ဒဗ္ဘပုပ္ဖဇာတ်
သတ္တကနိပါတ် - ၁။ ကုက္ကုဝဂ် -(၄၀၀) - ဒဗ္ဘပုပ္ဖဇာတ် ငြင်းခုံနေသော ဖျံနှစ်ကောင်အား ငါးကြင်းအမြီးပိုင်းနှင့် ခေါင်းပိုင်းကို ပေး၍ တရားသူကြီး လုပ်ခ အလယ်ပိုင်းကို ယူပြေးသော သမန်းမြက်ပွင်း အဆင်းရှိသည့် မြေခွေးအကြောင်း။ ပစ္စုပ္ပန်ဝတ္ထုသင်္ကန်းခွဲဝေ ဥပနံထေရ်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာကီဝင်မင်းမျိုးဖြစ်သော ဥပနန္ဒ မထေရ်သည် အလိုနည်းခြင်း အပ္ပိစ္ဆတာစသော အရိယဝံသပဋိပတ်ကို ကျင့်ကြံ အားထုတ်ရမည် ဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် အလိုရမ္မက်ကြီး၏။ ပစ္စည်းလေးပါ ပေါများအောင် နည်းပရိယာယ် အမျိုးမျိုးဖြင့် ရှာဖွေစုဆောင်းလေ့ရှိ၏။ ထိုဥပနန္ဒမထေရ်သည် ပဝါရဏာပြု၍ ပြီးလတ်သော် ရရသမျှသော သင်္ကန်း သပိတ် စသော ပရိက္ခရာပစ္စည်းတို့ကို ယာဉ်ဖြင့် တင်ဆောင်၍ သွားရာ ခရီးအကြားတွင် သွားရင် ခြေ၌ နွယ်ငြိသဖြင့် နိမိတ်ကောင်းလှသည် ဤကျောင်းသို့ ဝင်လျှင် မုခ လာဘ်ရမည်ဟု နှလုံးသွင်းလျက် အနီးရှိ ကျောင်းသို့ ဝင်၏။ ထိုကျောင်းတွင်လည်း ရဟန်းကြီးနှစ်ပါးတို့သည် ရုန့်ရင်းသော သင်္ကန်းလျာ နှစ်ထည်နှင့် သိမ်မွေ့သော ကမ္ဗလာ တစ်ထည်ကို မဝေခွဲတတ်ဘဲရှိရာ ဥပနန္ဒမထေရ် လာခိုက်ကြုံသဖြင့် အညီအမျှ ခွဲဝေပေးရန် တောင်းပန်ကြကုန်၏။ ကောင်းတာခွဲမူ ဆရာယူထိုအခါ ဥပနန္ဒမထေရ်သည် ရုန့်ရင်းသော သင်္ကန်းလျာ နှစ်ထည်ကို ရဟန်းကြီးတို့အား တစ်ထည်စီ ခွဲဝေပေးပြီးလျှင် ဤသိမ်မွေ့သော ကမ္ဗလာ တစ်ထည်ကား ခွဲဝေပေးသော ဝိနည်းဓိုရ် တရားသူကြီးနှင့်သာ ထိုက်သည်ဆို၍ ကမ္ဗလာကို ယူကာ ဖယ်သွားလေ၏။ ရဟန်းကြီးနှစ်ပါးတို့လည်း မကျေမနပ်ဖြစ်လျက် ကမ္ဗလာ၌ တပ်စွန်းသောစိတ် ရှိကြသဖြင့် ဇေတဝန်ကျောင်းတော်သို့ ရောက်အောင် လိုက်၍ ဥပနန္ဒမထေရ်သည် ကမ္ဗလာကို လုယက်၍ ယူသွားကြောင်း လျှောက်ထားကြကုန်၏။ ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ ဥပနန္ဒ မထေရ်အကြောင်း ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူလျှင် ထိုအကြောင်းကို သိတော်မူ၍ “ရဟန်းတို့ … ဥပနန္ဒမထေရ်သည် ယခုအခါ၌ သာ လောဘကြီး၍ လုယက်တတ်သည် မဟုတ်၊ ရှေးအခါ၌ လည်း လောဘကြီး၍ လုယက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထုမြေခွေးမအတွက် ရှာဖွေထွက်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုအခါ မြေခွေးတစ်ကောင်သည် မာယာဝီမည်သော မယားမြေခွေးမနှင့်အတူ မြစ်ကမ်းနးဝယ်နေ၏။ တစ်နေ့သ၌ မာယာဝီ မည်သော မြေခွေးမသည် မြေခွေးဖိုအား “အရှင် … အကျွန်ုပ်သည် ငါးကြင်းသားစိုကို စားလိုသော ချင်ခြင်းဖြစ်ပါသည်၊ ရှာပေးပါ” ဟု ပူဆာလေ၏။ မြေခွေးဖိုသည် “ရှင်မ … စိတ်သာချပေတော့၊ ရအောင်ရှာပေးမည်” ဟု ပြောဆို၍ မြစ်ကမ်း၌ လှည့်လည်လတ်သော် ခြေ၌ နွယ်ငြိသဖြင့် ငါ့မှာ နိမိတ်ကောင်းလှသည်၊ မုချ လာဘ်ကြီးရလိမ့်မည်ဟု နှလုံးသွင်းလျက် သွားလေ၏။ ငါးကြမ်းဖမ်းဆောင် ဖျံနှစ်ကောင်ထိုခဏ၌ ဖျံနှစ်ကောင်တို့သည် တိုင်ပင်ညီညွတ်လျက် တစ်ကောင်ကား မြစ်ကမ်းနားတွင် ငါးတို့ကို ရှာ၍ တစ်ကောင်ကား ရေနက်တွင် ငါးတို့ကို ရှာ၏။ ထို ဖျံနှစ်ကောင်တို့တွင် ရေနက်တွင် ရှာသော ဖျံသည် ငါးကြင်းကြီးကိုမြင်လျှင် အတင်းလိုက်၍ အမြီးကို ကိုက်၏။ အားကြီးသော ငါးသည် လျင်စွာ သွားလေ၏။ ထိုအခါ ငါးကြင်းကြီးကို အလွှတ်ဘဲ အတင်းကိုက်ကာ မိမိတစ်ကောင်းတည်း မဆွဲနိုင်သဖြင့် - “အဆွေ … သင့်အား ကောင်းခြင်း မင်္ဂလာ ဖြစ်ပါစေ၊ ငါ့မှာ ငါးကြင်းကြီးတစ်ကောင်ကို မိ၍ အမြီးကို ကိုက်ထားရာ ငါးကြီးသည် လျင်စွာ ငါ့ကို ဆွဲသွားပါ၏၊ အဆွေ ကူညီ၍ ငါ့အမြီးကို ဆွဲပါ” – ဟု ကမ်းနားတွင် ငါးရှာသော ဖျံအားပြော၍ ခေါ်လေ၏။ ထိုဖျံလည်း ခေါ်သံကိုကြားလျှင် လျင်စွာလာ၍ - “အဆွေ … သင်အား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ၊ သင်မိသော ငါးကြင်းကြီးကို မြဲမြဲ ကိုက်ထားပါ၊ ဂဠုန်သည် နဂါးကို သုတ်ယူသကဲ့သို့ သင့်ကို ငါ ဆွဲယူပါမည်” – ဟု ပြောဆိုကာ ရေနက်တွင် ငါးရှာသော ဖျံ၏အမြီးကို ကိုက်၍ ကူညီလေ၏။ ထိုအခါ ဖျံနှစ်ကောင်တို့သည် အတူတကွ ဆွဲငင်ပြီးလျှင် ငါးကြင်းကြီးကိုသတ်၍ ကမ်းနားတွင်ချကာ “သင်ဝေလော့၊ သင်ဝေလော့၊ အမြီးပိုင်း ရသင့်သည်၊ ခေါင်းပိုင်းရသင့်သည်” ဟု အဝေမညီဘဲ ငြင်းခုံ၍ နေကြကုန်၏။ ငါးကြင်းဝေစုထိုအခါ မြေခွေးသည် ငြင်းခုံရာ အရပ်သို့ ရောက်သည်ရှိသော် ဖျံတို့သည် မြင်၍ ခရီးဦး ကြိုဆိုပြီးလျှင် “အဆွေမြေခွေး … အကျွန်ုပ်တို့ အတူတကွ ရှာဖွေကြရာ ဤငါးကြင်းကြီးကို ရကြ၏၊ အဝေမတည့်ဘဲ ငြင်းခုံ၍ နေကြ၏၊ ညီမျှအောင် ဝေပေးပါ” ဟု ပြောဆိုကာ ဝေပေးရန် အပ်နှင်းလိုသည်ဖြစ်၍ - “သမန်းမြတ်ပွင့် အဆင်းရှိသော အဆွေမြေခွေး … ကျွန်ုပ်တို့ စကားကို နားထောင်ပါ၊ အကျွန်ုပ်တို့အား ငြင်းခုံ၍ နေကြကုန်၏၊ ထိုငြင်းခုံခြင်းကို ငြိမ်းအေးပါစေလော” – ဟု တရားဆုံးဖြတ်ရန် တောင်းပန်ကြကုန်၏။ အကောင်းဆုံးမူ မြေခွေးယူထိုအခါ မြေခွေးလည်း ငါးကြင်းစိုရဖို့အကြောင်း ပေါ်လာပြီဟု ဝမ်းမြောက်လှသဖြင့် - “အဆွေ ဖျံတို့ … ငါကား ရှေးအခါ တရားဆုံးဖြတ်သော အမတ်ကြီး ဖြစ်ခဲ့ဖူးပြီ၊ တရားများစွာကို ဆုံးဖြတ်ခဲ့ဖူးပြီ၊ ငြင်းခုံခြင်း များစွာကို ငြိမ်းအေးစေခဲ့ဖူးပြီ၊ သင်တို့၏ ငြင်းခုံခြင်းသည် ငြိမ်းစေသနည်း” – ဟု မိမိ အစွမ်းသတ္တိကို ပြောဆို ပြသပြီးလျှင် ငါးကြင်းကြီးကို သုံးပိုင်း ကိုက်ဖြတ်၍ - “အဆွေဖျံတို့ … သင်တို့ နှစ်ကောင်တွင် သင်ကား ကမ်းနားတွင် ရှာဖွေသော ဖျံဖြစ်၍ အမြီးပိုင်းကို ယူလေ၊ သင်ကား ရေနက်တွင်း ရှာဖွေသော ဖျံဖြစ်၍ ခေါင်းပိုင်းကိုယူလေ၊ အလယ်ပိုင်းကား တရားသူကြီးအဖို့ ဖြစ်၏” – ဟု ပြောဆို၍ ခွဲဝေပေးကာ “သင်တို့နှစ်ကောင်သည် ငြင်းခုံခြင်းကို မပြုကြလင့်၊ တစ်ကောင်က အမြီးပိုင်း တစ်ကောင်က ခေါင်းပိုင်းကို စားရစ်ကြလော့” ဟု ပြောဆိုပြီးလျှင် အလယ်ပိုင်းကို ချီ၍ ပြေးလေ၏။ ချင်းချင်းငြင်းခုံ ဆုတ်ယုတ်ပုံထိုအခါ ဖျံနှစ်ကောင်တို့သည် အသပြာတစ်ထောင် ဆုံးရှုံးသော ယောကျ်ားကဲ့သို့ မျက်နှာမသာ ဖြစ်ကုန်လျက် - “အဆွေ … ငါတို့နှစ်ကောင်သည် အကယ်၍ မငြင်းခုံကြပါမူ ငါးကြင်းကြီးသည် နှစ်ရက် သုံးရက် စားရပေရာ၏၊ ယခုတော့ ငြင်းခုံကြသည့်အတွက် အမြီးနှင့် ခေါင်းမှတစ်ပါး အကောင်းဆုံး အလယ်ပိုင်းကြီးကို မြေခွေး ယူ၍ သွားချေပြီ” – ဟု ယူကျုံးမရ တမ်းတပူဆွေး၍ နေကြရကုန်၏။ မြေခွေးလည်း ယနေ့ ငါ့မယားအား ငါးကြင်းသားကို စားစေမည်ဟု ဝမ်းသာအားရ မြေခွေးမထံ သွားလေ၏။ ငါးကြင်းရရေး မြေခွေးမမေးမြေခွေးမလည်း ပြန်လာသော မြေခွေးဖိုကို မြင်လျှင် ဝမ်းမြောက်လှသဖြင့် - “အရှင် … မင်းသည် မင်းအဖြစ်ကိုရ၍ နှစ်သက်ဝမ်းမြောက်သကဲ့သို့၊ ထို့အတူ အကျွန်ုပ်လည်း ယနေ့ ခံတွင်းပြည်မျှ ငါးကြင်းသားကို ကိုက်ချီလာသော လင်ကိုမြင်ရ၍ နှစ်သက် ဝမ်းမြောက်လှပါ၏” – ဟု လင်မြေခွေးအား ချီးကျူးနှုတ်ဆက်ကာ တစ်ဖန် - “အရှင် … အရှင်ကား ကြည်းကုန်း၌ ကျက်စား သူ ဖြစ်လျက် ရေ၌ ကျက်စားသော ငါးကို အဘယ်သို့ ရခဲ့သနည်း၊ အကျွန်ုပ် မေးသည်ကို ပြောကြားပါ” – ဟု ငါးကြင်းသားစိုကို ရခဲ့ခြင်း အကြောင်းရင်းကို မေးမြန်းပြန်၏။ ငြင်းခုံသူများ အရှုံးများထိုအခါ မြေခွေးဖိုသည် မိမိ ရခဲ့သော ငါးကြင်းသား အကြောင်းစုံကို ပြောကြားလို၍ - “အို-မာယာဝီ … ငြင်းခုံခြင်းကြောင့် ပိန်ချုံး၏၊ ငြင်းခုံခြင်းကြောင့် ဥစ္စာကုန်ခန်း၏၊ ဖျံနှစ်ကောင်တို့ ငြင်းခုံနေစဉ် အမြီးပိုင်းနှင့် ခေါင်းပိုင်းကို တစ်ကောင်စီ ဝေပေးခဲ့၍ အလယ်ပိုင်းကို ငါ တရားသူကြီးအဖို့ဆိုပြီး ယူလာခဲ့၏၊ စားပါလော့” – ဟု မြေခွေးမအား ငါးကြင်းသားစို အလယ်ပိုင်းကို ရခဲ့ခြင်း အကြောင်းကို ပြောကြားပြီးလျှင် စားရန် ပေးလေ၏။ မြေခွေးမလည်း ငါးကြင်းသားစိုကို စားရသဖြင့် ချစ်ခြင်း ငြိမ်းအေးလေ၏။ မြတ်စွာဘုရားသည် ဘုရား ဖြစ်တော်မူသောအခါ - “ရဟန်းတို့ … လောက၌ ငြင်းခုံခိုက်ရန်ဖြစ်လာလျှင် တရားသူကြီးထံ သွားကြရကုန်၏၊ စင်စစ် ထိုတရားသူကြီးကား ငြင်းခုံခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းအေးစေသောသူ ဆုံးဖြတ်သောသူ ဖြစ်၏၊ ငြင်းခုံ ခိုက်ရန်ပြုသောသူတို့သည် တရားသူကြီးထံ၌ ဥစ္စာ ကုန်ဆုံးကြကုန်၏၊ မင်း၏ ဘဏ္ဍာတိုက်မူကား ဥစ္စာတိုးပွား၏” – ဟု ဟောကြား ဆုံးမတော်မူ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ မြေခွေးသည် - ယခုအခါ ဥပနန္ဒမထေရ်။ ဖျံနှစ်ကောင်သည် - ရဟန်းကြီးနှစ်ပါး။ အကြောင်းကို မျက်မြင်သိသော ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) ဝမ်းမြောက်ဝမ်းသာ၊ ညီညွတ်ရာ၊ ဥစ္စာလွန်တိုးတက်။ (၂) ခိုက်ရန်ငြင်းခုံ၊ ကိုယ်ပိန်ကြုံ၊ လုံးစုံဥစ္စာပျက်။ (၃) တရားဆင်ပြန်၊ ပျက်ကိုယ့်ထံ၊ မင်းထံဥစ္စာတက်။ ဒဗ္ဘပုပ္ဖဇာတ် ပြီး၏။ ကိုးကား
|
Portal di Ensiklopedia Dunia