မဟာပဒုမဇာတ်

ဒွါဒသကနိပါတ် - ၄၇၂−မဟာပဒုမဇာတ်

ကာမဂုဏ်၏အလိုသို့ မလိုက်၍ မိဖုရားမိုက် မင်းအား ကုန်းတိုက်သဖြင့် သားတော်အား သတ်စေသော်လည်း တောင်စောင့်နတ်ကယ်မ၍ ရဟန်းဘဝချမ်းသာဖြင့် နေထိုင်ရသော မဟာပဒုမမင်းသားအကြောင်း။

---

ပစ္စုပ္ပန်ဝတ္ထု

စွပ်စွဲလိမ်ညာ စိဉ္စမာ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တိတ္ထိတို့သည် လာဘသက္ကာရမှ ဆုတ်ယုတ်သည်ဖြစ်၍ စိဉ္စမာနဝိကာအား မြတ်စွာဘုရားကို မဟုတ်မမှန်စွပ်စွဲဖျက်ဆီးရန် တိုက်တွန်းကုန်၏။

စိဉ္စမာနဝိကာလည်း တိတ္ထိတို့တိုက်တွန်းသောအတိုင်း မြတ်စွာဘုရားကို ဖျက်ဆီးလိုသဖြင့် ညအခါ ဇေတဝန်ကျောင်းတော်သို့သွား၍ အိပ်ဟန်ပြုကာ သစ်သားပျဉ်ချပ်ဖြင့် ကိုယ်ဝန်ဆောင်ဟန်ပြု၍ ညချမ်းအခါ တန်ဆာဆင်အပ်သော တရားဟောပလ္လင်ထက်၌ တင့်တယ်စွာတရားဟောတော်မူစဉ် လာလတ်၍ မြတ်စွာဘုရားကိုစွဲ၍ ကိုယ်ဝန်ရကြောင်း ပရိသတ်လေးပါးတို့အလယ်တွင် မဟုတ်မမှန်ကြံဖန်စွပ်စွဲလေ၏။

ပြစ်မှားစိတ်မိုက် ဂရုကံထိုက်

ထိုအခိုက် သိကြားမင်းသည် နတ်သားလေးယောက်နှင့်တကွ လာပြီးလျှင် ကြွက်ငယ်အဟန် ဖန်ဆင်းစေ၍ သစ်သားပျဉ်ချပ်တွင် ဖွဲ့ချည်သောကြိုးတို့ကို ကိုက်ဖြတ်စေ၏။ ထိုအခါ ကိုယ်ဝန်ဆောင်အဟန်ပြုလုပ်ထားသော ပျဉ်ချပ်သည် စိဉ္စမာနဝိကာ၏ ခြေဘမိုးပေါ်သို့ကျသဖြင့် ခြေဖျားနှစ်ဘက်တို့သည် ပြတ်ကုန်၏။ လူတို့သည် ပျဉ်ချပ်ကိုမြင်လျှင် ထ၍ စိဉ္စမာနဝိကာအား “ဟယ်-အယုတ်မ... နင်အဘယ်ကြောင့် မြတ်စွာဘုရားကို မဟုတ်မမှန်စွပ်စွဲဘိသနည်း” ဟု ကြိမ်းမောင်းလျက် ဦးခေါင်းထက်၌ တံတွေးထွေးပြီးလျှင် ဇေတဝန်ကျောင်းတော်မှ နှင်ထုတ်ကုန်၏။ စိဉ္စမာနဝိကာလည်း မြတ်စွာဘုရားမြင်တော်မူရာ ဥပစာကိုလွန်လျှင် မြေမျို၍ အဝီစိငရဲသို့ ကျလေ၏။

ရဟန်းတို့သည် တရားသဘင်၌ စိဉ္စမာနဝိကာ အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင်– “ရဟန်းတို့ စိဉ္စမာနဝိကာသည် ယခုအခါ၌သာ ငါဘုရားကို မဟုတ်မမှန်စွပ်စွဲသဖြင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ရောက်ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

သားကိုချစ်စွာ မင်းအရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း မိဖုရားကြီးဝမ်း၌ဖြစ်၍ မွေးဖွားသောအခါ ပဒုမာကြာနှင့်တူသော ကြက်သရေရှိသော မျက်နှာရှိသည်ဖြစ်၍ မဟာပဒုမမင်းသားဟု အမည်မှည့်ကုန်၏။ ထိုမဟာပဒုမ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီးလျှင် တိုင်းပြည်သို့ပြန်၍လာခဲ့၏။ ထိုအခါ မယ်တော်မိဖုရားကြီးသည် နတ်ရွာစံလေ၏။ မင်းကြီးလည်း တစ်ပါးသောမင်းသမီးကို မိဖုရားကြီးရာထူးကိုပေး၍ မဟာပဒုမမင်းသားကိုလည်း အိမ်ရှေ့မင်းရာထူးကို ပေးလေ၏။

ဘေးရန်အောင်မြင် မြို့တော်ဝင်

နောက်အဖို့၌ ဗြဟ္မဒတ်မင်းကြီးသည် ပုန်ကန်ထကြွသော ပစ္စန္တရစ်ကို ငြိမ်းစေခြင်းငှါ သွားသည်ရှိသော် မိဖုရားကြီးကို ခေါ်၍ “ရှင်မ... မပျင်းမရိ နေရစ်လော့၊ ငါ ပစ္စန္တရစ်သို့သွားမည်၊ တိုင်းပြည်ကို အိမ်ရှေ့မင်းအားအပ်နှင်းခဲ့သည်၊ သင်အလိုရှိရာကို အိမ်ရှေ့မင်းအား ပြောကြားစေခိုင်းလေ၊ အိမ်ရှေ့မင်း ပြုလုပ်ဆောင်ရွက်၍ ပေးလိမ့်မည်”ဟု မှာထားပြီးလျှင် စစ်သည်ဗိုလ်ပါနှင့်တကွ ပစ္စန္တရစ်သို့သွားလေ၏။ ပစ္စန္တရစ်ကို ငြိမ်းအေးစေပြီးလျှင် မြို့တော်သို့ပြန်လာ၍ သစ်ခက်တဲနန်း၌နေကာ ပြန်လာကြောင်းကို အိမ်ရှေ့မင်းအား ပြောကြားစေ၏။ အိမ်ရှေ့မင်းလည်း ခမည်းတော် ပြန်လာကြောင်းကိုသိလျှင် တစ်မြို့လုံး တန်ဆာဆင်စေ၍ နန်းတော်ကိုလည်း တန်ဆာဆင်စေ၍ ကိုယ်တော်တစ်ပါးတည်း မိဖုရားကြီးထံ သွားလေ၏။

မင်းသားတပ်စွန်း မိဖုရားကြမ်း

မိဖုရားကြီးလည်း မဟာပဒုမမင်းသားကို မြင်လျှင် အလွန်တပ်စွန်းတိမ်းညွတ်သော စိတ်ရှိလေ၏။ မဟာပဒုမမင်းသားလည်း ရှိခိုး၍ “မိခင်...ဘယ်အမှုကိုပြုရအံ့နည်း”ဟု မေး၏။ ထိုအခါ မိဖုရားကြီးသည် “အဘယ်သို့ဆိုသနည်း”ဟု ပြောကာထ၍ လက်ကိုကိုင်လျက် “အိပ်ရာသို့ တက်လော့”ဟုပြော၏။ “မိခင်...ဘယ်အကြောင်းကြောင့်နည်း”ဟု မေး၏။ “မင်းကြီးမလာသေးသမျှကာလပတ်လုံး သင်နှင့်ငါ ကိလေသာဖြင့် ရွှေလျော်ပျော်ပါးမည်”ဟုပြော၏။ “မိခင် သင်ကား-အမိဖြစ်ခဲ့၏၊ လင်ရှိမယားလည်းဖြစ်ခဲ့၏၊ လင်ရှိမိန်းမကို ဣန္ဒြေကိုဖျက်၍ မကြည့်စဖူး၊ အဘယ့်ကြောင့် သင်နှင့် ညစ်နွမ်းသော အကျင့်ကို ကျင့်အံ့နည်း” ဟု ပြောဆိုလေ၏။ မိဖုရားကြီးသည် နှစ်ကြိမ်သုံးကြိမ်တောင်းပန်၍ မရလတ်သော် “သင် ငါ့စကားကို လိုက်နာမည်လော”ဟု မေး၏။ “မလိုက်နာနိုင်ပါ”ဟု ပြောသောအခါ “ကောင်းပြီ၊ မင်းကြီးအား လျှောက်ထား၍ သင့်ဦးခေါင်းကို ဖြတ်စေမည်”ဟု ပြော၏။ “သင်အလိုရှိတိုင်း လျှောက်ထားလော့”ဆို၍ မိဖုရားကြီးကို အရှက်ကွဲစေပြီးလျှင် သွားလေ၏။

မိဖုရားမာယာ စိတ်ယုတ်မာ

ထိုအခါ မိဖုရားကြီးသည် “ဤအိမ်ရှေ့မင်းသည် ရှေးဦးစွာ ခမည်းတော်အား လျှောက်ထားငြားအံ့၊ ငါ၏အသက်မရှိပြီ၊ ငါသာ ရှေးဦးစွာ လျှောက်ထားမည်”ဟု ကြံစည်ကာ ထမင်းစားပြီးလျှင် အဝတ်နွမ်းတို့ကို ဝတ်၍ တစ်ကိုယ်လုံး လက်သည်းတို့ဖြင့် ကုတ်ခြစ်လျက် “ငါ့ကို မင်းကြီးမေးလျှင် နာဖျားနေသည်”ဟု လျှောက်ထားလေဟု အလုပ်အကျွေးတို့ကို မှာထားပြီးလျှင် ကြက်သရေတိုက်ခန်းသို့ဝင်၍ အိပ်လေ၏။

ဗြဟ္မဒတ်မင်းကြီးသည် မြို့တော်သို့ဝင်၍ နန်းတော်ထက်သို့ရောက်လျှင် မိဖုရားကြီးကိုမမြင်၍ မေးတော်မူပြီးလျှင် ကြက်သရေတိုက်ခန်းသို့ဝင်၍ “ကရှင်မိဖုရား အသို့နည်း နာဖျားသလော”ဟု မေး၏။ မိဖုရားကြီးသည် သုံးကြိမ်တိုင်အောင် မေးသော်လည်း မကြားသကဲ့သို့ ဆိတ်ဆိတ်နေ၏။

မိဖုရားယုတ်မိုက် မင်းကုန်းတိုက်

မင်းကြီးသည် တစ်ဖန်-အရှင်မိဖုရား အဘယ့်ကြောင့် စကားမဆိုသနည်း၊ “မြတ်သောမင်းကြီး... အဘယ်သို့ဆိုသနည်း၊ လင်မရှိသောမိန်းမမည်သည် အကျွန်ုပ်ကဲ့သို့ မဖြစ်တန်ရာ”ဟု ပြော၏။ “အဘယ်သူညှဉ်းဆဲသနည်း ငါ့ကိုလျင်စွာပြောလော့၊ ဦးခေါင်းကိုဖြတ်မည်”ဟုပြော၏။ “ဘယ်သူအား မြို့ကိုအပ်၍သွားသနည်း”ဟု မေး၏။ “ငါ့သားတော် အိမ်ရှေ့မင်းအား အပ်၍သွားသည်”ဟုပြော၏။ “ထိုအိမ်ရှေ့မင်းသားသည် အကျွန်ုပ်နေရာသို့ လာ၍ ဤသို့ ပြုပါ၏၊ ငါဟာ မယ်တော်ဖြစ်သည်ဟု တောင်းပန်ပါသော်လည်း အကျွန်ုပ်၏ ဆံပင်တို့ကို ကိုင်ဆွဲ၍ ကိလေသာဖြင့် မွေ့လျော်မည်ဟု အတင်းလှဲပြီးလျှင် ရိုက်နှက်ထောင်းထု၍ သွားပါသည်”ဟု မဟုတ်မမှန် လုပ်ကြံ၍ လျှောက်ထားလေ၏။

မင်းဒေါသစွမ်း သားတော်ဖမ်း

မင်းကြီးလည်း မစုံစမ်းဘဲ အဆိပ်ထန်သော မြွေဟောက်ကို တုတ်နှင့်ခတ်မိသကဲ့သို့ ဒေါသအမျက် ချောင်းချောင်းထွက်ကာ မင်းချင်းတို့ကိုခေါ်၍ “သွားချေ၊ အိမ်ရှေ့မင်းကို နှောင်ဖွဲ့၍ ငါ့ထံဆောင်ယူခဲ့ရမည်”ဟု တစ်ချက်လွှတ်အမိန့်ပေးလေ၏။ မင်းချင်းတို့လည်း တစ်မြို့လုံး လွှမ်းမိုးသကဲ့သို့ အိမ်ရှေ့မင်းအိမ်သို့သွား၍ အိမ်ရှေ့မင်းကိုလက်ပြန်ကြိုးတဲကာ နီမြန်းသောပန်းကို လည်တွင်ဆွဲလျက် ရိုက်နှက်ပုတ်ခတ်ကာ ဒလကြမ်းဆွဲငင်၍ဆောင်ကုန်၏။ ထိုအခါ အိမ်ရှေ့မင်းသည် ဤအမှုကား မိဖုရားယုတ်၏အမှုဟုသိ၍ “အချင်းတို့... ငါ့မှာအပြစ်မရှိ၊ ခမည်းတော်ကို ငါမပြစ်မှား” ဟု မြည်တမ်းလျက်လိုက်၏။ မြို့အလုံးလည်း ချောက်ချားလေ၏။ “မင်းကြီးသည် မိန်းမစကားကိုနားထောင်ကာ အိမ်ရှေ့မင်းကိုသတ်စေသတဲ့”ဟု-အိမ်ရှေ့မင်းခြေရင်း၌ ဝပ်ကုန်လျက် “အရှင်မင်းသား... ဤအမှုကား အရှင်မင်းသားနှင့် မလျောက်ပတ်”ဟု ငိုကြွေးကြကုန်၏။ မင်းချင်းတို့လည်း အိမ်ရှေ့မင်းကို ခမည်းတော်ထံ ပြကြကုန်၏။

သားတော်သတ်စေ အမိန့်ပေးလေ

ခမည်းတော်မင်းကြီးလည်း အိမ်ရှေ့မင်းကို မြင်လျှင် မြင်ခြင်း ဒေါသအမျက်ကို မချုပ်တည်းနိုင်တော့ဘဲ “အချင်းတို့... မင်းသားကား မင်း၏အသွင်ကို ပြုဘိ၏၊ ငါ၏သားတော်ဖြစ်လျက် မိဖုရားကြီးကို ပြစ်မှားဘိ၏၊ သွားချေ ခိုးသူချရာ ကမ်းပါးပြတ်၌ချ၍ သတ်ကြကုန်”ဟု တစ်ချက်လွှတ်အမိန့်ပေးလေ၏။ အိမ်ရှေ့မင်းသားလည်း “ခမည်းတော်ဘုရား... အကျွန်ုပ်အား ဤသို့သောအပြစ်မရှိပါ၊ မိန်းမစကားကို ယုံကြည်ကာ အကျွန်ုပ်ကို သတ်တော်မမူပါလင့်– ဟု တောင်းပန်လေ၏။ မင်းကြီးလည်း သားတော်၏စကားကို နာယူတော်မမူချေ။ ထို့နောင် တစ်သောင်းခြောက်ထောင်သော နန်းတွင်းသူတို့သည် ငိုကြွေးကုန်၏။

မင်းကြီးလျှောက်ထား မှူးမတ်များ

မင်းကြီးလျှောက်ထားအလုံးခုံသော သူဌေးသူကြွယ် မှူးမတ်အပေါင်းတို့လည်း “အရှင်မင်းကြီး သားတော်အိမ်ရှေ့မင်းသည် အကျင့်သီလနှင့်ပြည့်စုံ၏၊ အမျိုးအနွယ်ကို စာင့်ရှောက်လတံ့သောသူဖြစ်၏၊ တိုင်းပြည်၏ အမွေခံဖြစ်၏၊ မိန်းမစကားကို ယုံကြည်ကာ သတ်တော်မမူပါလင့်၊ မင်းတို့မည်သည် စုံစမ်းဆင်ခြင်၍ ပြုရာ၏”ဟု လျှောက်ထားပြီးလျှင် တစ်ဖန်–

“မြတ်သောမင်းကြီး...သူတစ်ပါးတို့အပြစ်ကို မမြင်ဘဲ၊ ပြည့်ရှင်မင်းသည် အလုံးစုံသော အပြစ်ကြီးငယ်ကို ကိုယ်တိုင်မစုံစမ်းမဆင်ခြင်ဘဲ အပြစ်ဒဏ်မပေးရာ”။ “မြတ်သောမင်းကြီး မစုံစမ်းမဆင်ခြင်ဘဲ အပြစ်ဒဏ်ပေးခြင်းကို ပြုသာ ပြည့်ရှင်မင်းမည်သည်ကား မျက်စိကန်းသောသူသည် ယင်ကောင်ပါ၍ အဆူးရှိသော ဘောဇဉ်ကိုမျိုသကဲ့သို့ အကျိုးမဲ့ကိုပြုသည်မည်၏”။

ပြစ်ဒဏ်ပေးမှု စုံစမ်းပြု

“မြတ်သောမင်းကြီး ... အပြစ်ဒဏ်မပေးထိုက်သူကို အပြစ်ဒဏ်ပေး၍ အပြစ်ဒဏ်ပေးထိုက်သူကို မပေးသော ပြည့်ရှင်မင်းမည်သည်ကား မျက်စိကန်းသောသူသည် လမ်းခရီး၏ ညီညွတ်သည် မညီညွတ်သည်ကို မသိသကဲ့သို့ ညီညွတ်သည်မညီညွတ်သည်ကို မသိလေ”။

“မြတ်သောမင်းကြီး... အလုံးစုံသော အပြစ်ကြီးငယ်ဟူသော အကြောင်းအရာတို့ကို ကောင်းစွာမြင်သည်ဖြစ်၍ ဆုံးမသော ပြည့်ရှင်မင်းသည် စင်စစ်မင်းပြုခြင်းငှါ ထိုက်တန်၏”။

“မြတ်သောမင်းကြီး စင်စစ်နူးညံ့သိမ်မွှေ့သော ပြည့်ရှင်မင်းသည် မိမိကိုယ်ကို မြင့်မြတ်သောအဖြစ်၌ မထားနိုင်၊ စင်စစ်ထက်လွန်းသော ပြည့်ရှင်မင်းသည်လည်း မိမိကိုယ်ကို မြင့်မြတ်သောအဖြစ်၌ မထားနိုင်၊ ထို့ကြောင့် အနု၊ အထက် နှစ်ပါးစုံကို ကျင့်ရာ၏”။

မိန်းမကြောင်းပြု မိုက်မဲမှု

“မြတ်သောမင်းကြီး နူးညံ့သိမ့်မွေ့သော ပြည့်ရှင်မင်းသည် တိုင်းသူပြည်သားတို့ အနှိပ်စက်ကို ခံရ၏၊ ထက်လွန်းသော ပြည့်ရှင်မင်းသည်လည်း ရန်များလှ၏၊ ဤနှစ်ပါးစုံကိုသိ၍ မနူးညံ့လွန်း မထက်လွန်းသော အကျင့်ကို ကောင်းစွာ ကျင့်ရာ၏”။

“မြတ်သောမင်းကြီး... တပ်စွန်းသည်ဖြစ်၍လည်း များစွာပြောဆိုရာ၏၊ အမျက်ထွက်သည်ဖြစ်၍လည်း များစွာဆဲရေးရာ၏။ မိန်းမဟူသော အကြောင်းကြောင့် သားတော် အိမ်ရှေ့မင်းကို မသတ်ထိုက်ပါ”
ဟု အကြောင်းအမျိုးမျိုးပြကာ လျှောက်ထားကြကုန်သော်လည်း မှူးမတ်တို့သည် မိမိတို့စကားကိုနာယူစေခြင်းငှါ မတတ်နိုင်ကုန်။

မင်းကြီးလျှောက်တင် နားတော်မဝင်

အိမ်ရှေ့မင်းသားလည်း လျှောက်ထားတောင်းပန်သော်လည်း မိမိစကားကို နာယူစေခြင်းငှါ မတတ်နိုင်လေ၊ ထိုအခါ အလွန်မိုက်လှစွာသော မင်းသည်...

“အမတ်တို့... အလုံးစုံသောသူတို့ကား တစ်ပေါင်းတည်းဖြစ်ကာ မင်းသား၏ အပင်းအသင်းတို့တည်း၊ ဤမိန်းမကား တစ်ယောက်တည်းသာတည်း၊ ထို့ကြောင့် ငါသည် အမှုကိုစီရင်အံ့၊ ယခုသွား၍ မင်းသားကို တောင်ကမ်းပါးပြတ်၌ ချကြကုန်”

ဟုထပ်၍ အမိန့်ပေးပြန်၏။ တိုင်းသူပြည်သားလူအများတို့သည် ဆံပင်တို့ကို ဖရိုဖရဲကြဲကာ ငိုကြွေးမြည်တမ်းကြကုန်၏။ ထိုအခါ မင်းချင်းတို့သည် သားတော်အိမ်ရှေ့မင်းသားကို ခြေနှစ်ချောင်းတို့ကို ကိုင်ဆွဲကာ ဦးခေါင်းစောက်ထိုး တောင်ကမ်းပါးပြတ်၌ ချကုန်၏။

တောင်စောင့်နတ်မ ဟိမဝန္တာကြွ

ထိုအခိုက် အိမ်ရှေ့မင်း၏ မေတ္တာအာနုဘော်ကြောင့် တောင်စောင့်နတ်သည် “အို-မဟာပဒုမမင်းသား... မကြောက်လင့်”ဟု အားပေးစကားပြောကြားကာ လက်နှစ်ဘက်တို့ဖြင့် ခံယူ၍ရင်ခွင်၌ထားလျက် နတ်၏အတွေ့ကို တွေ့စေ၍ တောင်ခြေရင်း၌ တည်ရှိသော နဂါးမင်း၏ ပါးပျဉ်းထက်၌ ထားလေ၏။ နဂါးမင်းလည်း မဟာပဒုမမင်းသားကို နဂါးပြည်သို့ ဆောင်ယူလျက် စည်းစိမ်ကို တစ်ဝက်ခွဲ၍ပေး၏။ မဟာပဒုမမင်းသားသည် နဂါးပြည်တွင် တစ်နှစ်ကြာလတ်သော် နဂါးမင်းအား လူ့ပြည်သို့ပြန်၍ ဟိမဝန္တာအရပ်၌ ရဟန်းပြု၍နေလိုပါသည်ဟု တောင်းပန်လေ၏။ နဂါးမင်းလည်း ရဟန်းပရိက္ခရာ အစုံအလင် စီမံကာ ဟိမဝန္တာသို့ လိုက်၍ပို့ပြီးလျှင် နဂါးပြည်သို့ ပြန်ခဲ့၏။ မဟာပဒုမမင်းသားလည်း ရသေ့ရဟန်းပြုပြီးလျှင် ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ဟိမဝန္တာ၌ တောသစ်သီး၊ သစ်ဥတို့ဖြင့် မျှတကာနေ၏။

မုဆိုးလျှောက်တင် သားတော်ရှာစဉ်

ထိုအခါ ဗာရာဏသီပြည်သား၊ မုဆိုးတစ်ယောက်သည် ထိုအရပ်သို့ ရောက်၍ မြင်လျှင် မဟာပဒုမမင်းသားအား အရှင်သည် မဟာပဒုမမင်းသားဟုတ်မဟုတ်ကို မေး၍ ဟုတ်မှန်ကြောင်းကို ပြောဆိုသောအခါ နှစ်ရက်၊ သုံးရက်နေပြီးလျှင် မြို့တော်သို့ပြန်၍ မင်းကြီးအား သားတော်မဟာပဒုမမင်းသားကို အသက်ရှင်လျက် ရသေ့ရဟန်းပြုနေသည်ကို တွေ့မြင်ခဲ့ရကြောင်း လျှောက်ထားလေ၏။ မင်းကြီးသည် မယုံကြည်သဖြင့် “သင်သည် ကိုယ်တိုင်မျက်မှောက် တွေ့မြင်ခဲ့သလော” မေးရာ မျက်မှောက်တွေ့မြင်ရုံမျှမက ကျောင်းမှာပင် နှစ်ရက်၊ သုံးရက်နေခဲ့သေးကြောင်း လျှောက်ထားလေ၏။

မင်းကြီးသည် ယုံကြည်တော်မူသဖြင့် စစ်သည်ဗိုလ်ပါနှင့်တကွ မူဆိုးကိုပင် လမ်းညွှန်ပြုကာ မြို့တော်မှထွက်လေ၏။ ဟိမဝန္တာတောစွန်သို့ရောက်လျှင် သစ်ခက်တဲနန်းပြုလုပ် တည်းခိုလျက် အမတ်အပေါင်းခြံရံကာ သားတော်ရသေ့ထံသို့သွားလေ၏။

သားမတွေ့ရုံ ခြင်းရာစုံ

သစ်ရွက်မိုးကျောင်းတံခါးဝ၌ ရွှေဆင်းတုကဲ့သို့ ထိုင်နေသော သားတော်ကို မြင်လျှင် ရိုသေစွာရှိခိုး၍ လျောက်ပတ်သောအရပ်၌နေ၏။ မှူးမတ်တို့လည်း ရှိခိုးကာနေကုန်၏။ ရသေ့လည်း ခမည်းတော်မင်းကြီးနှင့် မှူးမတ်တို့အား ပဋိသန္ဓာရစကားပြောကြားလေ၏။ ထို့နောက် ခမည်းတော်မင်းကြီးသည်- “ချစ်သား သင့်ကို များစွာသောထန်းပင်ပမာဏရှိ၍ အလွန်အတက်ခက်၍ နက်လှစွာသော နရက်ချောက်ကမ်းပါးပြတ်ကြီး၌ ချေစေပါလျက်. သင်သည် အဘယ့်ကြောင့် မသေပါသနည်း”—
ဟု သားတော်ရသေ့အား မေးလေ၏။ ထိုအခါသားတော်ရသေ့သည်–
“ခမည်းတော်မင်းကြီး...ထိုကမ်းပါးပြတ်ကြီးဝယ် ပြန့်ကျယ်သောပါးပျဉ်း, ထက်သောအစွယ်ရှိလျက် တောင်ကျဉ်တောင်ဝှန်း၌ နေသောနဂါးမင်းသည် ကျလာသော အကျွန်ုပ်ကို အခွေတို့ဖြင့် ခံ၍ထားသောကြောင့် မသေပါ”–

ဟု မသေခြင်းအကြောင်းကို ပြန်ကြားပြောဆိုလေ၏။

ထီးနန်းရိုက်ရာ ရွှံ့ဘွယ်ရာ

ထိုအခါမင်းကြီးသည် သားတော်အား မိမိ၏ ထီးနန်းမွေကို ပေးလိုသဖြင့်—
“ချစ်သား ပြန်လာပါ၊ သင်ချစ်သားကို နန်းတော်သို့ တစ်ဖန်ဆောင်ယူပါမည်၊ သင်ချစ်သားအား ကောင်းခြင်းမင်္ဂလာဖြစ်ပါစေ၊ မင်းပြုပါလော့၊ တောကြီးထဲ၌ အဘယ်အကျိုးရှိပါအံ့နည်း”—
ဟု ပြောဆိုကာ နန်းတော်သို့ပြန်လိုက်ရန်၊ ထီးနန်းအုပ်ချုပ် မင်းလုပ်ရန် တိုက်တွန်းတောင်းပန်လေ၏။ ထိုနောင်မှ သားတော်ရသေ့သည်- “ခမည်းတော်မင်းကြီးက ငါးမျှားချိတ်ကို မျို၍ သွေးနှင့်တကွအန်သကဲ့သို့ ထို့အတူထွေးအန်သည်ရှိသော် ချမ်းသာရာ၏၊ မိမိကိုယ်၌ ချမ်းသာသည်ကို မြင်ရ၏”—

ဟု ဥပမာဖြင့် ပြောဆိုကာ မြစ်ပယ်လေ၏။

ကာမဂုဏ်ချမ်းသာ ငါးမျှားပမာ

မင်းကြီးသည် သားတော်ရသေ့ပြောသောစကားကို နားမလည်သဖြင့်—
“ချစ်သား...သင်သည် အဘယ်အရာဝတ္ထုကို ငါးမျှားချိတ်နှင့်တူသည်ဟု ဆိုသနည်း၊ ဘယ်အရာဝတ္ထုကို သွေးနှင့်တကွဟု ဆိုသနည်း၊ ဘယ်အရာဝတ္ထုကို အန်သည်ဟု ဆိုသနည်း၊ ဖြေကြားပါလော”—
ဟု တောင်းပန်ပြန်၏။ ထိုအခါ သားတော်ရသေ့သည်–

“ခမည်းတော်မင်းကြီး... ကာမဂုဏ်တို့ကို ငါးမျှားချိတ်ဟုဆိုပါ၏၊ ဆင်မြင်းစသည်ကို သွေးနှင့်တကွဟုဆိုပါ၏၊ အကျွန်ုပ်စွန့်ခဲ့ခြင်းကို အန်သည်ဟု ဆိုပါ၏၊ ဤသို့ဥပမာ၊ ဥပမေယျ စပ်ဟပ်၍သိပါ” ဟု ခမည်းတော်အား ရှင်းလင်းဖြေကြားလေ၏။

သားတောင်းပန်လတ် ထီးနန်းအပ်

ထိုအခါ ခမည်းတော်မင်းကြီးသည် သားတော်ရသေ့တရားစကားကို ကြားနာရလျှင် အလွန်နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ “ချစ်သား...ငါသည်အလွန်မိုက်သောကြောင့် မိန်းမယုတ်စကားကို ယုံကြည်ကာ အကျင့်သီလနှင့်ပြည့်စုံသော သင်ချစ်သားကို ပြစ်မှားမိပေ၏၊ အပြစ်ကို သည်းခံတော်မူပါ”ဟု ခြေတို့၌ဝပ်၍ တောင်းပန်ကန်တော့၏။ သားတော်ရသေ့လည်း “ခမည်းတော်မင်းကြီး...အပြစ်ကိုသည်းခံပါ၏၊ ယနေ့မှစ၍ မစုံစမ်းမဆင်ခြင်ဘဲ မပြုပါလင့်”ဟု ဆုံးမ၏။ ထိုအခါ မင်းကြီးသည် “ချစ်သား...ထီးအုပ်ချုပ်မင်းလုပ်သည်ရှိသော် သည်းခံသည်မည်၏”ဟု လျှောက်ပြန်၏။ ရသေ့သည် “ခမည်းတော်မင်းကြီး... မင်းအဖြစ်ကိုအလိုမရှိပါ၊ ခမည်းတော်သည်သာလျှင် အဂတိလေးပါးမလိုက်စားဘဲ မင်းကျင့်တရားဆယ်ပါးနှင့်အညီ မင်းပြုပါ”ဟု ဆုံးမပြန်၏။

သားကိုခွဲခွါ ဝမ်းနည်းစွာ

မင်းကြီးလည်း သားတော်ကိုမင်းပြုရန် တောင်းပန်၍ မရသဖြင့် ငိုယိုမြည်တမ်းကာ မြို့တော်သို့ပြန်ခဲ့၏။ ခရီးလမ်းအကြားသို့ရောက်လျှင်– “အမတ်မင်းတို့...ငါသည်အဘယ်သူကိုမှီ၍ အကျင့်သီလနှင့်ပြည့်စုံသော သားတော်နှင့် ကွေကွင်းရသနည်း”ဟု မေး၏။ “အရှင်မင်းကြီး... မိဖုရားယုတ်ကိုမှီ၍ ကွေကွင်းရပါသည်”ဟု လျှောက်ကုန်၏။ ထိုအခါ ... မင်းကြီးသည် မင်းချင်းတို့အား မိဖုရားယုတ်ကို ခြေနှစ်ချောင်းကိုကိုင်ကာ ဦးစောက် တောင်ကမ်းပါးပြတ်ကြီး၌ ချစေပြီးလျှင် မြို့တော်သို့ဝင်ကာ တရားနှင့်အညီမင်းပြုလေ၏။

---

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်—
ရဟန်းတို့...

  • ထိုအခါမိဖုရားကြီးသည်-ယခုအခါစိဉ္စမာနဝိကာ။
  • မင်းကြီးသည်-ဒေဝဒတ်။
  • နဂါးမင်းသည်-အာနန္ဒာ၊
  • တောင်စောင့်နတ်သည်-သာရိပုတ္တရာ။
  • မဟာပဒုမမင်းသားသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

---

ဆောင်ပုဒ်

(၁) မင်းတို့ထုံးတမ်း၊ လူတစ်ဝှမ်း၊ စူးစမ်းပြစ်ပေးရာ။
(၂) အပြစ်ပေးသင့်၊ မပေးသင့်၊ ထောက်ချင့်နှိုင်းစာနာ။
(၃) အပြစ်ကြီးငယ်၊ ကြောင်းသွယ်၊ သွယ်၊ ဉာဏ်ကျယ်သိမြင်ရာ။
(၄) နူးညံ့ညှဉ်းပြန်၊ ထက်လွန်းရန်၊ နှစ်တန်သိအပ်စွာ။
(၅) အလယ်အလတ်၊ အကျင့်မြတ်၊ လျောက်ပတ်မင်းတို့မှာ။
မဟာပဒုမဇာတ် ပြီး၏။

[]

ကိုးကား

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya