ဒသဗြာဟ္မဏဇာတ်

ပကိဏ္ဏကနိပါတ် -၄၉၅-ဒသဗြာဟ္မဏဇာတ် အလှူခံတို့အား စိစစ်လျက် ဆယ်ဦးသောအလှူခံပုဏ္ဏားတို့ကိုပယ်၍ နန္ဒမူလိုဏ်မှ ငါးရာသောပစ္စေကဗုဒ္ဓါတို့အား အဓိဋ္ဌာန်ပြုကာ ပင့်ဆောင်၍ ကြွလာသဖြင့် ဝမ်းမြောက်ဝမ်းသာလှူဒါန်းရသော ကောရဗျမင်းကြီးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

စီစစ်လှူမှု အကြောင်းပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် အာသအလှူကြီးကိုပေးလှူရာ၌ အလှူခံတို့ကိုရွေးချယ်စီစစ်၍လှူခြင်းကိုအကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

ကျင့်မဲ့ပုဏ္ဏား စီစစ်ကြား

လွန်လေပြီးသောအခါ ကုရုတိုင်းဣန္ဒပတ္ထနဂိုရ်ပြည်ဝယ် ယုဓိဋ္ဌိလအနွယ်ဖြစ်သောကောရဗျမင်းမင်းပြုသည်ရှိသော် ထိုမင်းအားအကျိုးအကြောင်းကိုဆုံးမတတ်သောပညာရှိအမတ်ကား ဝိဓုရအမည်ရှိ၏။

ကောရဗျမင်းသည် ဇမ္ဗူဒီပတစ်ကျွန်းလုံးချောက်ခြားစေတတ်သောအလှူကြီးကိုပေးလှူ၏၊ အလှူခံပုဂ္ဂိုလ်တို့တွင် ငါးပါးသီလမျှကိုစောင့်သုံးသောသူမည်သည်မရှိ၊ သီလမရှိသည်သာတည်း၊ ထိုအလှူသည်မင်းကြီးကိုမနှစ်သက်စေနိုင်၊ မင်းကြီးသည် “အဘယ်မည်ခသာအလှူသည် အကျိုးကြီးသနည်း”ဟု ဆင်ခြင်ရာ သီလရှိသောသူတို့အားလှူလိုသည်ဖြစ်၍ ဝိဓုရအမတ်နှင့်တိုင်ပင်မည်ဟုကြံစည်လျက်နေရာ မိမိထံသို့ ဝိဓုရအမတ်အခစားရောက်လာ၍–

“အို-ဝိဓုရပညာရှိ... အကျိုးကြီးမြတ်သောပုဂ္ဂိုလ်တို့အားသာ အလှူကိုလှူဒါန်းမည်၊ မေထုန်အကျင့်မှကြဉ်ရှောင်၍အကြားအမြင်များလျက် သီလရှိသောပုဏ္ဏားတို့ကိုရှာမှီးလော့”—
ဟု ဝိဓူရအမတ်ကိုတိုင်ပင်ကာ... အလှူခံပုဏ္ဏားတို့ကိုရှာစေ၏၊ ဝိဓုရအမတ်လည်း မင်းကြီး၏စကားကိုကြားလျှင်—

“မြတ်သောမင်းကြီး... မေထုန်အကျင့်မှကြဉ်ရှောင်၍အကြားအမြင်များလျက် သီလရှိသောပုဏ္ဏားတို့ကိုအလွန်ရခဲပါ၏”။

“မြတ်သောမင်းကြီး... တကျိပ်သောပုဏ္ဏားမျိုးတို့သည်ရှိကုန်၏၊ ထိုတကျိပ်သောပုဏ္ဏားမျိုးတို့ကိုအကျယ်အားဖြင့် ခွဲခြမ်းဝေဘန်၍ပြပါမည်၊ စုံစမ်းဆင်ခြင်၍နားတော်မူပါ”—
(၁) “-မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် ဆေးမြစ်ဖြင့်ပြည့်သောဆေးအိပ်တို့ကိုလွယ်ကုန်လျက် ဆေးကုကုန်၏၊ ဆေးကျမ်းကိုလည်းရေးသားကုန်၏၊ ရေလည်းချိုးကုန်၏၊ မန္တန်လည်းမန်းမှုတ်ကုန်၏၊ ထိုပုဏ္ဏားတို့ကားဆေးသမားနှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၂) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် ကြေးစည်တို့ကိုတီးလျက် ရှေ့မှလည်းကြွေးကြော်ကုန်၏၊ ခိုင်းစေရာသို့လည်းသွားကုန်၏၊ ရထားအတတ်၌လည်းသင်ကုန်၏၊ ထိုပုဏ္ဏားတို့ကားကျွန်အမှုလုပ်နှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၃) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် ရေကရား၊ တုတ်ကောက်တို့ကိုယူ၍ ရွာ၊ နိဂုံးတို့၌မင်းတို့သို့ပို့ဆောင်ကုန်၏၊ ရွာ၊ နိဂုံးတို့၌မပေးလျှင်မထဘဲနေကုန်၏၊ ထိုပုဏ္ဏားတို့ကားအခွန်တောင်းသူတို့နှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၄) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် တောခြံကဲ့သို့စည်ပင်သောလက်ကတီးမွေး၊ ခြေသည်း၊ လက်သည်း၊ ကိုယ်မွေး၊ အညစ်အကြေးကပ်သောသွား၊ ဖြင့်ပြွမ်းသောဦးခေါင်းရှိကုန်၏။ မြေမှုန့်အလိမ်းလိမ်းကပ်သောကိုယ်ရှိကုန်၏၊ ဥစ္စာကိုလည်းတောင်းကုန်၏၊ ထိုပုဏ္ဏားတို့ကားသစ်ငုတ်နှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၅) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် သဖန်းခါးသီး၊ ရှစ်ရှားသီး၊ သရက်သီး၊ သပြေသီး၊ သစ်ဆိမ့်သီး၊ တောင်ပိန္နဲသီး၊ ဥသျှစ်သီး၊ ဆီးသီး၊ လင်းလွန်းသီး၊ ဒန်၊ ကြံတင်လဲ၊ အခိုးတန်၊ ပျားရည်၊ မျက်စဉ်းတို့ကိုရောင်းချကုန်၏၊ ထိုပုဏ္ဏားတို့ကားကုန်သည်နှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၆) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် လယ်လုပ်ကုန်၏၊ ကုန်သွယ်ကုန်၏၊ ဆိတ်မြန်မာဆိတ်ကုလားတို့ကိုမွေးမြူကုန်၏၊ သတို့သမီးငယ်တို့ကိုဥစ္စာဖြင့်ပေးကုန်၏၊ သမီးပေး၍၎င်း၊ သမီးယူ၍၎င်း ထိမ်းမြားလက်ထပ်ကုန်၏၊ ထိုပုဏ္ဏားတို့ကားသူဌေးသူကြွယ်နှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၇) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် ရွာတို့၌အမြဲတည်သောဆွမ်းဝတ်ကိုစားကုန်၏၊ ရွာသူတို့သည်ထိုပုဏ္ဏားတို့ထံနက္ခတ်မင်္ဂလာ၊ မုဟုတ်မင်္ဂလာတို့ကိုမေးကုန်၏၊ အခယူ၍နွားကိုသင်းကွပ်ခြင်း၊ တံဆိပ်ရိုက်ခြင်းတို့ကိုပြုကုန်၏၊ အိမ်၌နွား၊ ကျွဲ၊ ဝက်၊ ဆိတ်တို့ကိုသတ်ကုန်၏၊ ထိုပုဏ္ဏားတို့ကားနွားသတ်သမားနှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၈) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် သန်လျက်၊ ကာ၊ အတတ်တို့ကိုသင်ပြီး၍သန်လျက်၊ ကာတို့ကိုကိုင်ကုန်လျက် လမ်းခရီးတို့၌နေ၍ကုန်သည်တို့ကိုအဘိုးအခဖြင့်ပို့ဆောင်ကုန်၏၊ ထိုပုဏ္ဏားတို့ကားနွားကျောင်းသားနှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၉) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် တော၌တဲအိမ်ကိုဆောက်ကာ စဉ်းလဲသောကျော့ကွင်းကိုထောင်၍ ယုန်၊ ကြောင်၊ ဖွတ်၊ ငါး၊ လိပ်တို့ကိုသတ်ကုန်၏၊ ထိုပုဏ္ဏားတို့ကားမုဆိုးတံငါနှင့်တူသောပုဏ္ဏားမျိုးတို့တည်း။

(၁၀) မြတ်သောမင်းကြီး... အကြင်ပုဏ္ဏားတို့သည် ဥစ္စာကိုအလိုရှိသည်ဖြစ်၍ ညောင်စောင်းအောက်၌အိပ်လျက်မကောင်းမှုကိုစင်စွာဆေးသောယဇ်ဖြစ်လတ်သော်... မင်းတို့ကို... ညောင်စောင်းအထက်၌ခေါင်းဆေးစေကုန်၏၊ ထိုပုဏ္ဏားတို့ကားအညစ်အကြေးကိုဆေးလျော်သောသူနှင့်တူသောပုဏ္ဏားမျိုးတို့တည်း”။

ဤသို့ဝိဓူရသုခမိန်သည် ပုဏ္ဏားအမည်ခေါ်ဝေါ်ကာမျှဖြစ်သောတကျိပ်သောပုဏ္ဏားမျိုးတို့ကိုအကျယ်အားဖြင့် ခွဲခြမ်းဝေဘန်၍ပြလေ၏။

ထိုအခါ မင်းကြီးသည်–

“ဝိဓုရသုခမိန်... ယခုဆိုအပ်ပြီးသောတကျိပ်သောပုဏ္ဏားတို့ကားပုဏ္ဏားအကျင့်မှကင်းကုန်၏၊ ပုဏ္ဏားအကျင့်မှတစ်ပါးသောအကျင့်ကိုကျင့်ကုန်၏၊ အခြားဖြစ်သောအကြားအမြင်များ၍ သီလရှိသောပုဏ္ဏားတို့ကိုရှာပါဦးလော့”—
ဟု တိုက်တွန်းပြန်၏၊ ထိုအခါ ဝိဓုရသုခမိန်သည်–

“မြတ်သောမင်းကြီး မေထုန်အကျင့်မှကြဉ်ရှောင်၍အကြားအမြင်များလျက် သီလရှိသောပုဏ္ဏားတို့သည်ရှိပါကုန်၏၊ ထိုပုဏ္ဏားတို့ကားတစ်ထပ်တည်းသောအစာအာဟာရကိုသာစားကုန်၏၊ ယစ်မျိုးတို့ကိုမသောက်စားကုန်၊ ထိုပုဏ္ဏားတို့သာ မုချဆတ်ဆတ်မြတ်သောပုဏ္ဏားစစ်တို့ဖြစ်ပါသည်၊ ထိုပုဏ္ဏားတို့အားလှူဒါန်းပါ”—
ဟုကောရဗျမင်းအား ပုဏ္ဏားစစ်ဖြစ်၍ မြင့်မြတ်သောအလှူခံပုဂ္ဂိုလ်တို့ကိုညွှန်ပြလေ၏။

ပုဏ္ဏားစစ်မှာ ရှင်ပစ္စေကာ

ကောရဗျမင်းသည် ထိုစကားကိုကြားလျှင်အလွန်ဝမ်းမြောက်သည်ဖြစ်၍ “အို-ဝိဓူရသုခမိန်... သင်ပြောသောပုဏ္ဏားစစ်တို့ကား အဘယ်အရပ်မှာရှိသနည်း”ဟုမေး၏၊ “မြောက်ဟိမဝန္တာနန္ဒမူလိုဏ်၌ရှိပါသည်”ဟုလျှောက်ထား၏၊ “ယခုအမြန်ပင့်ဖိတ်ပေးပါ”ဟုပြော၏၊ ထိုအခါ ဝိဓုရသုခမိန်သည် ကောင်းပြီဟုဝန်ခံ၍မြို့တော်ကိုတန်ဆာဆင်စေပြီးလျှင် ပြည်သူတို့ကိုအလှူပေးစေ၏၊ ဥပုသ်ကိုဆောက်တည်စေ၏၊ မင်းကြီးတို့လည်းအခြွေအရံပရိသတ်နှင့်တကွဥပုသ်ကိုဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်းနံနက်စောစောကလျှင် ထမင်းစား၍ဥပုသ်ဆောက်တည်၏၊ ညဉ့်ချမ်းအခါ မုလေးပန်းတို့ဖြင့်ပြည့်သောရွှေပန်းတောင်းကိုဆောင်ယူခဲ့စေ၍ မင်းနှင့်တကွငါးပါးသောထိခြင်းဖြင့်ရှိခိုးလျက် ရှင်ပစ္စေကဗုဒ္ဓါတို့၏ဂုဏ်ကျေးဇူးကိုအောက်မေ့ဆင်ခြင်လျက် (မြောက်ဟိမဝန္တာ-နန္ဒမူလိုဏ်၌သီတင်းသုံးသောငါးရာသောအရှင်ပစ္စေကဗုဒ္ဓါတို့သည် နက်ဖြန်အကျွန်ုပ်တို့ဆွမ်းကိုခံတော်မူစေသတည်း။) ပင့်ဖိတ်ကာ ကောင်းကင်သို့မုလေးပန်းရှစ်ဆုပ်တို့ကိုစေလွှတ်လေ၏။

လှူဘွယ်ဝတ္ထု စီစဉ်ပြု

ထိုအခါ ငါးရာသောအရှင်ပစ္စေကဗုဒ္ဓါတို့သည် နန္ဒမူလိုဏ်၌တည်နေလျက်ရှိကုန်၏၊ ပန်းရှစ်ဆုပ်တို့သည်သွား၍ ရှင်ပစ္စေကဗုဒ္ဓါတို့အပေါ်၌ကျကုန်၏၊ ပစ္စေကဗုဒ္ဓါတို့သည်ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိတော်မူ၍ “ငါ့ရှင်တို့... ဝိဓူရပညာရှိသည်ငါတို့ကိုပင့်ဖိတ်ဘိ၏၊ ထိုဝိဓူရပညာရှိကားဟူးဟူးညားညားသောသတ္တဝါမဟုတ်၊ ဤဘဒ္ဒကမ္ဘာ၌ပင်ပွင့်တော်မူလတံ့သောဘုရားအလောင်းပေတည်း၊ ထိုဝိဓူရပညာရှိအားချီးမြှောက်ခြင်းကိုပြုကုန်အံ့”ဟုတိုင်ပင်ကာ ပင့်ဖိတ်ခြင်းကိုဝန်ခံကြကုန်၏။

ဝိဓုရသုခမိန်သည် ပန်းတို့၏ပြန်မလာသောအမှတ်ဖြင့် ပစ္စေကဗုဒ္ဓါတို့ဝန်ခံသောအဖြစ်ကိုသိ၍ မင်းကြီးအား “မြတ်သောမင်းကြီး... နက်ဖြန်ပစ္စေကဗုဒ္ဓါတို့ကြွလာကုန်လတံ့၊ လှူဒါန်းပူဇော်ဘွယ်တို့ကိုအသင့်စီရင်ထားစေလော့”ဟုလျှောက်ထား၏၊ ကောရဗျမင်းကြီးလည်း များစွာသောလှူဒါန်းပူဇော်ဘွယ်တို့ကိုစီရင်စေ၏၊ ပြာသာဒ်မ၌မြတ်သောသူတို့နေခြင်းငှါထိုက်သောနေရာတို့ကိုခင်းစေ၏။

လှူဒါန်းသမှု မင်းကြီးပြု

ရှင်ပစ္စေကဗုဒ္ဓါတို့လည်း အနဝတတ်အိုင်၌ကိုယ်လက်သုတ်သင်ပြီးလျှင် အခါကိုမှတ်၍ကောင်းကင်ခရီးဖြင့်ကြွလာကာ ကောရဗျမင်းကြီး၏မင်းရင်ပြင်၌ဆင်းသက်ကုန်၏၊ ကောရဗျမင်းကြီးနှင့် ဝိဓူရသုခမိန်တို့လည်း ပစ္စေကဗုဒ္ဓါတို့ကြွလာသောအခါ အလွန်ကြည်ညိုသောစိတ်ဖြင့် သပိတ်တော်တို့ကိုလှမ်းယူ၍ ပြာသာဒ်ထက်သို့ပင့်ဆောင်ပြီးလျှင် အလှူရေစက်သွန်းချလျက် ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့်လုပ်ကျွေးကုန်၏၊ ဆွမ်းဘုဉ်းပေးပြီးလျှင် ခုနစ်ရက်တိုင်အောင်ပင့်ဖိတ်၍လှူဒါန်း၏၊ ခုနစ်ရက်မြောက်နေ့၌အလုံးစုံသောပရိက္ခရာတို့ကိုလှူဒါန်း၏၊ ရှင်ပစ္စေကဗုဒ္ဓါတို့လည်းအနုမောဒနာပြုပြီးလျှင် နန္ဒမူလိုဏ်သို့ကြွကုန်၏၊ အခြံအရံပရိသတ်နှင့်တကွ ကောရဗျမင်းဝိဓုရအမတ်တို့သည် အသက်ထက်ဆုံးကုသိုလ်ကောင်းမှုတို့ကိုပြုစုအားထုတ်လျက်သေလွန်သောအခါနတ်ပြည်သို့လားကြကုန်၏။

---

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်-အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကိုအနုသန္ဓေဆက်စပ်တော်မူလျက်
ရဟန်းတို့...

  • ထိုအခါ ကောရဗျမင်းသည်-ယခုအခါအာနန္ဒာ။
  • ဝိဓုရသုခမိန်သည်-ငါဘုရားဖြစ်လာပြီ-

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

---

ဆောင်ပုဒ်

(၁) ဆေးသမားဟန်၊ မှုလုပ်ကျွန်၊ အခွန်တောင်းပုဏ္ဏား။

(၂) သစ်ငုတ်၊ ကုန်သွယ်၊ သူဌေးနှယ်၊ မဖွယ်နွားသတ်လား။

(၃) နွားကျောင်း၊ မုဆိုး၊ ညစ်ဆေးရိုး၊ ဆယ်မျိုးရှိခဲငြား။

(၄) သီလလွတ်ကင်း၊ ပုဏ္ဏားဖျင်း၊ လှူခြင်းကျိုးမများ။

(၅) မင်းကောရဗျ၊ ရွေးချယ်လှ၊ ပင့်ကြပစ္စေများ။

(၆) ကိလေစင်ကြယ်၊ ဘုရားငယ်၊ လှူဘွယ်အကျိုးများ။
ဒသဗြာဟ္မဏဇာတ်ပြီး၏။

[]

ကိုးကား

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya