ဇော်ဌေး
ဦးဇော်ဌေး (၅ စက်တင်ဘာ ၁၉၇၃ - ၂၂ မေ ၂၀၂၂) သည် မြန်မာနိုင်ငံ အစိုးရအရာရှိဟောင်း တစ်ဦးဖြစ်ကာ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၂] ထိုရုံးများ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အစောပိုင်းအထိ မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ကာ ၂၀၂၁အာဏာသိမ်းမှုတွင် ထိန်းသိမ်းခံခဲ့ရသည်။[၃] နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဦးဇော်ဌေးသည်တပ်မတော်သားတစ်ဦးလည်းဖြစ်ကာ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာအမည် မှူးဇော် ဟူသောအမည်ကြောင့် မှူးဇော်ဟူ၍လည်း လူသိများခဲ့သည်။ အလုပ်အကိုင်ဦးဇော်ဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၇)မှ ဖြစ်ကာ မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း လက်အောက်၌ ဝန်ကြီးချုပ်ရုံးတွင် လုပ်ကိုင်ခဲ့သည်။ ၂၀၀၇ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်ပြီးနောက် ဦးဇော်ဌေးသည် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် ဖြစ်လာခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၁ခုနှစ် အစိုးရအကူးအပြောင်းတွင် ဝန်ကြီးချုပ်ရုံးကို ဖျက်သိမ်းကာ နိုင်ငံတော်သမ္မတရုံး ပေါ်ပေါက်လာခဲ့သည်။ ထိုအခါတွင် ဦးဇော်ဌေးသည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ ထို့အပြင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်စဉ်က မှူးဇော်ဟူသော အမည်ဖြင့် လူမှုကွန်ယက်ဖေ့ဘွတ်ခ်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ထို့ကြောင့် ၎င်းကို မှူးဇော်ဟု လူသိများကြသည်။ ၎င်း၏အရေးအသားများကြောင့် ၎င်းကို သမ္မတဦးသိန်းစိန်၏ အခိုင်အမာထောက်ခံသူအဖြစ် ထင်မြင်ခဲ့ကြသည်။ ၂၀၁၆ နောက်ပိုင်း၂၀၁၆ ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် ဦးဇော်ဌေးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့သည်။ ထို့အပြင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန[၄]တွင်ပါ ညွှန်ကြားရေးမှူးချုပ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် သမ္မတရုံး၌ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာကာ မြန်မာနိုင်ငံ၏ ထိပ်တန်းအုပ်ချုပ်ရေးရုံးများဖြစ်သော နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့၏ ညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်လာခဲ့သည်။ ထို့အပြင် အစိုးရအဖွဲ့၏ ပြောခွင့်ရှိသူအဖြစ် နိုင်ငံတော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲများကို ဦးဆောင်ကျင်းပခဲ့ရသည်။ အစိုးရ၏ ပြောရေးဆိုခွင့်ရရှိသူအနေဖြင့် ဦးဇော်ဌေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ သဘောထား၊ အာဘော်များကို လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲများ ကျင်းပပြီး ရှေ့ထွက်ပြောခဲ့ရသည်။ ရွေးကောက်ပွဲမတိုင်မီကာလများနှင့် ရွေးကောက်ပွဲအပြီးကာလများတွင် အစိုးရဘက်မှ ဦးဇော်ဌေးနှင့် တပ်မတော်ဘက်မှ ၎င်းနှင့် အပတ်စဉ်တူဖြစ်သော ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့သည် ၎င်းတို့၏ သက်ဆိုင်ရာသဘောထားများကို သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားရာ၌ မကြာခဏတင်းမာမှုများ ရှိခဲ့သည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်လင်းပွဲတွင် ဦးဇော်ဌေးက ရွေးကောက်ပွဲရလဒ်ကို ဝေဖန်သူများသည် နိုင်ငံရေးကြိုးဆွဲချခြင်းဟု ပြောကြားခဲ့သည်။[၃] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ၎င်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် ၂၀၂၁ခုနှစ် ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ကွယ်လွန်ခြင်းပြန်လည်လွတ်မြောက်လာပြီး လအနည်းငယ်အကြာ ဦးဇော်ဌေးသည် နှလုံးရောဂါဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ၂၀၂၂ မေလ ၂၃ ရက် နံနက် ၉ နာရီခန့်က ကွယ်လွန်သွားခဲ့သည်။[၁][၅] ကိုးကား
|
Portal di Ensiklopedia Dunia