ဆင်ဝါးနောင်၊ ဆမားဒူးဝါ![]() ဆမားဒူးဝါး ဆင်းဝါးနောင် (၁၉၁၅-၁၉၇၁) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ကချင်လူမျိုးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ငယ်ဘဝနှင့် ပညာရေးဆမားဒူးဝါး ဆင်းဝါးနောင်ကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် (မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ်၊ တပို့တွဲလဆုတ် ၃ ရက်) တနင်္လာနေ့တွင် မြစ်ကြီးနားခရိုင်၊ ဆမားရွာ၌ မွေးဖွားခဲ့သည်။ ဖခင်မှာ ဆမားဒူဝါး ဂွမ်းဆိုင်းလီ ဖြစ်ပြီး မိခင်မှာ ဆမားဒူဂျွန်မိရွမ်ထု ဖြစ်သည်။ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ အစ်ကိုကြီး ဦးဇော်လုံး (ခေါ်) ဦးမောင်မောင်မြင့် ကွယ်လွန်ခဲ့ပြီး ညီမထွေး ဂျာရင်သည် မြစ်ကြီးနားတွင် နေထိုင်သည်။ ဆမားဒူးဝါး ဆင်းဝါးနောင်၏ မြန်မာအမည်မှာ ဦးကျော်ဦး ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ငယ်စဉ်က မိုးကောင်းမြို့ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် မြန်မာစာပေနှင့် ဗုဒ္ဓဘာသာကျမ်းဂန်များကို လေ့လာဆည်းပူးခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှု၁၉၂၉ ခုနှစ် ဖေဖော်ဝါရီလတွင် အသက် ၁၅ နှစ်အရွယ်ရှိသေးသော်လည်း ဗြိတိသျှအစိုးရက ၎င်းအား ဆမားနယ်၏ ထောင်ချုပ်ဒူဝါအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ဗြိတိသျှနယ်ချဲ့ဝါဒကို ဆန့်ကျင်သော လုပ်ရပ်များကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ၊ ရှမ်း၊ ကချင် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သော ပြည်သူ့စီးပွားရေးနှင့် ယဉ်ကျေးမှုတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့ (ပ၊ယ၊က၊ဖ) ကို ဖွဲ့စည်းကာ နိုင်ငံရေးလှုပ်ရှားမှု စတင်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့များက ကချင်တောင်တန်းဒေသတွင် တိုင်းရင်းသားများကို သွေးခွဲအုပ်ချုပ်ခြင်းကို ဆန့်ကျင်ခဲ့ပြီး ကချင်အမျိုးသားများ ဗြိတိသျှလက်အောက်ခံဘဝမှ လွတ်မြောက်ရေးအတွက် နိုင်ငံရေးတိုက်ပွဲ ဆင်နွှဲရာတွင် ဦးဆောင်ခဲ့သော ကချင်အမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ထားစဉ် ကချင်အမျိုးသားများကို ဂျပန်တို့၏ နှိပ်စက်မှုမှ ကာကွယ်ရန် ကာမိုင်းတွင် ဂျပန်တောင်တန်းဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ စစ်ပြီးဆုံး၍ မဟာမိတ်စစ်တပ်များ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ချိန်တွင် ဗြိတိသျှအစိုးရက ၎င်းအား ဖမ်းဆီးကာ တောင်ကြီးမြို့တွင် ချုပ်နှောင်ခဲ့သည်။ သို့သော် ဂျပန်လက်အောက်တွင် အမှုထမ်းခြင်းမှာ ကချင်အမျိုးသားများကို ကာကွယ်ရန်သာဖြစ်ပြီး ဂျပန်စစ်တပ်ကို ကူညီခြင်းမဟုတ်ကြောင်း စုံစမ်းသိရှိရသဖြင့် မကြာမီ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှအစိုးရ၏ 'ဆင်းမလားစီမံကိန်း'အရ မြန်မာပြည်မကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား တိုင်းရင်းသားလူမျိုးစုများကို တောင်တန်းဒေသအုပ်ချုပ်ရေးအောက်တွင် ထားရှိလိုသော အစီအစဉ်ကို ဆမားဒူးဝါး ဆင်းဝါးနောင်က ကန့်ကွက်ခဲ့သည်။ မြန်မာပြည်မနည်းတူ ကိုယ်ပိုင်အုပ်ချုပ်ရေး သို့မဟုတ် လွတ်လပ်ရေးကို လိုလားကြောင်း တိုက်ပွဲဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး ကချင်အမျိုးသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဆမားဒူးဝါး ဆင်းဝါးနောင် ဦးဆောင်၍ မြန်မာပြည်မနှင့် လက်တွဲကာ တစ်ပြိုင်တည်း လွတ်လပ်ရေး ရယူလိုကြောင်း တိုင်ပင်ခဲ့ကြသည်။ ဆမားဒူးဝါး ဆင်းဝါးနောင်သည် မျိုးချစ်စိတ်ပြင်းထန်သူတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ရှေ့တန်းပြည်နယ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏ အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသော ပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသော ဒုတိယပင်လုံညီလာခံသို့ ကချင်အမျိုးသားကိုယ်စားလှယ်များကို ဦးဆောင်ကာ တက်ရောက်ဆွေးနွေးခဲ့သည်။ ထိုညီလာခံတွင် ရှမ်းစော်ဘွားများ၊ ရှမ်းလူထုကိုယ်စားလှယ်များနှင့် ချင်းအမျိုးသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာ၌ ဆမားဒူးဝါး ဆင်းဝါးနောင်သည် ကချင်အမျိုးသားကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အဆိုကို တင်သွင်းဆွေးနွေးခဲ့သည်။ အဆိုပြုချက်တွင်-
ဟူသော အချက်သုံးချက် ပါဝင်သည်။ ဤအဆိုပြုချက်ကို ရှမ်း၊ ချင်း၊ ကချင် ကိုယ်စားလှယ်များအားလုံး တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီး မြန်မာခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြန်လည်ညှိနှိုင်းဆွေးနွေးရာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရရှိကာ ပင်လုံစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဆမားဒူးဝါး ဆင်းဝါးနောင်သည် ပင်လုံစာချုပ် ဖြစ်မြောက်ရေးအတွက် အရေးကြီးသော ကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ပင်လုံစာချုပ်အရ ၎င်းအား ၁၉၄၇ ခုနှစ် မတ်လ ၁ ရက်နေ့မှစ၍ ဘုရင်ခံ၏ ဒုတိယအတိုင်ပင်ခံဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းသော တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးစုများ၏ လိုအင်ဆန္ဒစုံစမ်းရေး ကော်မရှင်အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေအရ ပြည်နယ်အလိုက် သမ္မတတင်မြှောက်ရာတွင် သမ္မတကြီးအဖြစ် လျာထားခြင်းခံခဲ့ရသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။ လွတ်လပ်ရေးရပြီးခေတ်၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ပြည်ထောင်စုကြီး ပေါ်ပေါက်လာခဲ့ရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကချင်ပြည်နယ်အစိုးရကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဆမားဒူးဝါး ဆင်းဝါးနောင်သည် ကချင်ပြည်နယ် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၎င်းရာထူးတွင် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စု လွတ်လပ်ရေးရပြီး မကြာမီ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ဆူပူသောင်းကျန်းမှုများ စတင်ခဲ့သည်။ ၁၉၄၉ ခုနှစ် အစောပိုင်းတွင် ဆူပူသောင်းကျန်းမှုများ ပိုမိုပြင်းထန်လာခဲ့ရာ တစ်ပြည်လုံး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်က 'ရန်ကုန်အစိုးရ' ဟု ခေါ်ဆိုခံရသည့်ကာလတွင် ဆမားဒူးဝါး ဆင်းဝါးနောင်သည် လွတ်လပ်ရေးနှင့် ပြည်ထောင်စုကို ကာကွယ်ရန် ကြွေးကြော်ခဲ့သည်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ၎င်းအား "ပြည်ထောင်စုကြီး ချောက်ထဲကျရန် လက်နှစ်လုံးလောက်အလိုမှာ ဆမားကြီး ဝင်ကယ်လို့ ဒီနေ့အထိ ပြည်ထောင်စုကြီး တည်တံ့နိုင်ခဲ့တယ်။ သူ့ကို ငါတို့ ကျေးဇူးမမေ့သင့်ဘူး" ဟု ချီးကျူးပြောဆိုခဲ့သည်။ ကချင်ပြည်နယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံနှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလက်မှုနိုင်ငံကြီးအဖြစ် ရောက်ရှိရန် စီမံကိန်းအမျိုးမျိုးကို ရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြတိုက်တွန်းခဲ့သည်။ ၎င်း၏ စီမံကိန်း အောင်မြင်ရေးအတွက် 'ပြည်သူ့စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့' ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဖဆပလအစိုးရလက်ထက် ၁၉၅၄ ခုနှစ်နှင့် ၁၉၅၅ ခုနှစ်တို့တွင် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် တာဝန်များ မယူဘဲ ခေတ္တအနားယူခဲ့သည်။ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် မြစ်ကြီးနားအနောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံရသည်။ ၁၉၆၀ ပြည့်နှစ်၌ ကချင်ပြည်နယ်အစိုးရကို ပြန်လည်ဖွဲ့စည်းရာ ဆမားဒူးဝါး ဆင်းဝါးနောင်သည် ကချင်ပြည်နယ် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၎င်းရာထူး၌ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။ သံအမတ်ကြီးဘဝနှင့် ကွယ်လွန်ခြင်းဆမားဒူးဝါး ဆင်းဝါးနောင်သည် ပြည်ထောင်စု တော်လှန်ရေး အစိုးရလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၆၇ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ၁၉၆၈ ခုနှစ် ဇန်နဝါရီလမှ ၁၉၆၉ ခုနှစ် မေလအထိ သီဟိုဠ် (ယခု သီရိလင်္ကာ) ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ် မေလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး ကျန်းမာရေးမကောင်းသဖြင့် အငြိမ်းစားယူခဲ့သည်။ ထို့နောက် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးဝါးလာသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသခဲ့သည်။ ဆမား ဒူဝါး ဆင်းဝါးနောင်သည် နှလုံးရောဂါကြောင့် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာမှ အသက် ၅၇ နှစ် အရောက် ၁၉၇၁ ခု၊ အောက်တိုဘာလ ၁၈ ရက် နံနက် ၅ နာရီ ၃၅ မိနစ်အချိန် တနင်္လာနေ့တွင် ရန်ကုန် ဆေးရုံကြီး၌ပင် ကွယ်လွန် အနိစ္စ ရောက်သွားရှာသည်။ ထို့နောက် ဆမာဒူးဝါ ဆင်းဝါးနောင်၏ ရုပ်ကလာပ်ကို အောက်တိုဘာ ( ၁၉ ) ရက်နေ့တွင် လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ သယ်ဆောင်၍ မြစ်ကြီးနားမြို့၊ အေရာရပ်ရှိ ဆမာဒူးဝါ၏ နေအိမ်အတွင်း မဏ္ဍပ်တွင် ( ၄ ) ရက်ထားသည်။ ယင်းနောက် အောက်တိုဘာလ ( ၂၂ ) ရက်နေ့တွင် ဆမာကြီး၏ နေအိမ်ခြံအတွင်း၌ ယာယီပြုလုပ်ထားသော ဂူအတွင်း၌ ရုပ်ကလာပ်ကို (၃) နှစ်ထားပြီးနောက် ၎င်း၏ ဇာတိချက်ကြွေ အနောက်ဆမားဒေသသို့ ပြောင်းရွှေ့ သင်္ဂြိုဟ်ခဲ့လေသည်။ [၁] ကိုယ်ပိုင်ဘဝဆမားဒူးဝါး ဆင်းဝါးနောင်တွင် ပထမဇနီး ကချင်အမျိုးသမီးနှင့် သားသမီး ၂ ဦးရှိပြီး ဒုတိယဇနီး မြန်မာအမျိုးသမီး ဒေါ်အုန်းရီနှင့် သားသမီး ၆ ဦး ရရှိခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia