ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင်
ဆဋ္ဌမမြောက်ဂျော့ဘုရင် (အဲလ်ဘတ် ဖရက်ဒရစ် အာသာ ဂျော့၊ ၁၄ ဒီဇင်ဘာ ၁၈၉၅ - ၆ ဖေဖော်ဝါရီ ၁၉၅၂) သည် ယူနိုက်တက်ကင်းဒန်းနိုင်ငံ၏ ဘုရင်ဖြစ်ခဲ့ပြီး ၁၉၃၆ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှစ၍ ကွယ်လွန်ချိန်အထိ ဗြိတိသျှ ဓနသယာယ နိုင်ငံများ၏ အဦးအစီ: ဖြစ်ခဲ့သည်။ အိန္ဒိယအင်ပါယာ၏ နောက်ဆုံးသခင် ဖြစ်သကဲ့သို့ ဓနသယာယအဖွဲ့၏ ပထမဆုံးအကြီးအကဲလည်း ဖြစ်သည်။ နန်းတက်ပြီးချိန်၌ အဲလ်ဘတ် ဟု လူသိများလာသော်လည်း မိသားစုတွင်းနှင့် ရင်းနှီးသူများက ဘာတီ ဟု ခေါ်ကြသည်။ အဘွားဖြစ်သူ ဝိတိုရိယဘုရင်မဘက်မှ မွေးဖွားလာကာ အဘိုးဖြစ်သူ အဲလ်ဘတ်၏ အမည်ကို ယူထားခြင်းဖြစ်သည်။ ပဉ္စမမြောက်ဂျော့ဘုရင် ၏ ဒုတိယမြောက်သားဖြစ်သောကြောင့် ထီးနန်းဆက်ဆံရန် မမျှော်လင့်ဘဲ ငယ်ဘဝကို အစ်ကိုဖြစ်သူ အက်ဒ်ဝပ်၏ အရိပ်အောက်တွင် နေရသည်။ အရွယ်ရောက်သော် ရေကြောင်းကောလိပ်တက်ကာ ပထမကမ္ဘာစစ်အတွင်း တော်ဝင်ရေတပ်မတော်နှင့် တော်ဝင်လေတပ်မတော်တို့တွင် အမှုထမ်းသည်။ ၁၉၂၀ ခုနှစ်တွင် ယော့မြို့စား ဖြစ်လာသည်။ အဲလိဇဘတ် ဘိုဝီလီယွန် (Elizabeth Bowes-Lyon) နှင့် ၁၉၂၃ တွင်လက်ထက်ပြီး အဲလိဇဘတ်နှင့် မာဂရက်ဟူသော သမီးနှစ်ဦး ရခဲ့သည်။ ၁၉၂၀ နှစ်လယ်ပိုင်းတွင် ငယ်စဉ်က မဖျောက်နိုင်ခဲ့သည့် စကားထစ်ခြင်းကို ကုသနိုင်မည့်ကုထုံး တွေ့သည်။ ဖခင်နတ်ရွာစံပြီးနောက် ၁၉၃၆ ခုနှစ်တွင် အစ်ကိုဖြစ်သူက အဌမမြောက်အက်ဒ်ဝပ်ဘုရင် အဖြစ် နန်းတက်သည်။ သို့သော်လည်း နှစ်ကုန်ပိုင်းတွင်ပင် အမေရိကန်လူမျိုး မုဆိုးမ ဝဲလစ် ဆင်ပဆန် အား လက်ထပ်လိုကြောင်း ပြောသည်။ ဗြိတိသျှ ဝန်ကြီးချုပ် စတန်လေ ဘဲ့ဝင်း (Stanley Baldwin) က နိုင်ငံရေးနှင့် ဘာသာရေးကန့်သတ်ချက်တို့ကြောင့် ထိုသို့မလုပ်သင့်ကြောင်း အကြံပေးသည်။ ဆင်ပဆန်အားလက်ထပ်ရန် အက်ဒ်ဝပ်က နန်းစွန့်သွားသောအခါ ဝင်ဆာအိမ်တော် (House of Windsor) ၏ တတိယမြောက်ထီးနန်းဆက်ခံသူအဖြစ် ဂျော့က သရဖူဆောင်းခွင့်ရသည်။ ဂျော့ အုပ်ချုပ်စဉ်ကာလသည် ဗြိတိသျှအင်ပါယာ ပြိုကွဲစပြုနေပြီး ဓနသယာယနိုင်ငံဟူ၍ ဖွဲ့စည်းရန် အရှိန်ယူစဉ်ကာလ ဖြစ်သည်။ ဂျော့ နန်းတက်ချိန်တွင် အိုင်းရစ်လွတ်လပ်သောပြည်နယ်၏ပါလီမန်က တိုင်းပြည်၏ဖွဲ့စည်းပုံတွင် ဘုရင်ပါဝင်မှုကို ဖယ်ရှားလိုက်သည်။ နောက်တစ်နှစ်တွင် အိုင်းရစ်၏ ဖွဲ့စည်းပုံသစ်ရေးကာ ပြည်နယ်၏အမည်ကို အိုင်ယာလန်ဟုပြောင်းပြီး သမ္မတရုံးသစ် ဖွင့်သည်။ ၁၉၃၉ ခုနှစ်တွင် အိုင်ယာလန်မပါသည့် ဓနသယာယနိုင်ငံများနှင့် နာဇီဂျာမနီတို့ စစ်ဖြစ်သည်။ ၁၉၄၀ တွင် အီတလီ၊ ၁၉၄၁ တွင် ဂျပန်တို့ စစ်အတွင်း အသီးသီးပါဝင်လာသည်။ ၁၉၄၅ တွင် ဗြိတိန်နှင့် အပေါင်းအပါများက စစ်နိုင်ခဲ့သော်လည်း ဆိုဗီယက်နှင့် အမေရိကန်တို့ ကမ္ဘာ့ရှေ့တန်းသို့ရောက်လာကာ ဗြိတိသျှအင်ပါယာမှာ တဖြည်းဖြည်းမှေးမှိန်လာသည်။ ၁၉၄၇ တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့အား လွတ်လပ်ရေးပေးသော်လည်း ဂျော့မှာ ဘုရင်အဖြစ် ဆက်ရှိနေသည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လရောက်မှသာ အိန္ဒိယအင်ပါယာဟူသောအမည်ကို ဖျက်သိမ်းလိုက်သည်။ ၁၉၄၉ ခုနှစ်တွင် ဓနသယာယနိုင်ငံများမှထွက်ကာ သီးခြားသမ္မတနိုင်ငံအဖြစ် အိုင်ယာလန်က ကြေညာသည်။ နောက်တစ်နှစ်တွင် အိန္ဒိယကလည်း သမ္မတနိုင်ငံဖြစ်လာသည်။ ဂျော့က ဓနသဟာယနိုင်ငံများအကြီ:အကဲဟူသောအမည်ကို ပြောင်းလဲသုံးစွဲသည်။ နောက်ပိုင်းနန်းစံနှစ်များမှာ ကျန်းမာရေးပြဿနာများနှင့် ရှုပ်ထွေးနေပြီး နတ်ရွာစံသော် သမီးကြီး ဒုတိယမြောက်အဲလိဇဘတ်ဘုရင်မ က နန်းတက်သည်။ အစောပိုင်းကာလ![]() ဂျော့ဘုရင်ဖြစ်လာမည့်သူကို ၎င်း၏ဘွားတော်ဝိတိုရိယဘုရင်မနန်းစိုးစံတော်မူနေစဉ်အချိန်အင်္ဂလန်ပြည်မြောက်ပိုင်း နော်ဖော့ခ်နယ်၊ ဆန်ဒရင်ဂမ်ကျေးလက်စံအိမ်တွဲရှိ ယော့ခ်ကော့တစ်ဂျ် (York Cottage)စံအိမ်၌ ဖွားမြင်ခဲ့သည်။[၁] (အဘွား၊ဘွားတော် နှင့် အဖွားမရောထွေးပါစေနှင့်၊ အဘွား>အဖွား>အမေ)။ ခမည်းတော်မှာ ယော့ခ်နယ်စား မင်းသားဂျော့ (နောင်တွင် ပဉ္စမမြောက်ဂျော့ဘုရင်)ဖြစ်၍ ၎င်းသည် ဝေလမင်းသားနှင့် မင်းသမီး( နောင်တွင် သတ္တမမြောက်အက်ဒ်ဝပ်ဘုရင် နှင့် မိဖုရားအလက်ဇန်းဒြား)တို့၏ ဒုတိယမြောက်သား (သို့) အသက်ရှင်ကျန်ရစ်သောသားများအနက်အကြီးဆုံးလည်းဖြစ်ပေသည်။ မယ်တော်မှာ ယော့ခ်နယ်စားကတော် (နောင်တွင် မိဖုရားမယ်ရီ)ဖြစ်၍ တက်ခ်မြို့စား နှင့် မြို့စားကတော်တို့၏ အကြီးဆုံးနှင့် တစ်ဦးတည်းသောသမီးလည်းဖြစ်သည်။[၂] မွေးနေ့ (၁၄-ဒီဇင်ဘာ-၁၈၉၅) သည် ၎င်း၏ဘိုးတော် ကြင်ယာတော်မင်းသားကြီး အဲလ်ဘက်နတ်ရွာစံနှစ် (၃၄)နှစ်ပတ်လည်နေ့လယ်းဖြစ်သည်။[၃] ထိုကြင်ယာတော်မင်းသားကြီး၏ ကျန်ရစ်သူ ဘုရင်မကြီး ဝိတိုရိယခမျာ ကလေးမွေးဖွားသည့် သတင်းကို မည်သို့မည်ပုံလက်ခံရမည်လဲဟု မချင့်မရဲဖြစ်နေသဖြင့် ဝေလမင်းသား(အဖိုး)မှ ကလေးဖခင်ယော့ခ်မြို့စားဆီသို့စာရေးသည်။ စာတွင် ဘုရင်မကြီး အတော်လေး စိတ်ဖိစီးနေခဲ့သည်ဟူ၍ဖြစ်၏။ နှစ်ရက်အကြာ စာဆက်ရေးခဲ့ပြန်သည်။ ထိုစာပါစကားမှာ : " မင်းကိုယ်တိုင်ပဲ ဘုရင်မကြီးကို ကလေးအတွက် အဲလ်ဘက်ဆိုတဲ့နာမည် အဆိုပြုလိုက်ရင် သူ့ကိုကျေနပ်ဝမ်းမြောက်စေနိုင်မယ်လို့ တို့များထင်မိတယ်ကွာ"ဟူ၍ဖြစ်သည်။[၄] ဝိတိုရိယဘုရင်မကြီးကို ထိုနာမည်အဆိုပြုခြင်းသည် ဘုရင်မကြီး၏သောကကိုပြေလျော့စေ၍ ယော့ခ်မြို့စားဆီသို့ ဘုရင်မကြီးစာပြန်၏။ " ဒီလိုဝမ်းနည်းဖွယ်ကောင်းတဲ့နေ့ရက်မှာမွေးလာတဲ့ မြစ်တော်လေးကို တွေ့ရဖို့ တယ်များတောင်စိတ်မရှည်ချင်တော့ဘူး။ တကယ့်ကိုအရေးပါအရာရောက်စံပြုထိုက်တဲ့ အဲဒီအမည်နာမနဲ့သာ တို့များမြစ်တော်လေးကိုခေါ်မယ်ဆိုရင် သူဟာပိုပြီးတောင်ချစ်စရာကောင်းပေဦးမှာ"[၅] နောက်ဆက်လက်၍ သုံးလအကြာ၌ ဆန်ဒရင်ဂမ်အနီး စိန့်မေရီ မက်ဒလင်းချပ်ကျောင်းတော်တွင် (St Mary Magdalene Church, Sandringham) အဲလ်ဘက် ဖရက်ဒရစ် အာသာ ဂျော့ (Albert Frederick Arthur George) အမည်ဖြင့် ရေဖျန်းမင်္ဂလာပြုခဲ့ကြသည်။[မှတ်စု ၁] မိသားစုအတွင်းတွင် ဂျော့ကို ဘာတီဟု ချစ်စနိုးဖြင့်ခေါ်ကြသည်။ [၇] မယ်တော်ဘက်မှ အဖွားဖြစ်သူ တက်ခ်မြို့စားကတော်ကြီးက ကလေးအား အဲလ်ဘက်ဆိုသည့်ပထမနာမည်ပေးထားသည်ကို သဘောမတွေ့ပေ။ "မကြိုက်လှတဲ့ အဲဒီနာမည်စာလုံးနေရာမှာ နောက်ဆုံးက ဂျော့ ဆိုတဲ့နာမည်ကအစားဝင်နေရာယူနိုင်ပါစေကြောင်း မျှော်လင့်လျှက်" ဟုနိမိတ်ဆန်ဆန်စာရေးသားခဲ့သည်။ [၈] အဲလ်ဘက်မှာ နန်းရဖို့တန်းစီမည်ဆိုပါက သူ၏အဖိုး၊ဖခင်၊အကိုအက်ဒ်ဝပ် စသဖြင့် စတ္တုတ္ထနေရာ၌သာရှိ၏။ မကြာခဏဆိုသလိုချူချာတတ်ကာ "မျက်ရည်လည်းလွယ် ကြောက်လည်းကြောက်တတ်သူ"ဟု ဖော်ပြကြသည်။[၉] နိစ္စဒူဝကလေးကိစ္စအတွက် မိဘများမှာ တော်ဝင်အထက်တန်းလွှာတို့ဓလေ့အတိုင်း ဝင်ပါလေ့မရှိရပါ။ ကလေးဖြစ်သူမှာ နှစ်အတော်ကြာ စကားထစ်ထစ်အအဖြစ်နေခဲ့သည်။ ပင်ကိုအားဖြင့် ဘယ်သန်ဖြစ်သော်လည်း အတင်းအဓမ္မ ညာဖြင့်စာရေးစေသည်။ နာတာရှည်အစာအိမ်ရောဂါခံစားရပြီး ဒူးဆစ်မှနေ၍အောက်ပိုင်းခြေထောက်မှာပုံမှန်မဟုတ်ပဲ အနည်းငယ်အပြင်သို့ ကားထွက်နေသောကြောင့် ပုံမှန်ပြန်ဖြစ်စေရန် နာကျင်စေသော ပတ်တီးကျပ်ကြီးများစည်းထားရ၏။[၁၀] ဝိတိုရိယဘုရင်မကြီးမှာ ၁၉၀၁ ဇန်နဝါရီ ၂၂တွင် ကံကုန်တော်မူ၍ ဝေလမင်းသားမှာ သတ္တမမြောက် အက်ဒ်ဝပ်ဘုရင်ဖြင့် ထီးနန်းဆက်ခံသည်။ ယခုဆိုလျှင် ဖခင်နှင့် အကိုပြီးလျှင် တတိယမြောက်နန်းဆက်ခံမည့်သူ ဖြစ်လာခဲ့သည်။ စစ်မှုထမ်းကာလ နှင့် ပညာရေး၁၉၀၉မှစ၍ အဲလ်ဘတ်မှာ ဗိုလ်လောင်းအဖြစ် အော့စ်ဘွန်းရှိ တော်ဝင်ရေကြောင်းကောလိပ်သို့ (the Royal Naval College, Osborne)တက်ရောက်ကာ ၁၉၁၁တွင် နောက်ဆုံးအတန်းတင်စာမေးပွဲ၌ အောက်ဆုံးအဆင့်သာရခဲ့၏။( မှတ်ချက် - ဗိုလ်လောင်းများသည်ထိုစဉ်က အသက်(၁၃)နှစ်ပြည့်လျှင် အော့စ်ဘွန်းတော်ဝင်ရေကြောင်းကောလိပ်သို့ (၂)နှစ်သင်တန်းအရင်ဦးစွာတက်ရောက်ရသည်။)[၁၁] သို့သော်လည်း ဒါ့မောက်ရှိ တော်ဝင်ရေကြောင်းကောလိပ်သို့(the Royal Naval College, Dartmouth)ဆက်လက်ဝင်ရောက်နိုင်ခဲ့၏။[၁၂] အဖိုးဖြစ်သူ အက်ဒ်ဝပ် (၇) ဆုံးပါးသောအခါ ဖခင်မှာ ဂျော့ဘုရင်(၅) ဖြစ်လာ၍ ၎င်းကား ဝေလမင်းသားဖြစ်ခဲ့၏။ နန်းစဉ်ဆက်ခံမှု တွက်လျှင် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာခဲ့၏။[၁၃] ၁၉၁၃၏ ပထမနှစ်ဝက်ကို HMS Cumberland လေ့ကျင့်ရေးသင်္ဘောဖြင့် ဝက်စ်အင်ဒီးစ် (the West Indies) ဒေသနှင့် ကနေဒါအရှေ့ကမ်းရိုးတန်းတွင် အချိန်ကုန်ဆုံးခဲ့၏။[၁၄] ၁၉၁၃ စက်တင်ဘာ ၁၅ HMS Collingwoodသင်္ဘောတွင် ရေတပ်ဗိုလ်လောင်းရာထူးရသည်။ ထို့နောက် မြေထဲပင်လယ်ပြင်၌(Mediterranean)သုံးလကြာမြင့်ခဲ့သည်။ လုပ်ဖော်ကိုင်ဘက်အရာရှိများက သူ့ကို မစ္စတာ ဂျွန်ဆင်ဟု နာမည်ပြောင်ပေးခဲ့ကြသည်။ [၁၅] တာဝန်အပြီးတစ်နှစ်ကြာသော် ပထမကမ္ဘာစစ်တွင် ၎င်း၏တာဝန်များကိုထမ်းဆောင်ခဲ့ကာ ဂျတ်လန်းတိုက်ပွဲ - Battle of Jutland (31 May – 1 June 1916)တွင် Collingwoodသင်္ဘောအမြောက်ကိုင်တွယ်ရသူအဖြစ် စစ်ရေးဆိုင်ရာထုတ်ပြန်ချက်တွင်ဖော်ပြခဲ့၏။ အဆိုပါတိုက်ပွဲမှာ ဂျာမဏီရေတပ်နှင့်ရင်ဆိုင်ရပြီး အကြီးမားဆုံးရေတပ်တိုက်ပွဲကြီးတစ်ခုဖြစ်ကာ အနိုင်အရှုံးမသဲကွဲသောတိုက်ပွဲလည်းဖြစ်ခဲ့သည်။ နောက်တွင် အူသိမ်ပိုင်း၌အနာဖြစ်သောကြောင့် ကျန်းမာရေးချို့ယွင်းကာ စစ်ပွဲများနှင့် မတွေ့ကြုံရတော့ပေ။ ရောဂါကို၁၉၁၇ နိုဝင်ဘာ၌ခွဲစိတ်ခဲသည်။ [၁၆] ![]() ခရန်းဝဲလ်(Cranwell)လေတပ်စခန်း၌ တော်ဝင်ရေတပ်မတော်၏ လေကြောင်းဝန်ဆောင်မှုတည်ဆောက်ခြင်း (သင်္ဘောတွင် လေယာဉ် တင်/ပျံသန်း/ရပ်နား စသည့်လုပ်ငန်း)အတွက် ကြီးကြပ်ရေးမှူးအဖြစ် ၁၉၁၈ ဖေဖော်ဝါရီတွင် ခန့်အပ်တာဝင်ပေးခြင်းခံရသည်။ [၁၇] ထိုလုပ်ငန်းတည်ဆောက်မှုနှင့်အတူ နှစ်လကြာပြီးနောက် တော်ဝင်ရေတပ်ဌာနမှ လေတပ်ဝန်ကြီးဌာနသို့ တာဝန်လွှဲပြောင်းခန့်အပ်နိုင်ပြီး အဲလ်ဘတ်ကိုလည်း ရေတပ်မှ တော်ဝင်လေတပ်သို့ ပြောင်းရွှေ့တာဝန်ပေးခဲ့၏။ ၁၉၁၈ ဩဂုတ်လထိ ၎င်းရာထူးမှာ ခရန်းဝဲလ်လေတပ်စခန်း လေကြောင်းအစုဖွဲ့ငယ်တပ်၏ နံပါတ်လေးအဆင့်ရှိသောအရာရှိဖြစ်၏။[၁၈] ယင်းကာလမတိုင်မီတွင်ပင်လယ်ကမ်းဘေးမြို့လေးဖြစ်သော စိန့်လီယိုနာ့ဒ်၌(St Leonards-on-Sea)တော်ဝင်လေကြောင်းအတတ်သင်ဗိုလ်လောင်းသင်တန်းကျောင်း၌ တာဝန်ကျ၍ (၂)ပတ်သင်တန်းပြီးမြောက်ခဲ့ကာ ဗိုလ်လောင်းလေကြောင်းအစုဖွဲ့ငယ်တပ်ကို ဦးစီးခဲ့ရသည်။ [၁၉] တော်ဝင်မိသားစုထဲမှ ပထမဆုံး အရည်အခြင်းပြည့်ဝသောလေယာဉ်မှူးတစ်ဦးလည်းဖြစ်လာခဲ့လေသည်။[၂၀] အဲလ်ဘတ်မှာကား စစ်ကြီးဖြစ်ပွားနေစဉ် ဥရောပတိုက်မကြီးတွင် တာဝန်ထမ်းဆောင်ချင်နေမိသည်။ သူအဖို့ လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထရန်ချာ့ဒ်( General Trenchard)၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရသည်မှာစိတ်ကျေနပ်ဖွယ်ရာပင်။ အောက်တိုဘာ ၂၃ ၌ ရေလက်ကြားကိုဖြတ်သန်းကာ အော်တနီအုပ်ချုပ်ရေးဒေသသို့(Autigny)(ပြင်သစ်မြောက်ပိုင်း နော်မန်ဒီနယ်မြေ)ပျံသန်းခဲ့သည်။[၂၁] စစ်ကြီးပြီးခါနီးရင်သတ္တပတ်များ၌ ပြင်သစ်နိုင်ငံ နန်စီမြို့ လွတ်လပ်သောလေတပ်မတော်ရုံးချုပ် (RAF's independent Air Force)တွင်ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့သေးသည်။[၂၂] ၁၉၁၈ နိုဝင်ဘာတွင် ထိုလွတ်လပ်သောလေတပ်ကို ဖျက်သိမ်းပြီး ဥရောပတိုက်တွင် တော်ဝင်လေတပ်မတော်အရာရှိအဖြစ်နှစ်လကြာ ဆက်လက်တာဝန်ယူကာ ဗြိတိန်သို့ ပြန်တာဝန်ကျခဲ့၏။[၂၃] နိုဝင်ဘာ ၂၂ရက်နေ့ ဘယ်လ်ဂျီယံဘုရင် ဘရပ်ဆဲလ်မြို့သို့ ပြည်တော်ပြန်ဝင်သည့်အခမ်းအနားတွင် ဘယ်လ်ဂျီယမ်ဘုရင်အဲလ်ဗတ် (၁)King Albert Iနှင့်အတူရှိနေခဲ့သည်။ ၁၉၁၉တွင် ဇူလိုင် ၃၁တွင် RAF လေယာဉ်မှူးအဖြစ်အရည်အသွေးပြည့်မီသဖြင့် နောက်တစ်ရက်၌ လေတပ်အစုဖွဲ့ငယ်ခေါင်းဆောင်ရာထူးတိုးပေးခဲ့သည်။ [၂၄] ၁၉၁၉ အောက်တိုဘာ၌ သမိုင်း၊စီးပွားရေး နှင့် မြူနီစပယ် ပညာရပ်များကို ကိန်းဘရစ်တက္ကသိုလ် ထရစ်နတီကောလိပ်တွင် တစ်နှစ်ခန့်တက်ရောက်ခဲ့ကာ[၂၅] သမိုင်းပညာရှင် R.V Laurence မှာ ၎င်း၏လမ်းညွှန်ဆရာပင်ဖြစ်သည်။ [၂၆] ၁၉၂၀ ဇွန်လ လေးရက်သည် အဲလ်ဘတ်ကို ယော့ခ်မြို့စားကြီး၊ အင်ဗနက်မြို့စား၊ ကစ်လားနီမြို့အရှင်စသည့်ဘွဲ့တံဆိပ်များ(Duke of York, Earl of Inverness and Baron Killarney) ချီးမြင့်ခဲ့သောနေ့ရက်လည်းဖြစ်သည်။ (မှတ်ချက်။ ။ အင်္ဂလိပ်နန်းတွင်းတွင် မှူးမတ်၊သူကောင်းပြုရာတွင် မြင့်ရာမှ နိမ့်ရာသို့ ဤအတိုင်းဘွဲ့ပေးကြသည်။ Duke, Marquess, Earl, Viscount, Baron) [၂၇] သူသည်နန်းတွင်းတာဝန်ဝတ္တရားများကို ပို၍စတင်ထမ်းဆောင်လာခဲ့သည်။ ဖခင်ဖြစ်သူကိုကိုယ်စားပြုကာ သတ္တုတွင်းများ၊စက်ရုံများ၊ရထားလမ်းဆုံတွဲရုံများသို့လှည့်လည်သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်လည်ပတ်ခြင်းများမှနာမည်အသစ်တစ်ခုရလာသည်။ နာမည်မှာ စက်မှုမင်းသားဟူ၍ပင်။ [၂၈] နဂိုအခံ ရှက်တတ်ကြောက်တတ်မှုနှင့်အတူ စကားထစ်ခြင်း ထိုအပေါ် ရှက်စိတ်ဝင်မှုများက ၎င်း၏အကို အက်ဒ်ဝပ်လောက် အထင်မြင်မကောင်းလှချေ။ မည်သို့ပင်ဖြစ်စေ ကိုယ်ကာယပိုင်းဆိုင်ရာတက်တက်ကြွကြွရှိတတ်၍ တန်းနစ် ကစားရခြင်းကို ခုံမင်သည်။ ၁၉၂၆ ဝယ် ဝင်ဘယ်လ်ဒမ် ချန်ပီယံရှစ်ပ်ပွဲ၌ လူဝီဂရေ့နှင့်ကစားကာ ပထမပွဲစဉ်တွင်ရှုံးခဲ့ရသည်။ [၂၉] အလုပ်ခွင်အနေအထားများတိုးတက်ကောင်းမွန်စေရန်အားထုတ်၍ စက်မှုလုပ်သားအရေးအရာအဖွဲ့အစည်းတွင် ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၁၉၂၁ နှင့် ၁၉၃၉နှစ်ကာလများကြား၌ အမျိုးသား(အငယ်တန်း)များအတွက် နှစ်စဉ်နွေရာသီစခန်းသွင်းလေ့ကျင့်ခြင်းများတွင် ဆက်တိုက်ဆိုသလို ပါဝင်ခဲ့ကာ မတူညီသောလူမှုအသိုက်အမြုံများမှ ထိုလုလင်ကောင်ကလေးများကို တညီတညွတ်တည်းဖြစ်စေခဲ့လေသည်။ [၃၀]
လက်ထပ်ထိမ်းမြားခြင်းတော်ဝင်သွေးအချင်းချင်းလက်ထပ်ရန် အချိန်ကျပြီဆိုလျှင် အဲလ်ဘတ်မှာ အများနှင့်မတူ တမူထူးကဲစွာဖြင့် မိမိဇနီးဖြစ်မည့်သူကို ရွေးချယ်ရန်လွတ်လပ်မှုအတော်ပင်ရခဲ့လေသည်။ ဘုရင်မင်းမြတ်က ၎င်းကို ယောခ်မြို့စားခန့်အပ်မည်ဟူသော ကတိကဝတ်နှင့်အတူ အဲလ်ဘတ်ကို ခေတ်ဆန်ဆန်နေတတ်ထိုင်တတ်သော ဩစတေးလျှသူ လဗ်ဘရာ (Loughborough) မြို့စားကတော် ထိုအိမ်ထောင်ရှိအမျိုးသမီးနှင့်တွေ့ဆုံပတ်သတ်ခြင်းကိုရပ်တန့်ရန် တိုက်တွန်းခြင်းကိုလက်ခံသောအခါ သူမအပေါ်အရူးမူးစွဲလမ်းမှုဇာတ်လမ်း ၁၉၂၀ ဧပြီ၌ တစ်ခန်းရပ်ခဲ့သည်။ [၃၁][၃၂] ထိုနှစ်တွင် စထရပ်မော နှင့် ကင်းဟောန်မြို့စားနှင့် မြို့စားကတော်၏ (Strathmore and Kinghorne)တို့၏ အထွေးဆုံးသမီး လေဒီအဲလိဇဘက် ဘိုးဝက်စ် လီယွန်နှင့် ကလေးဘဝကတည်းက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး လက်ထပ်ရန်လည်းဆုံဖြတ်ခဲ့သည်။ [၃၃] ၁၉၂၁၊၁၉၂၂တွင် အများပြောချက်အရ သူမသည် လက်ထပ်ရန် ကမ်းလှမ်းချက်ကို နှစ်ကြိမ်ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်ရန် စတေးမှုမလုပ်လိုသောကြောင့် ဖြစ်ပေသည်။ [၃၄] လေဒီအဲလိဇဘက်၏မိခင် ပြောဆိုချက်များမှာ မိဖုရားရွေးချယ်မှုက အဲလ်ဘတ်ကို ကောင်းစားစေမည် သို့တည်းမဟုတ် ဆိုးဝါးစေမည်။ ဇွဲနပဲနှင့် အတော်ကြာကြာ လူပျိုလှည့်ပြီးနောက် အဲလိဇဘက်က လက်ထပ်ရန်သဘောတူခဲ့သည်။ [၃၅] ဝက်စ်မင်စတာဘုရားရှိခိုးကျောင်းတော်ကြီး၌ ၁၉၂၃ ဧပြီ ၂၆တွင် လက်ထပ်ကြသည်။ အဲလ်ဘတ်၏ တော်ဝင်သွေးမဟုတ်သူကို လက်ထပ်ခြင်းသည် ပို၍ခေတ်မီသောအပြုအမူဟု ယူဆကြလေသည်။ [၃၆] ထိုစဉ်က အသစ်တည်ထောင်ထားသော BBCက ထိုမင်္ဂလာပွဲကို မှတ်တမ်းတင်၍ ရေဒီယိုအစီအစဉ်တွင် လွှင့်ချင်သော်လည်း အက်ဗေးချပ်တာခေါ် ဘုန်းတော်ကြီးအဖွဲ့မှ ဗီတီုသုံးကန့်ကွက်ခဲ့သည်။ (ထိုဂိုဏ်းထောက်မှ ဘုန်းတော်ကြီး ဟားဘာ့အက်ဒ်ဝပ်ရိုင်းလ် (Herbert Edward Ryle)မှ ကြိုဆိုထောက်ခံသည်။) [၃၇] ![]() ၁၉၂၄ ဒီဇင်ဘာမှ ၁၉၂၅ ဧပြီထိ ကင်ညာ၊ယူဂန်ဒါ၊ဆူဒန်နိုင်ငံများသို့ ဆူးအက် တူးမြောင်း နှင့် အေဒင်မြို့များမှတဆင့် လှည့်လည်သွားလာခဲ့ကြသည်။ ခရီးစဉ်အတွင်း ၎င်းတို့နှစ်ဦး big game hunting.ခေါ် အမဲလိုက်ပြိုင်ပွဲတွင်လည်း ပါဝင်ခဲ့ကြသေးသည်။ [၃၈] စကားထစ်ခြင်းကြောင့် လူသူကြားတွင်စကားပြောဆိုရသည်ကို ကြောက်ရွံ့ခဲ့၏။ [၃၉] ၁၉၂၅ အောက်တိုဘာ ၃၁တွင်ကျင်းပသော ဗြိတိသျှအင်ပါယာပြပွဲအခမ်းအနားအပိတ်မိန့်ခွန်းသည်ကား သူ့အတွက်သာမက နားထောင်သူပရိသတ်အတွက်ပါ ကသိကအောက်ဖြစ်ခဲ့သည်။[၄၀] ထိုပွဲအပြီး ဩစတေးလျတိုက်သား စကားထစ်ခြင်းကုထုံးပညာရှင် လီယန်နယ်လို့ဂ် (Lionel Logue) နှင့်တွေ့ဆုံခဲ့သည်။ မြို့စားကြီးနှင့် လို့ဂ် တို့နှစ်ဦး အသက်ရှူလေ့ကျင့်ခန်းများ လေ့ကျင့်ကျပြီး မြို့စားကတော်မှ စိတ်ရှည်လက်ရှည် ပြန်လှန်လေ့ကျင့်ပေးခဲ့သည်။ [၄၁] ထို့နောက်တွင် အဲလ်ဘတ်မှာ စကားကို ထစ်အမှုနည်းစွာဖြင့်ပြောဆိုနိုင်ခဲ့လေသည်။ [၄၂] မိန့်ခွန်းပြောဆိုခြင်းကောင်းမွန်လာမှုနှင့်အတူ ၁၉၂၇ ဗြိတိသျှအင်ပါယာလှည့်လည်ခြင်းခရီးစဉ်၌ ဩစတေးလျနိုင်ငံ ကန်ဘရာမြို့ (Canberry)တွင် လွတ်တော်သစ်ဖွင့်လှစ်ပေးခဲ့သည်။ [၄၃] ရေကြောင်းခရီးစဉ်များဖြစ်သော ဩစတေးလျ၊ နယူးဇီလန်၊ ဖီဂျီ နိုင်ငံများကို ဂျမေကာ မှတဆင့် သွားရောက်ခဲ့ကာ ဂျမေကာတွင် လူမည်းတစ်ဦးဖြစ်သော ဘာ့ထရန် ကလာ့ခ်နှင့် နှစ်ယောက်တွဲ တန်းနစ် (Double Tennis) လည်းကစားခဲ့ပေသည်။ ထိုသို့ လူမည်းတစ်ဦးနှင့် အတူယှဉ်တွဲကစားခြင်းသည် ထိုစဉ်အချိန်က ပုံမှန်သမားရိုးကျမဟုတ်သဖြင့် လူမျိုးများအကြား တန်းတူအခွင့်အရေးပြယုတ်အနေဖြင့် ဒေသတွင်း၌ ယူဆခဲ့ကြ၏။[၄၄]
စိတ်မပါ့တပါ ရာဇပုလ္လင်အရိုက်အရာ![]() ဘုရင်ဂျော့(၅)တွင် မင်းသားအက်ဒ်ဝပ်နှင့် ပတ်သက်၍ ဆိုးဆိုးဝါးဝါးသံသယများရှိလေသည်။ " ကျွန်ုပ်သေဆုံးပြီးလျှင် ဒီကောင်လေး တစ်နှစ်အတွင်း ပျက်ဆီးပါစေ ပြီးတော့ ဆုလည်းတောင်းပါတယ် ဘုရားသခင်၊ ကျွန်တော်မျိုး၏ သားကြီး ဘယ်တော့မှ လက်မထပ်ပါစေနှင့်၊ ဘာတီရယ် လီလီဘက်ရယ် ထီးနန်းရယ်ကြားမှာ ဘယ်အရာ တစ်ခုမျှ ဝင်ရောက်မလာပါစေနှင့်။ " ဟု ဤသို့တောင်းဆုလည်းခြွေခဲ့သည်။ [၄၇] ၁၉၃၆ ဇန်နဝါရီ ၂၀တွင် ဂျော့ဘုရင် သေဆုံး၍ အက်ဒ်ဝပ်သည် အဌမမြောက် အက်ဒ်ဝပ်ဘုရင်အဖြစ် နန်းတက်လာသည်။ ဈာပနနောက်ဆုံးအရိုအသေပေးပွဲတွင် အဲလ်ဘတ်မင်းသားနှင့် ၎င်း၏တစ်ခြားညီအကိုသုံးယောက်တို့သည် (the new king, Prince Henry, Duke of Gloucester, and Prince George, Duke of Kent)ဝက်စ်မင်စတာခန်းမတွင်ထားရှိသော ဖခင်၏ ခေါင်းတလားအား တစ်လှည့်စီ စောင့်ကြပ်ခဲ့ကြသည်။ အက်ဒ်ဝပ်မှာ အိမ်ထောင်မပြုသောကြောင့် သားသမီးမရှိပေ။ အဲလ်ဘတ်မှာ ထီးနန်းမွေခံဖြစ်ဖို့ ယုတ်တိတန်သည်။ တစ်နှစ်မပြည့်ခင် ၁၉၃၆ ဒီဇင်ဘာ ၁၁ ၌ အက်ဒ်ဝပ်သည် ဝေါလစ် ဆင်ပ်ဆန်ခေါ်အမျိုးသမီးကို လက်ထပ်ရန်အတွက် နန်းဆင်းခဲ့သည်။ သူမမှာ ပထမယောက်ျားနှင့်ကွာထားပြီး ဒုတိယယောက်ျား နှင့်လည်း ကွာရှင်းတော့မည်။ ဗြိတိသျှဝန်ကြီးချုပ် စတန်လီ ဘော့ဝင်း(Stanley Baldwin)က အက်ဒ်ဝပ်အား ဘုရင်လုပ်၍ လက်ရှိယောက်ျားနှစ်ဦးကို ကွာထားသော တစ်ခုလပ်(နှစ်ခုလပ်)အမျိုးသမီးကို ယူရန်မသင့် ယူရန်မဖြစ်နိုင်ပါဟု အကြံပေးပြောဆိုခဲ့သည်။ အက်ဒ်ဝပ်မှာ လက်ထပ်မည့်အစီအစဉ်ကို စွန့်လွှတ်ရန်ထက် နန်းဆင်းပေးဖို့ကိုသာ ရွေးချယ်ခဲ့လေသည်။ သို့ဖြစ်၍ အဲလ်ဘတ် ထီးနန်းရသည်။ ဘုရင်ရာထူးသည် အဲလ်ဘတ်အဖို့ လက်ခံရန်လိုလိုလားလားမရှိသော အရာပင်ဖြစ်လေတော့သည်။ [၄၈] နန်းစွန့်ပွဲပြီးနောက်တစ်ရက်တွင် အဲလ်ဘတ်သည် လန်ဒန်ရှိ မိခင် မယ်ရီအားသွားရောက်တွေ့ဆုံခဲသည်။ သူ့၏ ကိုယ်ရေးမှတိတမ်းထဲ၌ ဤကဲ့သို့ရေးသားထားသည်။ " မယ်တော့်ကို ဖြစ်သမျှအကြောင်း သံတော်ဦးတင်ပြီးတဲ့အခါ ငါကိုယ်တော်လည်း ကလေးလေးတစ်ယောက်လို ချုံးပွဲချငိုခဲ့မိတယ်။ " [၄၉] နန်းဆင်းသောနေ့ဝယ် အိုင်ယာလန် လွှတ်တော် "အက်ရခ်တာ"( the Oireachtas )က အိုင်ယာလန်ဖွဲ့စည်းပုံမှ ဘုရင်နှင့်ပတ်သက်သောအရာများကို တိုက်ရိုက်ဖယ်ရှားခဲ့သည်။ နောက်ရက်၌ ထိုလွှတ်တော်ကပင် ဘုရင်အား အကန့်အအသတ်ဖြင့်ပေးအပ်ထားသော အခွင့်အာဏာဖြစ်သည့် အိုင်ယာလန်နိုင်ငံအတွက် နိုင်ငံခြားရေးရာစာချုပ်များချုပ်ဆိုမှုတွင်ပါဝင်နိုင်ခွင့်၊(အစိုးရအဖွဲ့၏ အကြံပေးချက်ပေါ်တွင် တိတိကျကျလုက်ကိုင်ရသော) သံတမန်ကိုယ်စားလှယ်ခန့်အပ်နိုင်မှုစသော အရာများကိုပေးအပ်ထားသော ပြည်ပဆက်ဆံရေးအက်ဥပဒေကိုပြထမ်းသည်။ ထိုအက်ဥပဒေနှစ်ရပ်သည် အိုင်ယာလန်ကို ဓနသဟာယနိုင်ငံအဖွဲ့ဝင် မှမထွက်ပဲ လွတ်လပ်သောနိုင်ငံဖြစ်စေခဲ့သည်။ [၅၀] နန်းတွင်းတွင်ခစားသော သတင်းသမားတစ်ဦးလည်းဖြစ်သော ဒါးမော့ မိုရ(Dermot Morrah)က မင်းသားအဲလ်ဘတ်နှင့် မင်းသား ဟန်နရီကို ကျော်ခွပြီး အငယ်ဆုံးမင်းသားဖြစ်သော မင်းသားဂျော့ကို နန်းတင်ရန် လိုလားခြင်းနှင့်ပတ်သတ်၍ ခေတ္တမျှသောမှန်းဆချက်ရှိခဲ့လေသည်ဟု စွပ်စွဲသည်။ ဤသည်မှာ မင်းသားဂျော့တစ်ဦးတည်းသာလျှင် ထိုစဉ်က သားယောက်ျားလေးရှိသည်ဆိုသည့် အကြောင်းအရင်းကို ဆိုလိုဟန်တူသည်။ [၅၁] အစောပိုင်း ထီးနန်းစိုးစံစဉ်ကာလမင်းဆက်အပေါ် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်နှင့် ခမည်းတော်အမည်ကိုဆက်လက်ခံယူရန် ဆဌမမြောက်ဂျော့ဘုရင်ဟူသော နန်းစဉ်အမည်ကိုယူသည်။ [၅၂] ဂျော့ဘုရင်(၆)၏ အစောပိုင်းထီးနန်းစိုးစံမှုသည် ၎င်းအကိုတော်နှင့်ပတ်သက်သောမေးခွန်းများစွာဖြင့် ပြည့်နှက်ခဲ့လေသည်။ ယခင်အက်ဒ်ဝပ်ဘုရင်၏ ရာထူးအဆောင်ယောင်၊ပုံစံ၊ အနေအထားများမှာ တည်ငြိမ်မှုမရှိပေ။ နန်းစွန့်ပွဲအခမ်းအနားလွှင့်ရာတွင် "ကြီးမြတ်လှသောတော်ဝင်မင်းသား အက်ဒ်ဝပ်" (His Royal Highness Prince Edward)ဟု ခေါ်ဝေါ်သုံးဆွဲခဲ့၏။ [၅၃] သို့သော် နန်းစွန့်ရရှာသော အက်ဒ်ဝပ်အဖို့ "ကြီးမြတ်လှသော တော်ဝင်ဘွဲ့" (Royal Highness)ပါဆုံးရှုံးရပေသည်ဟု ဂျော့(၆)က ဤကဲ့သို့ခံစားမိသည်။ [၅၄] ပြဿနာကိုဖြေရှင်းရာတွင် ဘုရင်အနေဖြင့် ဂျော့၏ ပထမဆုံးလုပ်ဆောင်ချက်မှာ အကိုတော်ကို တော်ဝင်အမည်ပါရှိသော ဝင်ဆာမြို့စားချီးမြင့်ခြင်းပင်ဖြစ်လေသည်။ မြို့စားအဆောင်အယောင်ဘွဲ့တံဆိပ်ကို ချီးမြင့်ရန် ဖန်တီးထားသော စကားလုံးများမှာ အက်ဒ်ဝပ်နှင့် ပတ်သက်သောဇနီး၊သားသမီးများမှာ တော်ဝင်နန်းတော် (နန်းအမည်များ) နှင့် ဆက်နွှယ်ခြင်းမရှိစေရဟူ၍ဖြစ်သည်။ ဘယ်လ်မိုရယ်ရဲတိုက်နှင့် ဆန်ဒရင်ဂမ်စံအိမ်မှာ အက်ဒ်ဝပ်၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်သဖြင့် ဂျော့ဘုရင်(၆)ထံသို့ အလိုအလျောက် ရောက်ရှိမလာနိုင်ပေ။ ထို့ကြောင့်ဂျော့အား အဆိုပါအဆောက်အဦးများကို ဝယ်ယူရန် ဖိအားပေးခဲ့သည်။ [၅၅] နန်းတက်ပြီးသုံးရက်အကြာ ၎င်း(၄၁)နှစ်ပြည့်မွေးနေ့တွင် မိဖုရားအား တော်ဝင်ဂါတာအဖွဲ့ဝင်(the Order of the Garter)အဖြစ်သတ်မှတ်ချီးမြင့်ခဲ့သည်။ (နန်းတော်နှင့်သက်ဆိုင်သော အဖွဲ့တစ်ခု) [၅၆] ဂျော့ဘုရင်(၆)၏ နန်းတက်ပွဲအခမ်းအနားကို ၁၉၃၇ မေလ ၁၂တွင် ဝက်စ်မင်စတာဘုရားရှိခိုးကျောင်းတော်ကြီး၌ ပြုလုပ်ကျင်းပခဲ့သည်။ ထိုနေ့မှာ အက်ဒ်ဝပ်နန်းတက်ပွဲအတွက်ရည်ရွယ်ထားသော ရက်စွဲလည်းဖြစ်ပေသည်။ အစဉ်အလာကိုဖျက်၍ မိခင်မိဖုရားခေါင်ကြီးပွဲတက်လာကာ သားတော်ကိုထောက်ခံအားပေးမှုပြသခဲ့သည်။ [၅၇] နယူးဒေလီမြို့တွင် ၎င်းဖခင်လက်ထက်အတိုင်း ဂျော့အတွက် ဗြိတိသျှရုံးတော်မရှိသေးပေ။ ထိုအတွက်စရိတ်စကမှာ အိန္ဒိယအစိုးရအပေါ်တွင် ဝန်ထုတ်ဝန်ပိုးဖြစ်နေလေသည်။ [၅၈] အိန္ဒိယအမျိုးသားရေးလှုပ်ရှားမှုမြင့်တက်လာခြင်းသည် ဗြိတိသျှနန်းတော်အဖွဲ့အားလက်ခံမှုကို အကောင်းမြင်ရှုထောင့်မှဆိုလျှင် အားပျော့စေဖွယ်ရာဖြစ်နိုင်ခဲ့သည်။ [၅၉] ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် ပြင်းထန်သောကာလများ၌ ဗြိတိသျှ၏ ကြာရှည်သောပျက်ကွက်နေခြင်းမလည်းမလိုလားသောအရာပင်။ ပြည်ပခရီးစဉ်နှစ်ခုဖြစ်သည့် ပြင်သစ်နှင့် မြောက်အမေရိကသို့ ခရီးစဉ်ထွက်ခွာခဲ့၍ နှစ်နိုင်ငံလုံးမှာ စစ်ပွဲဖြစ်လျှင် ဗျူဟာကျကျအားသာမှုရအောင်လုပ်ဆောင်ကြမည်ဟု ကတိကဝတ်များပေးခဲ့ကြသည်။ [၆၀] ဂျော့ဘုရင်(၆)၏ အစောပိုင်းနန်းစံချိန်တွင် ဥရောပမှာ စစ်ကြီးဖြစ်ရန် အလားလာကောင်းနေခဲ့သည်။ ဘုရင်မှာ ဖွဲ့စည်းပုံအရ နန်းရင်းဝန် နဗီးလ် ချိန်ဘာလိန်( Neville Chamberlain) ၏ ဟစ်တလာနှင့် စစ်ပြေငြိမ်းရေးအစီအမံကို သေချာပေါက်ထောက်ခံရမည်။ [၆၁] သို့သော် ဘုရင်နှင့် မိဖုရားက ၁၉၃၈ ချိန်ဘာလိန် မြူးနစ်သဘောတူဆွေးနွေးပွဲမှ ပြန်လာခြင်းကို ကြိုဆိုရာတွင် ချိန်ဘာလိန်ကိုပါ ဘက်ကင်ဂမ်နန်းတော် လသာဆောင်တွင် ၎င်းတို့နှင့်အတူရှိရန် ဖိတ်ကြားခဲ့သာ်။ တော်ဝင်နန်းတော်နှင့် နိုင်ငံရေးသမားတစ်ဦး ယခုလိုလူသိထင်ရှားဆက်နွယ်ပတ်သက်ခြင်းမှာ မကြုံစဖူးထူးကဲလှပေသည်။ အကြောင်းမူကား လသာဆောင်တွင် ပြည်သူလူထုရှေ့၌ ကိုယ်ထင်ပြရခြင်းကို တော်ဝင်မိသားစုသာလျှင် လုပ်ဆောင်ရမည်ဟု အစဉ်အလာအားဖြင့်ကန့်သတ်ထားသည်။ တဖက်က လူထုအကြားရေပန်းစားနေသော်လည်း နောက်တဖက်တွင်ကား ချိန်ဘာလိန်၏ ဟစ်တလာအပေါ်မူဝါဒမှာ အောက်လွှတ်တော်တွင်(the House of Commons) ကန့်ကွက်မှုများနှင့် ကိစ္စဖြစ်လာခဲ့ရာ အဆိုပါကိစ္စအား သမိုင်းပညာရှင် ဂျွန်ဂရစ်( John Grigg)က နိုင်ငံရေးသမားတစ်ဦးနှင့် အရေးတယူဆက်ဆံနေသော ဘုရင့်အပြုအမူအား " မျက်မှောက်ရာစုနှစ် ဗြိတိသျှဘုရင်တစ်ပါး၏ ဖွဲ့စာ်းပုံနှင့်မညီဆုံးသော လုပ်ဆောင်မှု"ဟု ဖော်ပြခဲ့သည်။ [၆၂] ![]() ၁၉၃၉ မေလ၊ဇွန်လ၌ ဘုရင်နှင့်မိဖုရားတို့သည် ကနေဒါနှင့် အမေရိကသို့ ထွက်ခွာခဲ့ကြသည်။ အော့တဝမြို့(Ottawa)မှတလျှောက် ၎င်းတို့နှစ်ဦးကို ကနေဒါဝန်ကြီးချုပ် ဝီလီယံလီယွန် မက်ကန်းဇီးကင်း (William Lyon Mackenzie King)က အဖော်လိုက်ပါပေးခဲ့သည်။ [၆၃] ထိုသို့ လိုက်ပါပို့ဆောင်ခြင်းသည် ဂျော့တို့နှစ်ယောက်အား ကနေဒါ၏ဘုရင်နှင့်မိဖုရားဖြစ်ကြောင်း မြောက်အမေရိကကိုပြသရန်ဖြစ်ပေသည်။ [၆၄][၆၅] ဂျော့သည် ယော့ခ်မြို့စား၊မင်းသားအဲလ်ဘတ်အဖြစ် ကနေဒါကို သွားလာဖူးသော်လည်း လက်ရှိစိုးစံနေသောဘုရင်တစ်ပါးအနေဖြင့် မြောက်အမေရိကကိုလည်ပတ်ဖူးသော ပထမဆုံးဘုရင်တစ်ပါးဖြစ်ခဲ့၏။ ကနေဒါဘုရင်ခံ လော့ဒ် တွီးစမြူရာ(Tweedsmuir)နှင့် မက်ကန်းဇီးကင်း(Mackenzie King)တို့သည် ၁၉၃၁ ဝက်စ်မင်စတာမှ ပြထမ်းထားသော ဥပဒေစည်းမျဉ်းများအရ ကနေဒါအား ဗြိတိသျှဓနသဟာယတင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းကို ယခုဘုရင်ရောက်ရှိလာခြင်းက သရုပ်ဖော်ပြနိုင်ပေမည်ဟု မျှော်လင့်ကြသည်။ ၁၉ မေတွင် ဂျော့ဘုရင်ကိုယ်တိုင် ဒန်နီရယ် ကဲလ်ဟော့န် ရိုပါ(Daniel Calhoun Roper) အမေရိကန်သံအမတ်သစ် ခန့်အပ်လွှာကို ကိုယ်တိုင်ကိုယ်ကျလက်ခံ အတည်ပြုပေးခဲ့၏။ လွှတ်တော်ဥပဒေကြမ်းကိုးခုအား လက်ခံအတည်ပြု၍ ကနေဒါ၏ ပြည်ပရေးရာစစ်စာချုပ်နှစ်ခုကို နိုင်ငံတော်တံဆိပ်တုံးဖြင့်ရိုက်နှိပ်လက်မှတ်ရေးထိုးပေးခဲ့သည်။ တရားဝင်နန်းတွင်းရေးရာခရီးစဉ် သမိုင်းပညာရှင် ဂက်စတေ့ လန့်ခ်တော့(Gustave Lanctot)က "ဝက်စ်မင်စတာလွှတ်တော်ဥပဒေ၏ပြည့်ဝစွာအသက်ဝင်မှု" ဟုရေးသားခဲ့၏။ ဂျော့ဘုရင်က ၎င်းမိန့်ခွန်းတွင် "ဓနသဟာယနိုင်ငံများ၏ ညီမျှလွတ်လပ်သော ဆက်ဆံခြင်း"ဟု အလေးအနက်ပြောဆိုသွားခဲ့သေးလေသည်။ [၆၆] ခရီးစဉ်၏ရည်ရွယ်ချက်မှာ ဥရောပတွင် ဖြစ်ပေါ်လာသောစိုးရိမ်မှုများနှင့်ပတ်သက်၍ မြောက်အမေရိကနေ ပြည်သူလူထုကြားပြင်းထန်သော ကွဲထွက်မပတ်သက်လိုခြင်းအလားအလာများကို ပျော့ပြောင်းညင်သာစေရန်ဖြစ်သည်။ ခရီးစဉ်ဦးတည်ချက်မှာ အဓိကအားဖြင့် နိုင်ငံရေးသဘော၊ ဖြစ်လာနိုင်မည့် စစ်ပွဲများတွင် ယူကေနိုင်ငံအတွက် အတ္တလန္တိတ်ဘက်မှ ထောက်ပံ့အားပေးရန်ဖြစ်ပေသော်လည်း ဘုရင်နှင့် မိဖုရားကို ပြည်သူများမှ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြ၏။ [၆၇] ဂျော့ကို ၎င်းရှေ့ကဘုရင် အက်ဒ်ဝပ်(၈) နှင့် အကြိုက်မတွေ့စွာနှိုင်းယှဉ်လိမ့်မည်ဆိုသော စိုးရိမ်မှုများလွင့်ပါးသွားခဲ့သည်။ [၆၈] ၁၉၃၉ နယူးယောက်မြို့ ကမ္ဘာ့ကုန်စည်ပြပွဲကို သွားရောက်လည်ပတ်ခဲ့ပြီး သမ္မတရုစဗဲ့ နှင့်အတူ အိမ်ဖြူတော်တွင်အတူနေထိုင်ခဲ့ကာ နယူးယောက်မြို့ ဟိုင်းပါ့ခ် (Hyde Park)ရှိ ၎င်းပိုင်ဆိုင်သော စံအိမ်တွင်လည်းနေခဲ့ကြသေးသည်။ [၆၉] ခရီးစဉ်အတွင်း သမ္မတနှင့် ဘုရင်၊မိဖုရားတို့၏ သံယောဇဉ် ခိုင်မာခဲ့သဖြင့် ယူကေ ယူအက်စ်ဆက်ဆံရေးမှာ စစ်ကြီးပြီးသည့်နှစ်ကာလများတစ်လျှောက်လုံး အရေးပါအရာရောက်ခဲ့သည်။ [၇၀][၇၁] ဒုတိယကမ္ဘာစစ်ကြီး၁၉၃၉ စက်တင်ဘာတွင် အိုင်ယာလန်မှလွဲ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဓနသဟာယနိုင်ငံများများနှင် ဗြိတိန်တို့သည် နာဇီဂျာမနီအပေါ်စစ်ကြေညာခဲ့သည်။ [၇၂] ဂျော့ဘုရင်(၆)နှင့် မိဖုရားတို့သည် ဂျာမန်များ၏ လေကြောင်းတိုက်ခိုက်ဗုံးကြဲမှုများရှိသော်လည်း လန်ဒန်မြို့တွင်နေထိုင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ စစ်ပွဲအတွင်း ညပိုင်း၌ ဝင်ဆာ ရဲတိုက်ကြီးတွင် အချိန်ကုန်ဆုံး၍ တရားဝင်အားဖြင့် ဘက်ကင်ဟမ်နန်းတော်တွင်သာနေထိုင်ခဲ့ကြ၏။[၇၃] ၁၉၄၀ စက်တင်ဘာ ၇တွင် လန်ဒန်မြို့ကို ဂျာမန်များပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်သည့် ပထမည၌ပင် အများစုမှာလန်ဒန်အရှေ့ပိုင်းနေ ပြည်သူများအပါအဝင် လူပေါင်း (၁၀၀၀)ခန့်သေဆုံးခဲ့ရသည်။ [၇၄] ထိုလ ၁၃ရက်နေ့တွင် ဘုရင်နှင့်မိဖုရားတို့မှာ ဘက်ကင်ဟမ်နန်းတော် ပရဝုဏ်အတွင်း ဂျာမန်ဗုံးနှစ်လုံးပေါက်ကွဲစဉ် အသက်ဘေးမှသီသီလေးလွတ်မြောက်ခဲ့ကြသည်။ [၇၅] ထိုအဖြစ်အပျက်ကို အာခံ၍ မိဖုရားသည် ဤသို့ကြွေးကျော်လေသည်။ " တို့တွေဆီကိုဗုံးလာကြဲတာ တို့များဝမ်းမြောက်မိတယ်(နန်းတော်ဗုံးကြဲခြင်း)။ အခုမှပဲ လန်ဒန်အရှေ့ပိုင်းဆီက လူတွေရဲ့မျက်နှာများကို ရင်ဆိုင်ကြည့်နိုင်တဲ့ ခံစားမှုမျိုးရတော့တယ်။ [၇၆] တော်ဝင်မိသားစုကို တိုင်းပြည်၏ပြည်သူလူထုခံစားရသည့် ဒုက္ခ၊အခက်အခဲများကို ဝေမျှခံစားကြသည်ဟုလည်းဖော်ပြခဲ့ကြသည်။ တော်ဝင်မိသားစုမှာ ရိက္ခာခွဲတန်းကန့်သတ်ချက်တွင် အကျုံးဝင်ရာ ယူအက်စ် သမ္မတကတော်က ထိုသို့ အေးစက်စက်ကောင်းပြီး လုံခြုံရေးအတွက် ပျဉ်များဖြင့်ကာထားသောနန်းတော်တွင်တည်းစဉ် တည့်ခင်းဧည့်ခံသော ခွဲတမ်းရိက္ခာအစားအသောက်နှင့် အကန့်အသတ်ဖြင့်သာချိုးခွင့်ရှိသော ရေတို့အပေါ် မှတ်ချက်ပြုသွားခဲ့သည်။[၇၇] ၁၉၄၂ ဩဂုတ်လတွင် ဘုရင့်ညီတော် မင်းသားဂျော့ (ကန့်မြို့စား) တာဝန်ထမ်းဆောင်နေစဉ် အသတ်ခံရသည်။[၇၈] ![]() ဂျော့ဘုရင်မှာ လော့ဒ် ဟဲလစ်ဖက်စ် (Lord Halifax)အားပုဂ္ဂလ်ရေးအရ ဝန်ကြီးချုပ်ခန့်အပ်ရန်ဆန္ဒရှိသော်လည်း ၁၉၄၀၌ ဝင်စတန် ချာချီသည် နဗီးလ်ချိန်ဘာလိန်နေရာတွင် ဝန်ကြီးချုပ်ဖြစ်လာသည်။ [၇၉] ချာချီက လော့ဒ် ဘီဗာဘရွတ် (Lord Beaverbrook )ကို ၎င်းအစိုးရအဖွဲ့အတွင်းသို့ ရာထူးခန့်အပ်သည့် ကိစ္စအပေါ် စိုးရိမ်ချောက်ချားခဲ့ပြီး နောက်ပိုင်းတွင် ဂျော့ဘုရင်နှင့် ချာချီတို့မှာ ဘုရင်တစ်ပါးနှင့် ဝန်ကြီးချုပ်တစ်ဦးတို့ကြား ခေတ်သစ်ဗြိတိသျှသမိုင်းတွင် ပုဂ္ဂိုလ်ရေးအရအနီးကပ်ဆုံးဆက်ဆံရေးကို ထူထောင်နိုင်ခဲ့လေသည်။ [၈၀] ၁၉၄၀ စက်တင်ဘာမှစ၍ လေးနှစ်ခွဲကြာကြာ အင်္ဂါနေ့တိုင်း ၎င်းတို့နှစ်ဦးမှာ နေ့လယ်စာချိန်၌ လျှို့ဝှက်တွေ့ဆုံကြသည်။ စစ်ရေးစစ်ရာများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခဲ့ကြ၏။ [၈၁] စစ်ကြီးအတွင်း ဘုရင်နှင့် မိဖုရားတို့သည် စိတ်ဓာတ်မြှင့်တင်ရေးအတွက် ယူကေတစ်ခွင်သို့ လှည့်လည်သွားလာခဲ့ကြသည်။ ဗုံးဒဏ်သင့်နေရာများ၊ လက်နက်သက်ရုံများနှင့် စစ်သည်တော်များရှိရာနေရာများပါဝင်သည်။ နိုင်ငံရပ်ခြား ဗြိတိသျှစစ်သားများရှိရာ ပြင်သစ်ပြည်သို့ (၁၉၃၉)၊ မော်လတာနိုင်ငံသို့ (၁၉၄၃)၊ နော်မန်ဒီသို့ (၁၉၄၄)၊ အီတလီတောင်ပိုင်းသို့ (၁၉၄၄)၊ ဥရောပအနောက်မြောက်ပိုင်းရှိ နိုင်ငံများသို့ (၁၉၄၄) စသည်တို့ကိုလည်းသွားရောက်ခဲ့၏။ [၈၂] ပြည်သူအကြားထင်ပေါ်ခြင်း၊မဆုတ်နစ်သော သန္နိဌာန်တို့ကြောင့် ၎င်းတို့မောင်နှံမှာ အမျိုးသားရေးခုခံကာကွယ်မှု၏ ပြယုတ်များဖြစ်လာကြသည်။ [၈၃] ၁၉၄၄ လူမှုရေးပွဲတစ်ခုတွင် တော်ဝင်တပ်မတော်၏ အဓိပတိ ဖီးလ်မာရှယ် ဆာ အလန် ဘရွတ် (the Chief of the Imperial General Staff, Field Marshal Sir Alan Brooke)က သူ ဖီးလ်မာရှယ် [[မောင်ဂိုမာရီ၊ ဗားနတ်လော၊လော့|မောင့်ဂိုမာရီ]ကိုတွေ့တိုင်း |မောင့်ဂိုမာရီ]ဟာ သူ့ရာထူးနောက်ကိုလိုက်နောက်(ရာထူးလိုချင်)သည်ဟု ထင်မြင်မိကြောင်း ထုတ်ဖော်ပြောဆိုသောအခါ ဘုရင်ကပြန်ပြောသည်။ "စိုးလည်း စိုးရိမ်သင့်ပါတယ်လေ။ ကိုယ်တော်လည်း သူ့ကိုတွေ့ရင် သူက ကိုယ်တော့်ရာထူးလည်း လိုချင်နေတာပဲလို့ ထင်မိသကွာ!" [၈၄] ၁၉၄၅၌ လုစုများက ဥရောပနေ့အောင်ပွဲအခမ်းအနား (စစ်ကြီးပြီးစီးခြင်းအောင်ပွဲနေ့၊ V Day ဟုလည်းခေါ်ဝေါ်သည်)တွင် ဘက်ကင်ဟမ်နန်းတော်ရှေ့မှ အော်ဟစ်ကြသည် " ဘုရင်မင်းမြတ်ကို အလိုရှိပါတယ်"။ နန်းရင်းဝန် ချိန်ဘာလိန်ကဲ့သို့ပင် ဘုရင်က ချာချီကို တော်ဝင်မိသားစုနှင့်အတူ လသာဆောင်၌ လူထု၏ကောင်းချီးဩဘာခံယူရန် ဖိတ်ကြားခဲ့သည်။ [၈၅] ဂျော့ဘုရင်သည် ၁၉၄၆ ဇန်နဝါရီလကမ္ဘာ့ကုလသမ္မဂပထမအကြိမ်ညီလာခံ၌ မိန့်ခွန်းခြွေခဲ့၏။ " အမျိုးသားရော အမျိုးသမီးရော၊ တိုင်းပြည်ကြီးသည်ဖြစ်စေ တိုင်းပြည်ငယ်သည်ဖြစ်စေ အားလုံးရဲ့ တန်းတူညီမျှအခွင့်အရေးကို ကျွန်ုပ်ယုံကြည်ပါတယ်။" ဟုထပ်လောင်းပြောဆိုခဲ့သည်။ ထိုညီလာခံကို လန်ဒန်မြို့၌ ကျင်းပခဲ၏။ [၈၆] အင်ပါယာနိုင်ငံကြီးမှ ဓနသဟာယနိုင်ငံများကွဲထွက်ခြင်း![]() ဂျော့ဘုရင်(၆) စိုးစံမှုအတွင်း ဗြိတိသျှအင်ပါယာမြန်မြန်ဆန်ဆန်ပြိုကွဲလာသည်ကို တွေ့ကြုံခံစားရခဲ့၏။ ဗြိတိသျှထိန်းချုပ်အုပ်ချုပ်သောနိုင်ငံများ(the Dominions) သီးခြားအချုပ်အခြာအာဏာပိုင်နိုင်ငံများအဖြစ် ပေါထွက်လာခြင်းကို ၁၉၃၁ ဝက်စ်မင်စတာ ပြထမ်းဥပဒေက အသိအမှတ်ပြုပေးပြီးဖြစ်၏။ ဒုတိယကမ္ဘာစစ်ကြီးအပြီး အင်ပါယာတစ်ခုမှခွဲထွက်၍ လွတ်လပ်သောနိုင်ငံများ သဘောဆန္ဒအလျောက်ဖွဲ့စည်းသောအဖွဲ့ (သို့) ဓနသဟာယနိုင်ငံများအဖွဲ့သို့ အသွင်ကူးပြောင်းမှုများအရှိန်ဟုန်ကောင်းကောင်းဖြစ်လာသည်။ [၈၇] အက်တလီ၏ အစိုးရသက်တမ်းအတွင်း ဗြိတိသျှအိန္ဒိယအင်ပါယာသည် ၁၉၄၇၌ အိန္ဒိယ ပါကစ္စတန်ဟူသော လွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်လာခဲ့ကြသည်။ [၈၈] ဂျော့ဘုရင်မှာ အိန္ဒိယအင်ပါယာဧကရာဇ်ဟူသော ဘွဲ့ကိုစွန့်လွှတ်ခဲ့ရလေသည်။ ထိုအစား အိန္ဒိယဘုရင်၊ ပါကစ္စတန်ဘုရင် ဖြစ်လာသည်။ ၁၉၅၀တွင် အိန္ဒိယသည် ဓနသဟာယနိုင်ငံအဖွဲ့ဝင် ဖြစ်လာသောအခါ အိန္ဒိယဘုရင်အဖြစ်ရပ်တန့်သွား၍ ဂျော့ကို ဓနသဟာယနိုင်ငံအဓိပတိအဖြစ် အသိအမှတ်ပြုသည်။ ပါကစ္စတန်ဘုရင်ပဖြစ်ဆက်လက် ရပ်တည်သည်။ တစ်ခြားသောနိုင်ငံများ ဓနသဟာယနိုင်ငံများအဖွဲ့မှ ထွက်ခွာခဲ့သာ်။ မြန်မာနိုင်ငံ - ၁၉၄၈ ဇန်နဝါရီ (၄)ရက်၊ ပါလက်စတိုင်းနိုင်ငံ (အစ္စရေးနှင့်အတူကွဲ) -၁၉၄၈ မေ၊ အာရပ်ပြည်ထောင်စု - ၁၉၄၈ မေ၊ အိုင်ယာလန်ပြည်သူ့သမ္မတနိုင်ငံ -၁၉၄၉ တွင် အသီးသီးလွတ်လပ်ရေးယူခဲ့ကြ၏။ [၈၉] ၁၉၄၇တွင် ဘုရင်နှင့်မိသားစု အာဖရိကတောင်ပိုင်းသို့ သွားရောက်ခဲ့ကြသည်။ [၉၀] တောင်အာဖရိကပြည်ထောင်စုနိုင်ငံ၏ ဝန်ကြီးချုပ်ယန် စမတ်(Jan Smuts)မှာ ရွေးကောက်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး ဤသို့လာရောက်လည်ပတ်ခြင်းမှ နိုင်ငံရေးအမြတ်ထုတ်ရန်မျှော်လင့်ထား၏။ [၉၁] ဂျော့ကို လူဖြူများနှင့်သာ လက်ဆွဲနှုတ်ဆက်ရန် တောင်အာဖရိကအစိုရမှ ညွှန်ကြားသောအခါ ဂျော့မှာ စိတ်ပျက်တုန်လှုပ်ခဲ့ရပြီး[၉၂] ၎င်းကိုလိုက်ပါစောင့်ရှောက်သော သက်တော်စောင့်အဖွဲ့ကို ရင်စက်သောနာဇီဂျာမနီလျှို့ဝှက်ရဲတပ်ဖွဲ့ဂက်စတာပိုဟု ရည်ညွှန်းဖော်ပြခဲ့ကြသည်။ [၉၃] ထိုခရီးစဉ်ဖြစ်မြောက်ခဲ့သော်လည်း စမတ်မှာ နောက်တစ်နှစ်တွင်ပြုလုပ်သောရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ပေသည်။ အစိုးရသစ်သည် လူမျိုးရေးခွဲခြားမှုနှင့်ပတ်သက်သော တင်းကျပ်သည့်မူဝါဒကို ပြထမ်းခဲ့သည်။
နာမကျန်းဖြစ်မှု နှင့် ကွယ်လွန်ခြင်း![]() စစ်ဒဏ်များက ဘုရင့်ကျန်းမာရေးကို လွန်စွာထိလိုက်စေခဲ့၏။ [၉၄][၉၅] ဆေးလိပ်အလွန်အကျွံသောက်ခြင်းက ပိုမိုဆိုးရွားစေပြန်သည်။ [၉၆] တခြားရောဂါများအဖြစ် သွေးလွှတ်ကြောနံရံများမာသည့်ရောဂါ (arteriosclerosis)၊ သွေးကြောအသေး၊အလတ်များယောင်ရမ်း၍ ပိတ်ဆို့သည့်ရောဂါ (Buerger's diseas)များနှင့်အတူ နောက်ဆက်တွဲ အဆုတ်ကင်ဆာပါဖြစ်ပေါ်လာခဲ့၏။ ညာခြေတွင် သွေးလွှတ်ကြောပိတ်သွားသဖြင့် ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံ ခရီးစဉ်များရွေ့ဆိုင်းခဲ့ရသည်။ ထိုသွေးကြောပိတ်ခြင်း၏ ခြိမ်းချောက်ခြင်းမှာ ခြေထောက်ဆုံးရှုံးမှုပင်ဖြစ်နိုင်၍ ၁၉၄၉ မတ်လတွင် ခါးဆစ်ကျောရိုးရှိသက်ဆိုင်သော အာရုံကြောဖယ်ရှားခြင်းပုံစံဖြင့် ကုသခဲ့ရ၏။[၉၇] ဖခင်ဖြစ်သူ ကျန်းမာရေးဆိုးရွားချိန်တွင် ထီးမွေခံ သမီးအကြီး အဲလိဇဘက်မှ နန်းတွင်းရေးရာတာဝန်ဝတ္တရားများကို ပို၍ထမ်းဆောင်ခဲ့သည်။ ရွှေ့ဆိုင်းခဲ့သော ခရီးစဉ်ကို ပြန်လည်စီစဉ်ကာ ဘုရင်နှင့်မိဖုရားနေရာ၌ အဲလိဇဘက်နှင့် ကြင်ယာတော်အက်ဒင်ဗာရာမြို့စား မင်းသားဖိလစ်(အင်ဒီဘာ့ဂ်မြို့စား) တို့အစားဝင်ယူ၏။ ၁၉၅၁ မေလ၌ ကျန်းမာရေးအတော်လေးကောင်းလာ၍ ဗြိတိန်ပွဲတော် ဖွင့်ပေးခဲ့သည်။ သို့သော် ၁၉၅၁ စက်တင်ဘာ ၂၃ ၌ အန္တရာယ်ရှိသောအကျိတ်ကိုတွေ့ရ၍ ကလန့်မန့် ပရိုက်စ် တောမတ်စ်(Clement Price Thomas)မှ ဂျော့၏ဘယ်ဘက်အဆုတ်ကို ဖယ်ရှားပေးခဲ့သည်။ [၉၈] ၁၉၅၁ အောက်တိုဘာ၊ မင်းသမီး အဲလိဇဘက် နှင့် အင်ဒီဘာ့ဂ်မြို့စားတို့ ကနေဒါသို့ တစ်လခရီးစဉ်ထွက်မည်ဖြစ်ရာ ဘုရင့်ကျန်းကျန်းမာရေးအခြေအနေကြောင့် တစ်ပတ်ခန့် နောက်ဆုတ်ခဲ့ရသေးသည်။ နိုဝင်ဘာတွင် ပါလီမန်ဖွင့်ပွဲ၌ ဘုရင့်မိန့်ခွန်းကို အထက်လွှတ်တော်အဓိပတိ လော့ဒ် ဆိုင်မန်(the Lord Chancellor, Lord Simonds)မှ အစားဖတ်ကြားပေးခဲ့ရသည်။ [၉၉] ၁၉၅၁ ခရစ်စမတ် အသံလွှင့်ခြင်းကို အပိုင်းလိုက် အသံသွင်းကြပြီး နောက်ပိုင်းမှ တည်းဖြတ်ပေါင်းစပ်ခဲ့လေသည်။ .[၁၀၀] ၁၉၅၂ ဇန်နဝါရီ ၃၁၊ နီးစပ်သူများမှ အကြံပေးပြောဆိုသော်လည်း ဘုရင်မှာ လန်ဒန် ဟိသ်ရိုး လေဆိပ်သို့သွားခဲ့သည်။ [မှတ်စု ၂] အကြောင်းမှာ မင်းသမီးအဲလိဇဘက်ကို ပို့ဆောင်နှုတ်ဆက်ရန်ဖြစ်၏။ မင်းသမီးမှာ ကင်ညာနိုင်ငံမှတဆင့် ဩစတေးလျခရီးစဉ်ထွက်ရန်ဖြစ်သည်။ ဖေဖော်ဝါရီ (၆)ရက် မနက်ခင်းဝယ် ဂျော့ဘုရင်(၆) ကို နော်ဖော့ခ်၊ ဆမ်ဒရင်ဂမ်စံအိမ်တော် အိပ်ရာ၌ သေဆုံးလျှက်တွေ့ခဲ့ရ၏။ သက်တော်(၅၆) အိပ်နေစဉ် နှလုံးသွေးကြောပိတ်ဆို့ကာ သေဆုံးခြင်းဖြစ်၏။ [၁၀၂] သမီးဖြစ်သူ ကင်ညာမှနေ၍ ဗြိတိန်သို့ ဒုတိယမြောက် အဲလိဇဘက်ဘုရင်မအဖြစ်ပြန်ခဲ့ရသည်။ ဖေဖော်ဝါရီ ၉ရက်မှနေ၍ နှစ်ရက်ကြာ ရုပ်အလောင်းကို ဆန်ဒရင်ဂမ်၊ စိန်မေရီ မက်ဒလင်း ဘုရားကျောင်း၌ ထားကာ နောက် ဖေဖော်ဝါရီ ၁၁ မှစ၍ ဝက်စ်မင်စတာခန်းမတွင် နိုင်ငံတော်ဈာပနအဖြစ် ထားရှိသည်။ [၁၀၃] ၎င်းဈာပနကို ၁၅ရက်နေ့တွင် ဝင်ဆာ ရဲတိုက်၊ စိန့်ဂျော့ဘုရားကျောင်း(St. George's Chapel)၌ ကျင်းပခဲ့သည်။[၁၀၄] ရုပ်အလောင်းကို တော်ဝင်မိသားစုမြှုပ်နှံရာသင်္ချိုင်း၌ မြေချသည်။ ၁၉၆၉ မတ် ၂၆ ရောက်မှ စိန့်ဂျော့ဘုရားကျောင်းအတွင်း ဆဌမမြောက် ဂျော့ဘုရင်အထိမ်းအမှတ်ဝတ်ပြုရာနေရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ [၁၀၅] ၎င်းသေဆုံးပြီး နှစ်ငါးဆယ်အကြာ ၂၀၀၂တွင် ကျန်ရစ်သူ မိဖုရား အဲလိဇဘက်(မယ်တော်)၏ ရုပ်အလောင်း နှင့် သမီးအငယ် မက်းသမီးမာဂရက်၏ အရိုးပြာကိုလည်း ဂျော့ဘုရင်ဘေး ထိုဝတ်ပြုဆုတောင်းရာနေရာ၌ ထားရှိခဲ့ကြသည်။ အဆိုပါနှစ်ဦးမှာလည်း တစ်နှစ်တည်းတွင် ဆုံးပါးခဲ့ကြသည်။ [၁၀၆] ဂျော့ဘုရင်(၆)၏ ထင်ရှားသောအမွေအနှစ်များ![]() လေဘာပါတီ[လွှတ်တော်အမတ်]]ဂျော့ဟာဒီး၏ ပြောစကားအရဆိုလျှင် ၁၉၃၆ နန်းဆင်းပွဲအကျပ်အတည်းပြဿနာများသည် နှစ်ငါးဆယ်လောက်ဝါဒဖြန့်ခြင်းထက် ရစ်ပဘလစ်ကန်စနစ် (republicanism)(ဘုရင်စနစ်မဟုတ်၊ ပြည်သူ့စနစ်) ကို ပို၍ ဖော်ဆောင်နိုင်ခဲ့သည်။ [၁၀၇] ဂျော့(၆)က နန်းဆင်းပြီးဖြစ်သော အကိုအက်ဒ်ဝပ်ဆီသို့ စာရေးရာတွင် သူသည် ငြိမ်သက်မှုမရှိသောပုလ္လင်အပေါ်တွင် ထိုင်ရန်ချီတုံချတုံဖြစ်ခဲ့ကြောင်း၊ ပြန်လည်တည်ငြိမ်စေရန်လည်းကြိုးပမ်းခဲ့ရကြောင်း ဖော်ပြရေးသားခဲ့သည်။ [၁၀၈] နန်းတွင်းအပေါ် ပြည်သူ့ယုံကြည်မှုကျဆင်းချိန်တွင် ဘုရင်ဖြစ်ခဲ့ရသည်။ ၎င်းနန်းစံစဉ် ပြည်သူများမှာ စစ်၏ ဒုက္ခသုက္ခများကို ခံစားရကာ နန်းတွင်းအာဏာယိုယွင်းခဲ့ရ၏။ မည်သို့ပင်ဖြစ်စေ တာဝန်သိမိသားစုဝင်တစ်ယောက်အနေဖြင့် ကိုယ်ပိုင်သတ္တိကိုပြသနိုင်ခဲ့မှုများကြောင့် ဘုရင်အုပ်ချုပ်မှုအပေါ်လူကြိုက်များလာခြင်းကို ပြန်လည်ထိမ်းသိမ်းနိုင်ခဲ့၏။ [၁၀၉][၁၁၀] ဒုတိယကမ္ဘာစစ်အတွင်း ထူးချွန်သောပြည်သူပြည်သားများ၏ သတ္တိရှိရှိလုပ်ဆောင်ချက်များကိုအသိအမှတ်ပြုရန် ဂျော့ကြက်ခြေခတ်တံဆိပ်(The George Cross )နှင့် ဂျော့ဆုတံဆိပ်(the George Medal)ကို ၎င်းကိုယ်တိုင်အကြံပေး၍ တီထွင်စေသည်။ [၁၁၁] ၁၉၄၃တွင် မော်လ်တာကျွန်းခံတပ်တစ်ခုလုံးကို ကြက်ခြေခတ်တံဆိပ်ချီးမြှင့်ခဲ့သည်။ [၁၁၂] ဂျော့ကိုလည်း ၁၉၆၀တွင် ပြင်သစ်အစိုးရမှ the Ordre de la Libérationဆု (ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ပြည် လွတ်မြောက်စေရန်အားထုတ်ကြိုးပမ်းသော သူရဲကောင်းဆု)ကို ၎င်းသေဆုံးပြီးနောက်ချီးမြင့်ခဲ့လေသည်။ ၁၉၄၆နောက်ပိုင်း နှစ်ဦးသာချီးမြင့်သောဆုဖြစ်ရာ နောက်တစ်ဦးမှာ ဝင်စတန်ချာချီ ဖြစ်ပေသည်။ [၁၁၃] မြောက်မြားစွာသော ပထဝီဝင်နေရာဒေသများ၊လမ်း၊အကျိုးပြုအဆောက်အဦးများကို ဂျော့အားအစွဲပြု၍ နာမည်ပေးထားကြသည်။ လန်ဒန်ရှိ ကင်းဂျော့ဆေးရုံ၊ ယူကေ ဆရေးဒေသရှိ ကင်းဂျော့(၆)ရေလှောင်တမံ၊ ဗြိတိသျှကိုလံဘီယာရှိ ကင်းဂျော့(၆)အဝေးပြေးလမ်း၊ကင်းဂျော့လမ်းကျယ်၊ အက်ဒ်မန်တန်ရှိ ကင်းစ်ဝေး၊အန်တာတိတ်ဒေသရှိ ဂျော့(၆)တူးမြောင်း(George VI Sound)၊ ယူကေမြင်းပြိုင်ပွဲအမည် ကင်းဂျော့(၆)ချေ့စ် (the King George VI Chase)စသည်တို့ပါဝင်သည်။ ကောလင်းဖာ့သ်(Colin Firth)သည်လည်း 'ဘုရင့်မိန့်ခွန်း (ရုပ်ရှင်)(The King's Speech)တွင် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ၂၀၁၀၌ရရှိခဲ့ကာ ထိုကားမှာအကောင်းဆုံးဇာတ်ကားဆုလည်းရှိခဲ့သည်။ ဘွဲ့တံဆိပ်၊အမည်နာမ၊ဂုဏ်ပြုမှုများ နှင့် အမှတ်တံဆိပ်သင်္ကေတဘွဲ့ နှင့် အမည်နာမ![]()
ဂျော့မှာ မြောက်မြားစွာသော ဘွဲ့တံဆိပ်များ ဘဝတစ်လျှောက်လုံးတွင် မြစ်တော်၊မြေးတော်၊သားတော်အနေဖြင့် ရရှိခဲ့၏။ ဘုရင်တစ်ပါးအနေဖြင့် ၎င်းကို ရိုးရှင်စွာဖြင့် အရှင်မင်းမြတ် (The King or His Majesty)ဟုရည်ညွှန်းကြသည်။ ဘုရင်အနေဖြင့်လည်း ဂျော့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး(Commander-in-Chief) အလိုအလျောက်ရရှိသည်။ အမှတ်တံဆိပ်သင်္ကေတယောခ်မြို့စားအနေဖြင့် ဂျော့သည် ယူကေ၏ တော်ဝင်အမှတ်တံဆိပ်ကို ဆင်မြန်းသည်။ ငွေရောင်တန်းတွင် တန်းတိုအမှတ်သုံးခု၊အလယ်၌ မိုးပြာရောင်ကျောက်ဆူး။ ထိုအရာမှာ ဖခင်ဂျော့(၅)ယော့ခ်မြို့စားဖြစ်စဉ်ကနှင့်မတူစေပဲ ပြောင်းလဲထားချက်ဖြစ်၏။ နောက်တွင် ၎င်းမြေးတော် မင်းသားအန်ဒရူးကို ယော့ခ်မြို့စားအနေဖြင့် ချီးမြင့်သည့် တံဆိပ်လည်းဖြစ်သည်။ ဘုရင်အဖြစ် အပြောင်းလဲမရှိသော တော်ဝင် တံဆိပ်ကိုသာ ဆင်မြန်းသည်။ [၁၁၅]
မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia