ပေါင်မြို့
ပေါင်မြို့ (မွန်: ဍုင်ပံင်) သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပေါင်မြို့နယ်သည် သထုံမြို့နယ်၏ တောင်ဘက်ကျ၍ သံလွင်မြစ်နှင့် မုတ္တမပင်လယ်ကွေ့ ကြားတွင် တည်ရှိသည်။ ပေါင်မြို့နယ်၏ အလယ်မှ တောင်နှင့်မြောက် သွယ်တန်းနေသော မုတ္တမတောင်တန်း၏ အနောက်ဘက် ဆင်ခြေလျှောတွင် ပေါင်မြို့ တည်ရှိသည်။ ရန်ကုန်-မော်လမြိုင် သွား မီးရထားလမ်းသည် ပေါင်မြို့ကို ဖြတ်၍ ဖောက်လုပ်ထားသည်။ ပေါင်မြို့နယ်သည် ၃၉၉ စတုရန်းမိုင်မျှ ကျယ်ဝန်းသည်။ မြေဩဇာကောင်းမွန်သဖြင့် လယ်ယာစိုက်ပျိုးရေးသည် မြို့နယ်၏ အဓိက လုပ်ငန်း ဖြစ်သည်။ လယ်ယာလုပ်ငန်း ကောင်းမွန်သည့်အလျောက်လည်း လူဦးရေ ပေါများသည်။ ပေါင်မြို့၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၂၉,၄၃၄ ယောက်[၁] ဖြစ်သည်။ ဆန်စပါးသည် ပေါင်မြို့၏အဓိက ထွက်ကုန် ဖြစ်သည်။ ရှေးဟောင်းမြို့ကြီးတစ်မြို့ဖြစ်သော မုတ္တမမြို့သည် ပေါင်မြို့နယ်၏ အရှေ့တောင်စွန်း သံလွင်မြစ်ကမ်းပေါ်တွင် တစ်ဘက်ကမ်းရှိ မော်လမြိုင်မြို့ကို မျက်နှာမူလျှက် တည်ရှိသည်။ မုတ္တမမြို့သည် ရှေးက ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့၍ နိုင်ငံခြားသားများ ဝင်ထွက် ကူးသန်းရောင်းဝယ်ရာ ဌာန တစ်ခု ဖြစ်လေသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia