ပစ္စယသန္နိဿိတသီလ
ပစ္စယသန္နိဿိတသီလ [၁]ဟူသည် ပစ္စည်း ၄-ပါးကို ကောင်းစွာမှီသော-အကျင့်-သီလကို ဆိုလိုသည်။ (“ပဋိသင်္ခါ ယောနိသော” စသည်ဖြင့် ပစ္စည်း ၄-ပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ စင်ကြယ်သော မှီဝဲသုံးဆောင်မှုကို “ပစ္စယသန္နိဿိတသီလ”ဟု ခေါ်သည်။ ပစ္စည်း ၄-ပါး သုံးဆောင်မှု ၄-မျိုးဘုရားရှင်၏ တပည့်သား သံဃာတော်များ၏ ပစ္စည်း ၄-ပါး သုံးဆောင်မှုသည် ၄-မျိုးရှိသည်။ ယင်းတို့ကား— ခိုးယူသုံးဆောင်မှု “ထေယျပရိဘောဂ”၊ ကြွေးယူသုံးဆောင်မှု “ဣဏပရိဘောဂ”၊ အမွေခံအဖြစ်ဖြင့် သုံးဆောင်မှု “ဒါယဇ္ဇပရိဘောဂ”၊ ပိုင်ရှင်အဖြစ်ဖြင့် သုံးဆောင်မှု “သာမိပရိဘောဂ” တို့ဖြစ်သည်။ ပရိဘောဂ ၄-မျိုး၏ သဘောထားများထိုတွင် သီလမရှိသူ “ဒုဿီလပုဂ္ဂိုလ်တို့၏ သံဃာ့အလယ်၌ ထိုင်၍ ပစ္စည်း၄-ပါး သုံးဆောင်မှုသည် “ထေယျပရိဘောဂ” ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဒုဿီလပုဂ္ဂိုလ်တို့အား ပစ္စည်း ၄-ပါးကို ဘုရားရှင်လည်း ခွင့် မပြုအပ်၊ အလှူရှင်တို့ကလည်း မရည်မှန်း မလှူဒါန်းအပ်သောကြောင့်ဖြစ်သည်။ သီလဝန္တပုထုဇဉ်တို့၏ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်မှုသည် အလှူ၏စင်ကြယ်မှု ဒက္ခိဏာဝိသုဒ္ဓိ မဖြစ်သဖြင့် အလှူရှင်တို့ထံမှ ကြွေးယူသုံးဆောင်သကဲ့သို့ ဖြစ်သောကြောင့် “ဣဏပရိဘောဂ” ဖြစ်သည်။ ဝိနည်းတရားနှင့်အညီ ရရှိအပ်သော “ဓမ္မိယ”ပစ္စည်းပင်ဖြစ်စေကာ “ဣဏပရိဘောဂ”ဖြင့် သုံးဆောင်မှုသည် ပစ္စယသန္နိဿိတသီလ ပျက်၍ မအပ်။ “ထေယျပရိဘောဂ”ဖြင့် သုံးဆောင်ရာ၌ ဆိုဖွယ်ပင် မရှိ။ သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ ပစ္စည်း ၄-ပါး သုံးဆောင်မှုသည် “ဒါယဇ္ဇပရိဘောဂ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်ထံမှ ဓမ္မအမွေရထားသူ တပည့်သားများ ဖြစ်၍ ဖခင်ဘုရား၏ ပစ္စည်း ၄-ပါးကို အမွေခံ အဖြစ်ဖြင့် သုံးဆောင်သောကြောင့် ဖြစ်သည်။ ယင်း “ဒါယဇ္ဇပရိဘောဂ”သည် ပစ္စယသန္နိဿိတသီလ မြောက်၍ အပ်သည်။ တဏှာ၏ ကျွန်အဖြစ်မှ လွတ်မြောက်ပြီး ဖြစ်သောကြောင့် ရဟန္တာပုဂ္ဂိုလ်တို့၏ သုံးဆောင်မှုသည် “သာမိပရိဘောဂ”ဖြစ်သည်။ ယင်းကား ပရိဘောဂ ၄-မျိုးတွင် အမြတ်ဆုံး ဖြစ်သည်။ ပစ္စဝေက္ခဏာဖြင့် သုံးဆောင်မှု (အာနဏျ ပရိဘောဂ)ထိုမှတစ်ပါး “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ” စသော မဟာပစ္စဝေက္ခဏာ ဆင်ခြင်နည်းအတိုင်း ဆင်ခြင်၍ သီလဝန္တပုထုဇဉ်တို့၏ သုံးဆောင်မှုသည် ဣဏပရိဘောဂ၏ ဆန့်ကျင်ဘက်ဖြစ်၍ ကြွေးကင်းသော သုံးဆောင်မှု “အာနဏျ ပရိဘောဂ” ဖြစ်သည်။ ယင်းသည် ပစ္စယသန္နိဿိတသီလ မြောက်၍ ဆိုခဲ့ပြီး ပရိဘောဂ ၄-ပါးမှ အလွတ်သီးခြားဖြစ်သည်။ တနည်းအားဖြင့် သီလဝန္တပုထုဇဉ်တို့သည် သိက္ခာသုံးပါးနှင့် ပြည့်စုံသောကြောင့် “သေက္ခ” စာရင်းဝင် ဖြစ်ရကား ဒါယဇ္ဇပရိဘောဂတွင် ပါဝင်သည်။ ပစ္စယသန္နိဿိတသီလ ပြည့်စုံရန် ဆင်ခြင်ပုံပစ္စယသန္နိဿိတသီလ ပြည့်စုံ စင်ကြယ်ရန် ပစ္စည်း ၄-ပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်ရာ၌ သင်္ကန်းကို ကိုယ်မှလွှတ်၍ (ခွါ၍) ဝတ်ရုံတိုင်း ဝတ်ရုံတိုင်း၊ ဆွမ်းကို အလုတ်တိုင်း အလုတ်တိုင်း၊ ကျောင်းကို တံစက်မြိတ် အတွင်းသို့ ဝင်တိုင်း ဝင်တိုင်း ဆင်ခြင် သုံးဆောင် ရသည်။ ယင်းသို့ အသေးစိတ် မဆင်ခြင်နိုင်လျှင် နံနက်ခင်း ညနေချမ်း၊ ညဉ့်ဦးယံ မိုးသောက်ယံ ဟူသော ပစ္စဝေက္ခဏာ ဆင်ခြင်ချိန် ၄-မျိုးတွင် ၄-ချိန်လုံး ဖြစ်စေ ၃-ချိန်၊ ၂-ချိန်၊ တချိန်ဖြစ်စေ ဆင်ခြင်ရသည်၊ လုံးဝမဆင်ခြင်ဘဲ အရုဏ်တက်သွားလျှင် “ဣဏပရိဘောဂ” အရာ၌ တည်သည်။ ဆေးပစ္စည်းကိုကား ခံယူဆဲအခါ သုံးဆောင်ဆဲ အခါမှာပင် ပစ္စဝေက္ခဏာ ဆင်ခြင်၍ ခံယူသုံးဆောင်ရသည်။ ယင်းသို့ ဆင်ခြင်၍ ခံယူသုံးဆောင်ခြင်းကိုလည်း သန္နိဓိဒုက္ကဋ်၊ ဝိကာလဘောဇနဒုက္ကဋ် အာပတ်မှ လွတ်မြောက်၍ ပါတိမောက္ခသံဝရသီလပါ ပြည့်စုံစေခြင်းငှါ ဆိုခြင်း ဖြစ်သည်။ ပစ္စယသန္နိဿိတသီလ ပြည့်စေခြင်းငှါသာ ဆိုခြင်း မဟုတ်၊ ဆေးပစ္စည်းကို သုံးဆောင်ခြင်းသည်လည်း သင်္ကန်း၊ ဆွမ်း၊ ကျောင်းတို့ကို သုံးဆောင်ခြင်းအတိုင်းပင် အရုဏ်တက်သည် တိုင်အောင် မဆင်ခြင်မိမှ “ဣဏပရိဘောဂ” အရာ၌ တည်သည် [၂]။ ပစ္စယသန္နိဿိတသီလ ပျက်ခြင်း/မပျက်ခြင်း အယူအဆများ“ဣဏပရိဘောဂအရာ၌ တည်သည်”ဟူသော အဋ္ဌကထာ စကား၌ မဆင်ခြင်ဘဲ လွန်သွားသော ထိုနေ့အတွက် ပစ္စယသန္နိဿိတသီလပျက်၊ မပျက် အယူအဆ ၂-မျိုးရှိသည်။ ထိုတွင် ရှေးဆရာအချို့က နောက်နောက် နေ့များ၌ ပြန်လည်မဆင်ခြင်မှသာလျှင် ပျက်သည်။ ဆင်ခြင်လျှင် မပျက်-ဟု ဆိုကြသည်။ ဋီကာ[၃] ဆရာတို့ကမူ ထိုစကားကို စဉ်းစားသင့်သည်ဟု မိန့်ဆိုကြသည်။ ဝိနယာလင်္ကာရဋီကာ (၁၊ ၁၄၀-၁၄၅) ဆရာကား ထို၂-ဝါဒတွင် ရှေးဆရာအချို့၏ ဝါဒသည် သုတ္တ၊ သုတ္တာနုလောမ၊ အာစရိယဝါဒ၊ အတ္တနောမတိ-ဟူသော မဟာပဒေသ ၄-ပါး၌ သက်ဝင်သောကြောင့်လည်းကောင်း၊ လွန်ခဲ့ပြီး နေ့-လ-နှစ်တို့၌ မဆင်ခြင်ခဲ့သမျှ နောက်မှ ပြန်လည်ပေါင်းရုံး ဆင်ခြင်လိုက်လျှင်ပင် ဣဏပရိဘောဂမှ လွတ်၏ဟု ဆိုရာရောက်သဖြင့် အဋ္ဌကထာစကား အချည်းနှီးဖြစ်ရာရောက်သောကြောင့်၎င်း ဣဏပရိဘောဂဖြစ်၍ ပစ္စယသန္နိဿိတသီလ ပျက်သည်ဟုသာ ဆုံးဖြတ်သည်။ ပစ္စယသန္နိဿိတသီလ စင်ကြယ်စေသော ဆင်ခြင်နည်းများဆိုင်ရာ အယူအဆများပစ္စည်း ၄-ပါးကို ဆင်ခြင်ရာ၌ “ပဋိသင်္ခါ ယောနိသော” စသော မဟာပစ္စဝေက္ခဏာ ဆင်ခြင်နည်း၊ ဓာတ်ကြီး ၄-ပါးဖြင့် ဆင်ခြင်နည်း၊ စက်ဆုပ်ဖွယ် “ပဋိကူလ” အဖြစ်ဖြင့် ဆင်ခြင်နည်းဟု ၃-မျိုးရှိသည်။ ထိုတွင် နောက် ၂-နည်းဖြင့် ဆင်ခြင်လျှင် ပစ္စယသန္နိဿိတသီလ စင်ကြယ်သည်ဟု “အပရေ” ဆရာတို့က ဆိုကြသည်။ “ကေစိ” ဆရာတို့ကမူ နောက် ၂-နည်းဖြင့်ဆင်ခြင်လျှင် ပစ္စယသန္နိဿိတသီလ ပျက်သည်ဟု ဆိုကြသည်။ “ဧကေ” ဆရာတို့ကား နောက် ၂-နည်းဖြင့် ဆင်ခြင်မှုသည် မဟာပစ္စဝေက္ခဏာဆင်ခြင်မှုထက်ပင် သာလွန်ကောင်းသေးသည်ဟု ဆိုကြပြန်သည်။ ဝိသုဒ္ဓိမဂ္ဂဋီကာ (၁၊ ၅၆) ဆရာကမူ စူးစမ်းဆင်ခြင်၍ ယူသင့်သည်ဟု မိန့်ဆိုသည်။ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးကား “ဓာတုသညာ၊ ပဋိကူလသညာတို့သည် ကမ္မဋ္ဌာန်း အပိုင်းဖြစ်၍ ယင်းကမ္မဋ္ဌာန်းကို စီးဖြန်းကာမျှဖြင့် ကိစ္စပြီးလျှင် ကသိုဏ်း အသုဘစသော တစ်ပါးသော ကမ္မဋ္ဌာန်းကို စီးဖြန်းလျှင်လည်း ပြီးသင့်သည်၊ ပြီးကား မပြီး၊ ထို့ကြောင့် မဟာပစ္စဝေက္ခဏာဆင်ခြင်ခြင်းသည်သာလျှင် ကောင်းမြတ်သည်” ဟု ဆုံးဖြတ်တော်မူသည် [၄]။ ပစ္စယသန္နိဿိတသီလကို ခေါ်ဆိုပုံ အမျိုးမျိုးပစ္စယသန္နိဿိတသီလကို ပစ္စဝေက္ခဏာဆင်ခြင်မှု ပညာဖြင့် ပြီးစေရ, စင်ကြယ်အောင် သုတ်သင်ကုစားရသောကြောင့် “ပညာသာဓန”ဟုလည်းကောင်း၊ ပစ္စဝေက္ခဏသုဒ္ဓိဟု၎င်း ခေါ်ဆိုရသေးသည်။ ပစ္စဝေက္ခဏာ ဆင်ခြင်နည်း အကျယ်ကို [၅]တို့၌ ကြည့်။ [၆] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia