ပဉ္စုပေါသထဇာတ်

ပကိဏ္ဏကနိပါတ် -၄၉၀–ပဉ္စုပေါသထဇာတ် လောဘ-ဒေါသ-မာန လွန်မှုကိုအမှီပြု၍ သံဝေဂရရှိကာ သီလစောင့်လျက် အတူနေကြသောခို-မြွေ-မြေခွေး-ဝံ-ရသေ့သတ္တဝါငါးဦးတို့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သီတင်းသည်များ တရားဟောကြား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥပုသ်ဆောက်တည်သော သီတင်းသည်ငါးရာတို့ကိုအကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

ရသေ့ထံဆည်းပူး သတ္တဝါလေးဦး

လွန်လေပြီးသောအခါ အင်္ဂတိုင်း မဂဓတိုင်း ကာသိတိုင်း ဤတိုင်းကြီးသုံးတိုင်းတို့အလယ်၌ မွေ့လျော်ဖွယ်ရှိသော တောအုပ်သည်ရှိလေ၏။ မဂဓတိုင်းဝယ် ဘုရားအလောင်းသည် ဗြာဟ္မဏမဟာသာလမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် စည်းစိမ်ဥစ္စာကာမဂုဏ်တို့ကိုစွန့်ပယ်ပြီးလျှင် ထိုတောအုပ်သို့ဝင်၍ ရသေ့ရဟန်းပြုကာ ကျောင်းသင်္ခမ်းဆောက်လျက်နေ၏။

ရသေ့ကျောင်းအနီး ဝါးတော၌ ခိုလင်မယားသည်နေ၏၊ တောင်ပို့တစ်ခု၌ မြွေသည်နေ၏၊ ခြုံတစ်ခု၌ မြေခွေးသည်နေ၏၊ တစ်ခုသောတောအုပ်၌ ဝံသည်နေ၏။ ထိုလေးဦးသောသတ္တဝါတို့သည် အမြဲမပြတ် ရသေ့ထံသို့ကပ်၍ တရားနာကြကုန်၏။

ခိုနှင့်မြွေ အညီ ရသေ့ထံ မှီ

တစ်နေ့သ၌ ခိုလင်မယားသည် အစာရှာသွားရာ စွန်တစ်ကောင်သည် ခိုမကိုဖမ်း၍စားလေ၏။ ထိုအခါ ခိုမနှင့်ကွေကွင်းခြင်းကြောင့် အလွန်ပူပန်၏၊ “ယခုအခါ ရာဂကိုနှိပ်မည်”ဟု ရသေ့ကျောင်းသို့သွား၍ ဥပုသ်ဆောက်တည်လျက်နေ၏။

မြွေသည် မိမိနေရာမှထွက်၍ နွားတို့သွားရာလမ်း၌ အစာကိုရှာ၏။ ထိုအခါ ရွာစားမင်း၏ ကိုယ်လုံးဖြူသောနွားလားဥသဘသည် ကျက်စားရာတောင်ပို့တစ်ခု၌ ချိုသွေး၍ ခွါတို့ဖြင့်မြေတို့ကိုရက်၍ကစား၏။ မြွေသည်ကြောက်၍ပြေးရာ နွားလားဥသဘသည် နင်းမိ၏၊ ထိုအခါ အမျက်ထွက်၍ကိုက်သဖြင့် နွားလားဥသဘသည်သေခဲ့၏။ ရွာသားတို့သည် ငိုကြွေးကာ နွားသေကိုသင်္ဂြိုဟ်ကုန်၏။ ထိုအခါ မြွေသည် “ငါ၏ဒေါသကိုမှီ၍ နွားသေရသည်၊ ထိုဒေါသကိုနှိပ်မည်”ဟု ကျောင်းသို့သွား၍ ဥပုသ်ဆောက်တည်လျက်နေ၏။

လောဘပြစ်မြင် ကျောင်းသို့ဝင်

မြေခွေးသည် အစာရှာသည်ရှိသော် ဆင်သေတစ်စီးကိုမြင်လျှင် “များစွာသောအစာကို ရပေပြီ”ဟု ဝမ်းမြောက်ဝမ်းသာ နှာမောင်း၊ နားရွက်၊ ဝမ်းဗိုက်စသည်တို့၌ ကိုက်စားရာ မာကျောလှသဖြင့် ကိုက်၍မရ။ ဝစ္စမဂ်ကိုကိုက်ပြန်ရာ မုန့်ညက်ကိုကိုက်ရသကဲ့သို့ နူးညံ့သဖြင့်စားရ၏။ ထိုမြေခွေးသည် လောဘ၏အစွမ်းဖြင့် ဝစ္စမဂ်မှဝမ်းတွင်းသို့ဝင်၍ အသားကိုစား၊ အသွေးကိုသောက်ကာနေရာ နေပူလေတိုက်သဖြင့် ဆင်သေ၏ဝစ္စမဂ်ပိတ်သောအခါ ထွက်ပေါက်မရဘဲဆင်းရဲလေ၏၊ တစ်ဖန်မိုးရွာ၍ ရေနူးကာ ဝစ္စမဂ်ပေါက်ပွင့်လာသောအခါ ကြောက်အားလန့်အားအတင်းတိုး၍ထွက်ရာ အမွေးတွေကျွတ်၍အရေစုတ်လျက် အလွန်ဆင်းရဲလှ၏။ ထိုအခါ “လောဘကိုနှိပ်မည်”ဟု ကျောင်းသို့သွား၍ ဥပုသ်စောင့်လျက်နေ၏။

လောဘဆင်းရဲ အမြင်လွဲ

ဝံသည် အလွန်အလိုကြီးသဖြင့် တောမှထွက်ခဲ့၏၊ မလ္လတိုင်း ပစ္စန္တရစ်ရွာသူတို့သည် “ဝံလာသတဲ့”ဟုကြား၍ တုတ်လှံကန်လေးမြှားတို့ကိုကိုင်လျက် လာကြ၍ ဝံအောင်းသောခြံကိုဝန်းရံကုန်၏။ ဝံသည် ကြောက်ရွံ့သဖြင့် ထွက်၍ပြေး၏၊ လူတို့လည်း တုတ်လှံကန်စသည်တို့ဖြင့် ရိုက်ပုတ်ပစ်ခတ်ကုန်၏။ ဝံသည်ခေါင်းကွဲလျက် သွေးယိုစီးကာ မိမိနေရာသို့ရောက်လျှင် “အလွန်အလိုကြီးသောလောဘကြောင့်ဖြစ်ရ၏၊ ထိုလောဘကိုနှိပ်မည်”ဟု ကျောင်းသို့သွား၍ ဥပုသ်ဆောက်တည်လျက်နေ၏။

မာနထန်မှု အမှားပြု

ရသေ့လည်း မိမိမာနကိုမှီ၍ ဈာန်အဘိညာဉ်ကို မဖြစ်စေနိုင်၊ ထိုအခါ ပစ္စေကဗုဒ္ဓါတစ်ဆူသည် ထိုအကြောင်းကို သိတော်မူလျှင် “ဤရသေ့ကား ယုတ်ညံ့သောသတ္တဝါမဟုတ်၊ ဘုရားအလောင်းတည်း၊ မာနကိုနှိပ်၍ ဈာန်အဘိညာဉ်ကိုဖြစ်စေမည်”ဟုကြံစည်လျက် ဟိမဝန္တာမှ ကြွလာကာ ရသေ့၏ကျောင်းအနီးကျောက်ဖျာ၌နေ၏။ ရသေ့လည်း ကျောင်းတွင်းမှထွက်လာရာ ပစ္စေကဗုဒ္ဓါကိုမြင်လျှင် မာနကိုမှီ၍ အမျက်ထွက်သဖြင့် ချဉ်းကပ်ပြီးလျှင် လက်ဖျစ်တီးလျက်-“ဟယ်သူယုတ် ဦးပြည်... ပျက်လော့၊ သွားလော့၊ အဘယ်ကြောင့် ငါ့နေရာ၌လာ၍နေဘိသနည်း”ဟုဆို၏။ ထိုအခါပစ္စေကဗုဒ္ဓါသည် “အိုသူတော်ကောင်း... အဘယ်ကြောင့်မာနကြီးဘိသနည်း၊ ငါကား ပစ္စေကဗုဒ္ဓါဖြစ်သည်၊ သင်သည်ဤကမ္ဘာ၌ပင် ဘုရားဖြစ်လတံ့”စသည်ဖြင့် အမည်အမျိုး အဂ္ဂသာဝကစသည်တို့ကိုပြောကြားပြီးလျှင် တစ်ဖန် “အိုသူတော်ကောင်း... အဘယ်ကြောင့်မာနကြီးဘိသနည်း၊ ကြမ်းကြုတ်ဘိသနည်း၊ မသင့်လျော်”ဟုဆုံးမတော်မူ၏။

ပစ္စေကဆုံးမ ရသေ့နှိမ်ချ

ရသေ့သည် ပစ္စေကဗုဒ္ဓါဆုံးမပါသော်လည်း ရှိမခိုး၊ “ဘယ်အခါဘုရားဖြစ်မည်နည်း”ဟူ၍လည်း မမေးမြန်း။ ထိုအခါ ပစ္စေကဗုဒ္ဓါသည်ရသေ့ကို “သင်သည်ဇာတိမာန်ကြောင့် ငါ၏ဂုဏ်ကျေးဇူးကြီးသည်အဖြစ်ကိုမသိ၊ သင်အကယ်၍စွမ်းနိုင်လျှင် ငါကဲ့သို့ကောင်းကင်၌သွားလော့”ဟုပြောဆိုပြီးလျှင် ကောင်းကင်သို့ပျံတက်၍ ခြေမှတို့ကို ရသေ့၏ဆံကျစ်ဝန်းသို့ကြဲချလျက် မြောက်ဟိမဝန္တာသို့ကြွလေ၏။ ထိုအခါရသေ့သည်ထိတ်လန့်သည်ဖြစ်၍ “ဤရဟန်းကား ကောင်းကင်သို့ပျံနိုင်၏၊ ငါကား ဇာတိမာန်ဖြင့် ပစ္စေကဗုဒ္ဓါ၏ခြေတော်တို့ကို ရှိမခိုးမိ၊ ဘယ်အခါဘုရားဖြစ်မည်နည်းဟူ၍လည်းမမေးလိုက်မိ အမျိုးကားအဘယ်သို့ပြုအံ့နည်း၊ လောက၌အကျင့်သီလသာမြတ်၏၊ ငါသည်မာနကိုနှိပ်မည်”ဟု ကသိုဏ်းပရိကံပွားများကာ ဈာန်အဘိညာဉ်ကိုဖြစ်စေလျက် စင်္ကြံဦးရှိကျောက်ဖျာ၌နေ၏။

ခိုသီလတည်ရေး ရသေ့မေး

ထိုအခါ ခိုစသော သတ္တဝါလေးဦးတို့သည် ရသေ့ထံချဉ်းကပ်၍ လျှောက်ပတ်သောအရပ်၌နေကြကုန်၏။ ရသေ့သည် ခိုဖိုအား–

“အို-ခိုဖို... သင်သည် အစာရှာသွားချိန်ဖြစ်လျက် အစာရှာမသွားဘဲ ကြောင့်ကြမဲ့အစာရေစာမွတ်သိပ်ခြင်းကိုသည်းခံလျက် အဘယ်ကြောင့် ဥပုသ်ဆောက်တည်၍နေဘိသနည်း”—
ဟု မေးလေ၏။ ထိုအခါ ခိုဖိုသည်ရသေ့အား–

“အရှင်ဘုရား... အကျွန်ုပ်သည် ရှေးအခါ ခိုမနှင့်မွေ့လျော်ကာနေပါ၏၊ ထိုအခိုက်ခိုမကိုစွန်တစ်ကောင်ဖမ်းသွားသဖြင့် ခိုမနှင့်ကွေကွင်းရသည့်အတွက် ဆင်းရဲပါ၏၊ ထို့ကြောင့် ခိုမ၌တပ်မက်သောရာဂကိုနှိပ်လိုသဖြင့် အစာရှာမသွားဘဲ ဥပုသ်စောင့်ပါ၏”—
ဟု မိမိဥပုသ်စောင့်ရင်းအကြောင်းကို လျှောက်ထားလေ၏။

မြွေကိုတဖန် ရသေ့မေးပြန်

ထိုအခါ ရသေ့သည် တစ်ဖန်မြွေအား သီလဆောက်တည်ခြင်းအကြောင်းကို မေးလိုပြန်သဖြင့်–

“အို-မြွေ... သင်သည် အစာရှာသွားချိန်ဖြစ်လျက် အစာရှာမသွားဘဲ ကြောင့်ကြမဲ့အစာရေစာမွတ်သိပ်ခြင်းကိုသည်းခံလျက် အဘယ်ကြောင့် ဥပုသ်စောင့်၍နေဘိသနည်း”—
ဟု မေးပြန်၏။ ထိုအခါ မြွေသည်ရသေ့အား–

“အရှင်ဘုရား... အကျွန်ုပ်သည် အစာရှာသွားရာ ရွာစားမင်း၏ ကိုယ်လုံးခြုံသော နွားလားဥသဘနင်းမိ၍ အမျက်ထွက်သဖြင့် ထိုနွားလားဥသဘကိုကိုက်၍သတ်မိပါ၏၊ ထို့ကြောင့်ဒေါသကိုနှိပ်နင်းလိုသဖြင့် ဥပုသ်ဆောက်တည်ပါ၏”—
ဟု ဥပုသ်ဆောက်တည်ခြင်းအကြောင်းကို လျှောက်ထားပြန်၏။

သီလစောင့်ရေး မြေခွေးမေး

ထို့နောက်ရသေ့သည် တစ်ဖန် မြေခွေးအား သီလဆောက်တည်သောအဖြစ်ကိုမေးလို၍—

“အို-မြေခွေး... သင်သည် အစာရှာသွားချိန်ဖြစ်လျက် အစာရှာမသွားဘဲ ကြောင့်ကြမဲ့အစာရေစာမွတ်သိပ်ခြင်းကိုသည်းခံလျက် အဘယ်ကြောင့် ဥပုသ်ဆောက်တည်၍နေဘိသနည်း”—
ဟု မေးမြန်းပြန်၏။ ထိုအခါမြေခွေးသည် ရသေ့အား–

“အရှင်ဘုရားကျွန်ုပ်သည် အစာ၌တပ်မက်သောလောဘဖြင့် ဆင်သေကောင်၏ဝမ်းသို့ဝင်ခဲ့ရာ ဝစ္စမဂ်ပေါက်ပိတ်သဖြင့်ဆင်းရဲရပါ၏၊ နောက်မိုဃ်းရွာ၍ ဝစ္စမဂ်ပွင့်သောအခါ အတင်းတိုးထွက်သဖြင့်

ဝံ, ခွေး, မြွေ, ခို လေးဦးသားတို့ သံဝေဂရကာ ရသေ့ထံလာပြီး ဥပုသ်စောင့်သုံးနေကြပုံ

အမွေးတွေကျွတ်၊ အရေတွေစုတ်ပြတ်ကာ ဆင်းရဲရပါ၏၊ ထို့ကြောင့် လောဘကိုနှိပ်လိုသဖြင့် ဥပုသ်ဆောက်တည်ပါ၏”—
ဟု ဥပုသ်ဆောက်တည်ခြင်းအကြောင်းကို လျှောက်ထားပြန်၏။

ဝံလောဘကြောင့် သီလစောင့်

ထို့နောက် ရသေ့သည် တစ်ဖန် ဝံအား မေးလိုပြန်သည်ဖြစ်၍—

“အို-ဝံ... သင်သည် အစာရှာသွားချိန်ဖြစ်လျက် အစာရှာမသွားဘဲကြောင့် အစာရေစာမွတ်သိပ်ခြင်းကိုသည်းခံလျက် အဘယ်ကြောင့် ဥပုသ်ဆောက်တည်၍နေဘိသနည်း”—
ဟု မေးပြန်၏။ ထိုအခါ ဝံသည် ရသေ့အား–

“အရှင်ဘုရား... အကျွန်ုပ်သည် အလွန်အလိုကြီးသောလောဘဖြင့် မိမိနေရာမှရွာနားသို့သွားမိပါ၏၊ ရွာသားတို့သည် တုတ်လှံကန်စသည်တို့ဖြင့် ရိုက်နှက်ပစ်ခတ်သောကြောင့် ခေါင်းကွဲလျက် ဆင်းရဲ၍ပြန်ခဲ့ရပါ၏၊ ထို့ကြောင့် အလိုကြီးလှသောလောဘကိုနှိပ်လိုသဖြင့် ဥပုသ်ဆောက်တည်ပါ၏”—
ဟု ဥပုသ်ဆောက်တည်ခြင်းအကြောင်းကို လျှောက်ထားပြန်၏။

မာနမှီပြု နှိမ်ချမှု

ဤသို့လျှင် သတ္တဝါလေးဦးတို့သည် မိမိတို့ဥပုသ်ဆောက်တည်ခြင်း၏ အကြောင်းရင်းကိုအသီးအသီးလျှောက်ထားပြီးလျှင် ရှိခိုးကာရသေ့အား–

“အရှင်ဘုရား... အရှင်တို့သည် သစ်သီးရှာသွားချိန်ဖြစ်ပါလျက် သစ်သီးရှာမသွားဘဲကြောင့် ကြမဲ့အစာရေစာမွတ်သိပ်ခြင်းကိုသည်းခံလျက် အဘယ်ကြောင့် ဥပုသ်ဆောက်တည်၍နေပါသနည်း”—
ဟုမေးမြန်းလျှောက်ထားကုန်၏။ ထိုအခါ ရသေ့သည် သတ္တဝါလေးဦးတို့အား–

“အချင်းတို့... ငါ၏ကျောင်းသို့ ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာ၍ သွားလာရာဂတိ၊ အမည်၊ အမျိုး၊ အနွယ်၊ အကျင့်တို့ကိုဆုံးမပါ၏၊ ငါသည်မာနကိုမှီ၍ ရှိလည်းမခိုး၊ မေးလည်းမမေးမိ၊ ထို့ကြောင့် မာနကိုနှိပ်လိုသဖြင့် ဥပုသ်ဆောက်တည်ပါ၏”—
ဟု မိမိဥပုသ်ဆောက်တည်ခြင်းအကြောင်းကိုပြောကြားပြီးလျှင် လေးဦးသောသတ္တဝါတို့ကိုဆုံးမ၍လွှတ်လိုက်၏။ လေးဦးသောသတ္တဝါတို့သည် ရသေ့ကိုရှိခိုးပြီးလျှင် မိမိနေရာသို့ပြန်သွားကြကုန်၏၊ ရသေ့လည်း မယုတ်သောဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့လား၏။ လေးဦးသောသတ္တဝါတို့လည်း ရသေ့၏အဆုံးအမ၌တည်၍ သေလွန်သောအခါ နတ်ပြည်သို့လားကြရကုန်၏။

---

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်—

ဒါယကာတို့...

  • ထိုအခါ ခိုသည်-ယခုအခါ အနုရုဒ္ဓါ။
  • ဝံသည်-ကဿပ။
  • မြေခွေးသည်-မောဂ္ဂလာန်။
  • မြွေသည်-သာရိပုတ္တရာ။
  • ရသေ့သည်-ငါဘုရားဖြစ်လာပြီ–

ဟုဇာတ်ကိုပေါင်းတော်မူသတည်း။

---

ဆောင်ပုဒ်

(၁) ရာဂ၊ ဒေါသ၊ မာန်မာန၊ လောဘအကုသိုလ်။

(၂) နှိပ်ရန်ကြိုးစား၊ သူမြတ်ငါး၊ စောင့်ငြင်းဥပုသ်ကို။

(၃) ဥပုသ်စောင့်လမ်း၊ သူတော်ငြမ်း၊ ဖြောင့်တန်းနိဗ္ဗာန်ကို။
ပဉ္စုပေါသထဇာတ်ပြီး၏။

[]

ကိုးကား

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya