော်သည် လေးသောင်းသော ကချေသည်မတို့နှင့် တစ်ထောင်ကိုးကျိပ်သော မင်းသမီးတို့ခြံရံကာနေ၏။ မြတ်စွာဘုရားကြွလာသည်ကိုသိ၍ အလုံးစုံသောမိန်းမတို့ကို ဖန်ရည်စွန်းသောအဝတ်ကို ဝတ်စေ၏။ မြတ်စွာဘုရားသည် ကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူ၏။ ထိုအခါ ရာဟုလာမယ်တော်အမှူးရှိသော အလုံးစုံသောမိန်းမတို့သည် မြတ်စွာဘုရားကို ဖူးမြင်ရလျှင် တစ်ပြိုင်နက် ငိုကြွေးကြကုန်၏။

သားတော်ကျင့်မှ အတုပြု

ခမည်းတော်မင်းကြီးသည် မြတ်စွာဘုရားအား “အရှင်ဘုရား... အကျွန်ုပ်ချွေးမတော်သည် အရှင်ဘုရားတို့ ဖန်ရည်စွန်းသော အဝတ်ကိုဝတ်သည်ဟုကြားလျှင် ဖန်ရည်စွန်းသောအဝတ်ကိုဝတ်၏၊ ပန်းပန်ခြင်းစသည်ကို စွန့်ပယ်သည်ဟုကြားလျှင် ပန်းပန်ခြင်းစသည်ကို စွန့်ပယ်၏၊ မြေ၌အိပ်သည်ဟုကြားလျှင် မြေ၌အိပ်၏၊ အရှင်ဘုရားတို့ ရဟန်းပြုသောကာလ၌ မူဆိုးမဖြစ်၍ မင်းတစ်ပါးတို့လွှတ်အပ်သော လက်ဆောင်ပဏ္ဏာကိုမယူ၊ မတွန့်သောစိတ်ရှိ၏”စသည်ဖြင့် ရာဟုလာမယ်တော်၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုလျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် “ခမည်တော်မင်းကြီး... ရာဟုလာမယ်တော်သည် ငါ၏ အဆုံးစွန်သောဘဝ၌ ချစ်ခြင်း၊ တွန့်တိုသောစိတ်မရှိခြင်း၊ သူတစ်ပါးတို့ဆောင်ယူခြင်းငှါ မတတ်နိုင်ခြင်းတို့ကားအံ့ဘွယ်မရှိသေး၊ ရှေးအခါ တိရစ္ဆာန်မျိုး၌ဖြစ်၍လည်း ငါ၌ ချစ်ခြင်း၊ တွန့်တိုသောစိတ်မရှိခြင်း၊ သူတစ်ပါးတို့ဆောင်ယူခြင်းငှါ မတတ်နိုင်ခြင်းတို့သည် ဖြစ်ခဲ့ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

ကိန္နရာမောင်နှံ ပျော်ရွှင်စံ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် ကိန္နရာမျိုး၌ဖြစ်၍ အမည်အားဖြင့် စန္ဒအမည်ရှိ၏၊ မယားကား စန္ဒာအမည်ရှိ၏၊ ထိုကိန္နရာဇနီးမောင်နှံတို့သည် စန္ဒမည်သော ရွှေတောင်၌နေကုန်၏။

ထိုအခါ ဗာရာဏသီမင်းသည် တိုင်းပြည်ကိုအမတ်တို့အား အပ်နှင်း၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ပြီးလျှင် လက်နက်ငါးပါးကိုကိုင်စွဲလျက် တစ်ယောက်တည်းသာလျှင် ဟိမဝန္တာသို့ဝင်၏။ ထိုမင်းသည် အမဲသားကိုရှာဖွေစားလျက် မြစ်ငယ်တစ်ခုသို့လျှောက်ကာ မြစ်ညာသို့တက်၏။

မောင်မယ်တူနွှဲ ပျော်ရွှင်ပွဲ

စန္ဒတောင်၌နေသော ကိန္နရာမောင်နှံတို့သည် မိုးတွင်းအချိန် တောင်အောက်သို့မဆင်းသက်ဘဲ တောင်ပေါ်၌သာနေကုန်၏၊ နွေအခါ တောင်ပေါ်မှဆင်းသက်ကြကုန်၏။ စန္ဒကိန္နရာသည် စန္ဒကိန္နရီမနှင့်အတူ နံ့သာတို့ကိုလိမ်းကျံကာ ပန်းဝတ်မှုံတို့ကိုစား၍ ပန်းပုဆိုးတို့ကိုဝတ်ဆင်ပြီးလျှင် သာယာစွာသီချင်းသီဆိုလျက် နွယ်ပုခက်တို့ကိုစီး၍ ကစားကြကုန်၏။ တစ်ဖန်သွားကြပြန်ရာ မြစ်ငယ်၏မြစ်ကွေ့တစ်ခုသို့ရောက်လျှင် ရေ၌ပန်းတို့ကိုကြဲ၍ ရေကစားပြီးလျှင် ငွေပြားအဆင်းရှိသော သဲသောင်ပြင်၌ ပန်းမွှေရာခင်းလျက် ကိန္နရာဖိုက ဝါးလုံးကိုတီးကာ သီချင်းဆို၏၊ ကိန္နရာမက ကလေ၏။

တူနှစ်ဖေါ်ချစ်ချင်း မြှားနှင့်ခွင်း

ထိုအခါ ဗာရာဏသီမင်းသည် ထိုကိန္နရာဖိုမတို့အသံကိုကြားလျှင် ခြေသံကိုမကြားစေဘဲ အသာသွားလျက် ခြုံတစ်ခုတွင်ပုန်းအောင်းကာ ကိန္နရာတို့ကိုမြင်လျှင် ကိန္နရီမ၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ ကိန္နရာဖိုကိုပစ်သတ်ပြီးလျှင် ဤကိန္နရီမကို မယားပြုမည်ဟုကြံစည်လျက် လေးကိုတင်၍ ဆိပ်လူးမြှားဖြင့် ကိန္နရာဖိုကိုပစ်လေ၏။

ကိန္နရာမြှားမှန် သွေးလိမ်းကျံ

ထိုအခါ စန္ဒကိန္နရာသည် မြှားဒဏ်ဖြင့်လဲကာ ဆင်းရဲဝေဒနာသို့ရောက်သည်ဖြစ်၍—

“အို-ရှင်မစန္ဒာ... သွေးတွေလိမ်းကျံသဖြင့် ဤငါ၏အသက်သည် သေလိမ့်ယောင်တကား၊ ယနေ့ ငါ၏အသက်ကို စွန့်ရလိမ့်မည် ... အောက်မေ့၏၊ ငါ၏အသက်တို့သည် ချုပ်ငြိမ်းကုန်ယောင်တကား”

“ရှင်မစန္ဒာ... ငါ၏အသက်သည် ဆုတ်နစ်ခဲ့၏၊ ငါ့အားဆင်းရဲလှ၏၊ နှလုံးသည်ပူလောင်လှ၏၊ ပင်ပန်းလှ၏၊ ထိုသို့ဆင်းရဲခြင်းကား-ငါနှင့်ကွဲကွာခြင်းကြောင့် စိုးရိမ်လတံ့သော သင်ရှင်မစန္ဒာကြောင့်ဖြစ်ရ၏၊ အခြားကြောင့်မဟုတ်”-

မြှားဒဏ်မှန်ချက် မယားတွက်

“ရှင်မစန္ဒာ... ကျောက်ပူ၌ ပစ်ချအပ်သော မြက်ပင်ကျူပင်ကဲ့သို့ ညှိုးခြောက်ရလတံ့၊ ရေမရှိသောမြစ်ကဲ့သို့ သွေ့ခြောက်ရလတံ့၊ ထိုသို့ဆင်းရဲခြင်းကား ငါနှင့်ကွဲကွာခြင်းကြောင့် စိုးရိမ်လတံ့သော သင်ရှင်မစန္ဒာကြောင့်ဖြစ်ရ၏၊ အခြားကြောင့်မဟုတ်”

“ရှင်မစန္ဒာ... တောင်ခြေရင်းရှိ ရေအိုင်၌ အလျဉ်မပြတ်ရွာသွန်းသောမိုးကဲ့သို့ ငါ့အားမျက်ရည်တို့သည် ယိုစီးကုန်၏၊ ထိုသို့ဆင်းရဲခြင်းကား ငါနှင့်ကွဲကွာခြင်းကြောင့် စိုးရိမ်လတံ့သော သင်ရှင်မစန္ဒာကြောင့်ဖြစ်ရ၏၊ အခြားကြောင့်မဟုတ်” ဟု သနားကြင်နာငိုကြွေးမြည်တမ်းကာ ပန်းမွှေ့ရာတွင်လျောင်းလျက်ပင် သတိလစ်၍ လူးလည်းလေ၏။ မင်းကြီးလည်း ရပ်လျက်သာနေ၏။

ကိန္နရာလူးလဲ မယားတွဲ

စန္ဒကိန္နရီသည် မွေ့လျော်ကာမေ့လျော့နေသဖြင့် ချစ်လင်ကိန္နရာအား မြှားမှန်သည်ကိုမသိလေ၊ မိန်းမောသဖြင့်လူးလည်း၍ အိပ်သည်ကိုမြင်ကာမှချစ်လင်အား အဘယ်သို့ဖြစ်လေသနည်းဟု စုံစမ်းလတ်သော် မြှားစူးသောအမာဝမှ ယိုထွက်နေသောသွေးတို့ကိုမြင်၍ လင်၌ဖြစ်သော စိုးရိမ်ပူဆွေးခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ သည်းထန်စွာသောအသံဖြင့် လှိုက်လှိုက်လှဲလှဲ ငိုကြွေးမြည်တမ်းလေ၏။ ထိုအခါမင်းကြီးသည် ကိန္နရာဖို သေသည်ဖြစ်လိမ့်မည်ဟု ခြုံမှထွက်၍ ကိုယ်ကိုပြ၏။

ချစ်လင်သေကွဲ မင်းကျိန်ဆဲ

ကိန္နရီမလည်း ဗာရာဏသီမင်းကြီးကိုမြင်လျှင် “ဤသူခိုးသည် ငါ၏ချစ်လှစွာသောလင်ကို ပစ်သတ်သည်ဖြစ်လတံ့”ဟု ကြောက်ရွှံ့တုန်လှုပ်လျက် ပြေးသွား၍ တောင်ထိပ်ပေါ်ကနေပြီးလျှင်–

“ဟယ်-မင်းသား... သင်သည် ငါမူဆိုးမဖြစ်ရစ်အောင် ငါ၏ချစ်လင်ကို တောင်ခြေရင်း၌ပစ်သတ်ဘိ၏၊ ငါ၏ချစ်လင်သည် မြှားစူးသည်ဖြစ်၍ မြေ၌အိပ်ရ၏၊ ထို့ကြောင့်သင်သည် အလွန်ယုတ်မာလှ၏”-

“ဟယ်-မင်းသား... ကိန္နရာဖိုကို ရှုကြည့်သော ငါ၏စိတ်နှလုံးသည်စိုးရိမ်ခြင်းဖြစ်ရ၏၊ ထိုစိတ်နှလုံးစိုးရိမ်ခြင်းကို နင့်အမေသည်ရပါစေ”—

“ဟယ်-မင်းသား... ကိန္နရာဖိုကို ရှုကြည့်သော ငါ၏စိတ်နှလုံးသည် စိုးရိမ်ခြင်းဖြစ်ရ၏၊ ထိုစိတ်နှလုံးစိုးရိမ်ခြင်းကို နင့်မယားသည်ရပါစေ”—

“ဟယ်-မင်းသား... သင်သည် ငါ့ကိုအလိုရှိခြင်းကြောင့် အပြစ်မရှိသောကိန္နရာဖိုကို ပစ်သတ်ဘိ၏၊ သင်၏အမိသည် သားနှင့်လင်ကို မမြင်ရပါ”—

“ဟယ်-မင်းသား... သင်သည် ငါ့ကိုအလိုရှိခြင်းကြောင့် အပြစ်မရှိသောကိန္နရာဖိုကို ပစ်သတ်ဘိ၏၊ သင်၏မယားသည် သားနှင့်လင်ကို မမြင်ရပါစေ”—
ဟုအဖန်ဖန်ကျိန်ဆဲလေ၏။

ချစ်တင်းနှီးနှော မင်းသားပြော

ဗာရာဏသီမင်းသည် ကျိန်ဆဲနေသော ကိန္နရီမကို မိမိ၏အချစ်သဘောကိုနှီးနှောလိုသဖြင့်–

“အို-ရှင်မစန္ဒာ... သင်ကား တော၌ဖြစ်သော ကြည်းပန်၊ အောင်းမဲညိုပန်းနှင့်တူသော မျက်စိရှိ၏၊ မငိုပါလင့်မစိုးရိမ်ပါလင့်၊ သင်သည် မင်းမျိုး၌ နန်းတွင်းသူတို့ အကိုးကွယ်ခံရသော ငါ၏မယားဖြစ်ရလတံ့”—
ဟု ပြောဆိုနှစ်သိမ့်စေ၏။ ကိန္နရီမသည် မင်းကြီးစကားကိုကြားလျှင် လွန်စွာအမျက်ထွက်လျက်–

“ဟယ်-မင်းယုတ်... စင်စစ်ငါသည် သေတော့အံ့၊ သင်သည်ငါ့ကို ကြိုက်နှစ်သက်ခြင်းကြောင့် အပြစ်မရှိသော ငါ့လင်ကိန္နရာဖိုကို ပစ်သတ်ဘိ၏၊ ငါသည် သင်၏မယားဖြစ်လိမ့်မည်မဟုတ်”ဟုတင်းမာစွာ ခြင်္သေ့ဟောက်သကဲ့သို့ ပြောဆိုလေ၏။

ကိန္နရီဆွယ်မရ ပြန်သွားကြ

ထိုအခါ မင်းကြီးသည် ကိန္နရီမစကားကိုကြားလျှင် အလိုဆန္ဒမရှိတော့သဖြင့်-“ဟယ်-တိရစ္ဆာန်မ... နင်ကားအလွန်ကြောက်သောသဘောရှိ၏၊ အလွန်အသက်ကိုချစ်ခင်၏၊ ပန်းညိုရွက်တောင်ဇလပ်ရွက်တို့ကိုစားဘိ၏၊ သင်ကား ဟိမဝန္တာသို့သွားလေတော့၊ နင့်ကိုတစ်ပါးသောသားတို့သည် မွေ့လျော်ကြကုန်လတံ့”—

ဟု ပြောဆိုပြီးလျှင် ငဲ့ကွက်ခြင်းမရှိသည်ဖြစ်၍ သွားလေ၏။

ချစ်လင်ပွေ့ဖက် ငိုကြွေးလျက်

ထိုအခါ ကိန္နရာမသည် ဗာရာဏသီမင်းကြီးသွားသောအဖြစ်ကိုသိ၍ တောင်ထိပ်မှဆင်းသက်ပြီးလျှင် ချစ်လင်ကိန္နရာဖိုကိုပွေ့ပိုက်ကာ... တောင်ထိပ်သို့တင်၍ ဦးခေါင်းကို မိမိပေါင်ပေါ်၌ထားကာ အိပ်စေပြီးလျှင်–

“အို–ချစ်လင်စန္ဒကိန္နရာ... တော၊ တောင်၊ ချောက်၊ လိုဏ်ဂူတို့သည် ထိုအရပ်မှာပင် တည်ရှိကြကုန်၏၊ ထိုနေရာတို့၌ ချစ်လင်ကိုမမြင်ရသောငါသည် အဘယ်သို့ပြုရအံ့နည်း”–

“အို-ချစ်လင်... သားရဲတို့မပြတ်လေ့ကျက်ရာ သစ်ရွက်အခင်းတို့သည် မွေ့လျော်ဘွယ်ရှိကုန်၏၊ ထိုအခင်းတို့၌ ချစ်လင်ကိုမမြင်ရသော အသို့ပြုရအံ့နည်း”–

ချစ်လင်မတွေ့ မပျော်မွေ့

“အို-ချစ်လင်... သားရဲတို့မပြတ်လေ့ကျက်အပ်သော ပန်းအခင်းတို့သည် မွှေ့လျော်ဘွယ်ရှိကုန်၏၊ ထိုအခင်းတို့၌ ချစ်လင်ကိုမမြင်ရသောငါသည် အသို့ပြုရအံ့နည်း”–

“အို-ချစ်လင်... ကြည်လင်၍ပန်းတို့ဖြင့် ပြွမ်းသောအယဉ်ရှိသော တောတောင်မြစ်တို့သည် စီးဆင်းကုန်၏၊ ထိုမြစ်တို့၌ချစ်လင်ကိုမမြင်ရသောငါသည် အသို့ပြုရအံ့နည်း” –

“အို-ချစ်လင်... ပတ္တမြားညိုဖြင့်ပြီးလျက်ရှုချင်စဘွယ်ကုန်သော ဟိမဝန္တာတောင်ထွတ်တို့သည် တည်ရှိကုန်၏၊ ထိုတောင်ထွတ်တို့၌ ချစ်လင်ကိုမမြင်ရသောငါသည် အသို့ပြုရအံ့နည်း” –

ချစ်သူကွေကွင်း စိုးရိမ်ခြင်း

“အို-ချစ်လင်-ရှေ့ဖြင့်ပြီးလျက်ရှုချင်စဘွယ်ရှိကုန်သော တောင်ထွတ်တို့သည်”—

“အို-ချစ်လင်... မြင်းသီလာဖြင့်ပြီးလျက် ရှုချင်စဘွယ်ရှိကုန်သော တောင်ထွတ်တို့သည်”—

“အို-ချစ်လင်... မြင့်မောက်သောအဖျားရှိလျက် ရှုချင်စဘွယ်ရှိကုန်သော တောင်ထွတ်တို့သည်”–

“အို-ချစ်လင်... ရွှေဖြင့်ပြီးလျက် ရှုချင်စဘွယ်ရှိသောတောင်ထွတ်တို့သည်”–

“အို-ချစ်လင်... ရတနာခုနစ်ပါးဖြင့်ပြီးလျက် ရှုချင်စဘွယ်ရှိကုန်သော ဟိမဝန္တာတောင်ထွတ်တို့သည် တည်ရှိကုန်၏၊ ထိုတောင်ထွတ်တို့၌ ချစ်လင်ကိုမမြင်ရသောငါသည် အသို့ပြုရအံ့နည်း”–

ချစ်လင်ကွဲကွာ ပူဆွေးစွာ

“အို-ချစ်လင်... ဘုမ္မစိုးနတ်တို့ မှီဝဲရာ ဆေးပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော ဂန္ဓမာဒနတောင်၌ ချစ်လင်ကိုမမြင်ရသောငါသည် အသို့ပြုရအံ့နည်း”–

“အို-ချစ်လင်... ကိန္နရာတို့မှီဝဲရာ ဆေးပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော ဂန္ဓမာဒနတောင်၌ ချစ်လင်ကိုမမြင်ရသောငါသည် အသို့ပြုရအံ့နည်း”ဟုဖွဲ့နွဲ့ကာ ငိုကြွေးလေ၏။ ဤသို့လျှင် စန္ဒကိန္နရီသည် အမျိုးမျိုးငိုကြွေးပြီးလျှင် သတိကိုဖြစ်စေလျက် ကိန္နရာဖို၏ ရင်၌ လက်တင်၍ထားရာ ပူနွေးသောအဖြစ်ကိုသိလျှင်–

နတ်များတိုင်တယ် ကယ်မဘွယ်

“ငါ၏ချစ်လင်သည်အသက်ရှင်ပါသေး၏တကား”ဟု ဝမ်းမြောက်ဝမ်းသာဖြစ်လျက် လောကပါလနတ်များအား–

“အို-လောကပါလနတ်အပေါင်းတို့... သင်တို့သည် မရှိကြကုန်သလော၊ သို့တည်းမဟုတ် လျော့၍နေကြကုန်သလော၊ သို့တည်းမဟုတ် သေကုန်ကြပြီလော၊ ငါ၏ချစ်လင်ကိုမစောင့်ဘဲနေကြကုန်သလော”—
ဟု သမာဒေဝနတ်ကောင်းနတ်မြတ်တို့ကို တိုင်ကြားပသလေ၏။

ကိန္နရီသီလ သိကြားမ

ထိုအခါ ကိန္နရီမ၏ သောကအဟုန်ကြောင့် သိကြားမင်း၏နေရာသည် ပူသောအခြင်းအရာကို ပြသဖြင့် ဆင်ခြင်လတ်သော် သိကြားမင်းသည် ထိုအကြောင်းကိုသိလျှင် ပုဏ္ဏားအသွင်ဖြင့် လာလတ်၍ ကရားမှရေကိုယူပြီးလျှင် စန္ဒကိန္နရာဖိုကို သွန်းလောင်းလေ၏။ ထိုခဏ၌လျှင် မြှားဆိပ်သည် ဆုတ်နစ်ကွယ်ပျောက်ကာ ပြေလေ၏၊ အမာလည်း အသားနုတက်၍လာ၏၊ မြှားစူးသောနေရာဟူ၍ပင် မထင်တော့ချေ။ ကိန္နရာဖိုလည်း ချမ်းသာသည်ဖြစ်၍ အိပ်ရာမှထ၏။ ကိန္နရီမလည်း ချစ်လင်ကို အနာရောဂါကင်းသည်ကိုမြင်လျှင် ဝမ်းမြောက်သည်ဖြစ်၍–

သိကြားဆုံးမ နတ်ရွာကြွ

ကိန္နရီသည် သိကြားမင်းကို မိမိလင်သားချမ်းသာလာသည် အဖြစ်ကို ဝမ်းမြောက်ဝမ်းသာစွာရှိခိုးလျက်–

“အရှင်ပုဏ္ဏားမြတ်... အရှင်သည် ဆင်းရဲစွာ အထီးကျန်သော အကျွန်ုပ်၏ချစ်လင်ကို အမြိုက်ရေဖြင့်သွန်းလောင်းဘိ၏၊ အကျွန်ုပ်သည် ချစ်လှစွာသောလင်နှင့်တကွ ပေါင်းဘော်ရ၏၊ ထို့ကြောင့် အရှင်ပုဏ္ဏားမြတ်ကို ရှိခိုးပါ၏”—
ဟု-ကျေးဇူးစကား ပြောကြားချီးကျူးလေ၏။ ထိုအခါ သိကြားမင်းသည် ကိန္နရာမောင်နှံတို့အား “ဤနေ့မှစ၍ စန္ဒရွှေတောင်မှ သက်ဆင်းကာ လူတို့ခရီးသို့ မသွားကြလင့်၊ ဤတောင်၌သာ နေကြကုန်”ဟု အဆုံးအမပေးပြီးလျှင် မိမိနေရာတာဝတိံသာသို့သွားလေ၏။

ကိန္နရာမောင်နှံတို့လည်း သိကြားမင်း၏ အဆုံးအမ၌တည်လျက် အသက်ထက်ဆုံး စန္ဒရွှေတောင်၌သာ ပျော်ရွှင်စွာနေကြကုန်၏။

---

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်-အတိတ်ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့...

  • ထိုအခါ ဗာရာဏသီမင်းသည်-ယခုအခါ ဒေဝဒတ်။
  • သိကြားမင်းသည်-အနုရုဒ္ဓါ။
  • စန္ဒကိန္နရီမသည်-ရာဟုလာမယ်တော်။
  • စန္ဒကိန္နရာဖိုသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

---

ဆောင်ပုဒ်

(၁) မိန်းမမြတ်များ၊ လင်၌ကား၊ ချစ်အားပိုသည်သာ။
(၂) မတွန့်မတို၊ စိတ်အလို၊ ပင်ကိုဖြောင့်စင်းရှာ။
(၃) ကြာခိုသူများ၊ သူ့ထံပါး၊ လားလားစိတ်မပါ။
စန္ဒကိန္နရီ ဇာတ်ပြီး၏။

[]


စန္ဒကိန္နရီဇာတ်သည် ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတော်များထဲမှ တစ်ခု ဖြစ်၏။ ယသောဓရာ၏ ဘုရားရှင်အပေါ် သစ္စာရှိမှုနှင့် ပတ်သက်၍ မြတ်စွာဘုရားက ဟောကြားတော်မူခြင်း ဖြစ်သည်။[]

ဟောတော်မူခြင်း

မြတ်စွာဘုရားသည် သုဒ္ဓေါဒနမင်းကြီး ကပ်လှူသော ဆွမ်းကို ဘုဉ်းပေးရန် နန်းတော်သို့ ကြွ၏။ ထို့နောက် မြတ်စွာဘုရားသည် မင်းသားဘဝက ဇနီးဖြစ်သည့် ယသောဓရာထံ ကြွချီတော်မူ၏။ ထိုအခါ မင်းကြီးက ယသောဓရာ၏ သစ္စာရှိပုံကို ဘုရားရှင်အား ပြောပြ၏။ ထိုအခါ ဘုရားရှင်က ယသောဓရာသည် ယခုအခါမှသာ သစ္စာရှိသည် မဟုတ်ဘဲ ရှေးအခါကလည်း သစ္စာရှိခဲ့ပုံကို ဤဇာတ်တော်ဖြင့် မိန့်ကြားတော်မူ၏။[]

စန္ဒကိန္နရီဇာတ်

ရှေးလွန်လေပြီးသောအခါက ဘုရားလောင်းသည် စန္ဒအမည်ဖြင့် ကိန္နရာ ဖြစ်ခဲ့၏။ ဇနီးဖြစ်သူသည် စန္ဒကိန္နရီ ဖြစ်၏။ ဇနီးမောင်နှံတို့သည် ဟိမဝန္တာအရပ် စန္ဒပဗ္ဗတ (လမင်းတောင်) တွင် နေထိုင်ကြ၏။ မိုးရာသီတွင် တောင်ပေါ်တွင် နေကြသော်လည်း နွေရာသီသို့ ရောက်သည့်အခါတွင် တောင်ခြေသို့ ဆင်းကြသည်။

ကိန္နရာဇနီးမောင်နှံတို့သည် နှစ်ဦးသား မြူးထူးပျော်ပါးလျက် ရှိကြ၏။ ထိုအချိန်တွင် ဗာရာဏသီမင်းသည် သူတို့ရှိရာအရပ်သို့ ရောက်လာခဲ့၏။ မင်းကြီးသည် စန္ဒကိန္နရီကို မြင်သောအခါ တပ်မက်သော ရာဂ ဖြစ်ပေါ်၏။ ဇနီးဖြစ်သူကို အရယူရန် လင်ဖြစ်သူ စန္ဒကိန္နရာအဖိုကို ပစ်ခွင်းလေ၏။ စန္ဒကိန္ဒရာသည် မင်းကြီးပစ်လိုက်သော မြှားချက်ဖြင့် လဲကျသွား၏။ ဇနီးဖြစ်သူသည် မြှားပစ်သူကို ရှာဖွေသော် မင်းကြီးကို တွေ့မြင်လေ၏။ ထိုအခါ စန္ဒကိန္နရီသည် မင်းကြီးအား ကျိန်ဆဲလေသည်။

ထိုသို့ စန္ဒကိန္နရီ၏ ကျိန်ဆဲသံကို ကြားရသော မင်းကြီးသည် မရနိုင်သည်ကို သိလေ၏။ ထို့နောက် လိုချင်သောစိတ်တို့သည် ပျောက်ကွယ်လာကာ ပြန်လှည့်လေသည်။ ထိုအခါကျမှ ကိန္နရာအမသည် လင်ဖြစ်သူ၏ ဦးခေါင်းကို ပေါင်ပေါ်တင်ကာ သည်းထန်စွာငိုကြွေး၏။ ကိန္နရာအမသည် လင်ဖြစ်သူ မသေသေးသည်ကို သိ၏။ ထို့နောက် နတ်တို့အား မစောင်မသည်ကို အပြစ်တင် ငိုကြွေးပြန်၏။

ထိုအခါ သိကြားမင်း၏ ဗိမာန်သည် ပူလာ၏။ သိကြားမင်းလည်း ပုဏ္ဏားယောင်ဆောင်ကာ လူ့ပြည်သို့ ဆင်းလာ၏။ ထို့နောက် ကိန္နရာအဖိုကို သက်သာအောင် ပြုစုလေ၏။ ထို့နောက် သိကြားမင်းက “ယနေ့မှစကာ လူတို့သွားလာရာ တောင်အောက်သို့ မဆင်းပါနှင့်၊ တောင်ပေါ်၌သာ နေကြပါ” ဟု မှာကာ နတ်ပြည်သို့ ပြန်သွား၏။ ထို့နောက် ကိန္နရာဇနီးမောင်နှံတို့သည်လည်း တူနှစ်ကိုယ် တောင်ပေါ်သို့ ပျံတက်သွားလေ၏။

ဇာတ်ပေါင်းသော် ထိုအခါက ကိန္နရာအမသည် ယသောဓရာ ဖြစ်၏။ ကိန္နရာအထီးသည် ဘုရားလောင်း ဖြစ်၏။[]

ကိုးကား

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ
  2. ၂.၀ ၂.၁ ၂.၂ တိုက်စိုး၊ မင်းယုဝေ (၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ)။ စန္ဒကိန္နရီနှင့် ၅၅၀ ဇာတ်ဝတ္ထု ၂၅ ပုဒ်။ နှင်းဦးလွင်စာပေ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။ pp. ၇ ၊၈ ၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya