မဟာဝါဏိဇဇာတ်

ပကိဏ္ဏကနိပါတ် -၄၉၃-မဟာဝါဏိဇဇာတ် နဂါးသိမ်းဆည်းအပ်သော ညောင်ပင်မှ ရေ-စားဘွယ်-အခြံအရံ-ရတနာတို့ကို ရသော်လည်း မရောင့်ရဲနိုင်ဘဲ ဖျက်ဆီးရန်ပြုသော လောဘမသိမ်းဆည်းနိုင်သည့် လှည်းကုန်သည်များ အသက်ဆုံးရှုံးပျက်စီးရခြင်းနှင့် လောဘသိမ်းဆည်းနိုင်၍ ရတနာအစုနှင့်တကွ ချမ်းသာရာရသောလှည်းမှူးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သရဏဂုံတည်ငြား ကုန်ကူးသွား

နတ်လူတို့၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား ကုန်သည်တို့သည် ကုန်ကူးသွားခါနီးတွင် မြတ်စွာဘုရားအား အလှူကြီးကိုပေး၍ သရဏဂုံသီလဆောက်တည်ပြီးလျှင်– “အရှင်ဘုရား... အကျွန်ုပ်တို့သည် အနာကင်းလျက် ပြန်ရောက်ပါကုန်အံ့၊ အရှင်ဘုရား၏ခြေတော်တို့ကို ရှိခိုးပါကုန်အံ့” ဟု လျှောက်ထားပြီးလျှင် လှည်းငါးရာတို့ဖြင့် ကုန်ကူးသွားကြကုန်၏။

ထိုလှည်းငါးရာတို့သည် ကန္တာရသို့ရောက်လျှင် ခရီးကိုမမှတ်နိုင်ကြသဖြင့်ခရီးမှားကာ အစာရေမရှိသောတော၌ လှည့်လည်လတ်သော် နဂါးသိမ်းဆည်းသော ညောင်ပင်ကြီးသို့ရောက်၍ လှည်းတို့ကိုချွတ်ကာ သစ်ပင်ရင်း၌နားနေကြကုန်၏။

နဂါးပိုင်ပြု ရတနာစု

ထိုအခါ လှည်းသမားတို့သည် ညောင်ပင်၏ ရေစိုနေသကဲ့သို့ စွတ်စိုသောအရွက်တို့နှင့် ရေပြည့်သကဲ့သို့ အကိုင်းအခက်တို့ကိုမြင်၍ “ဤညောင်ပင်ကြီး၏ အကိုင်းတို့ကိုဖြတ်လျှင် ရေရတန်ရာ၏”ဟု ကြံစည်စဉ်းစားပြီးလျှင် လှည်းသမားတစ်ယောက်သည် ညောင်ပင်သို့တက်၍ အရှေ့ဘက်ကိုင်းကိုဖြတ်၏၊ ထန်းလုံးတစ်မျှရေအယဉ်ထွက်လာသဖြင့်အလိုရှိတိုင်း ချိုးရသောက်ရကုန်၏။

တောင်ဘက်ကိုင်းဖြတ်ပြန်၏၊ အထူးထူးသောခဲဖွယ်ဘောဇဉ်တို့ထွက်လာသဖြင့် အလိုရှိတိုင်းစားသောက်ကြရကုန်၏၊ အနောက်ဘက်ကိုင်းကိုဖြတ်ပြန်၏၊ တန်ဆာဆင်အပ်သော မိန်းမတို့ထွက်လာသဖြင့် အလိုရှိတိုင်းမွေ့လျော်ပျော်မြူးရကုန်၏၊ မြောက်ဘက်ကိုင်းကိုဖြတ်ပြန်၏၊ ရတနာခုနစ်ပါးတို့ထွက်လာသဖြင့် အလိုရှိတိုင်းလှည်းတို့၌တင်ကာ သာဝတ္ထိပြည်သို့ပြန်ကြကုန်၏။

လောဘဆင်ခြင် ဘေးရန်စင်

ရောက်သောနေ့ညနေ၌ မြတ်စွာဘုရားထံအဖူးအမျှော်သွားပြီးလျှင် နက်ဖြန်အတွက်ပင့်ဖိတ်ကာ အလှူကြီးပေးကုန်၏၊ “အရှင်ဘုရား... အကျွန်ုပ်တို့အားဥစ္စာကိုပေးလိုက်သော ရုက္ခစိုးနတ်မင်းအား အလှူ၏အဖို့ကိုအမျှပေးဝေပါကုန်၏”ဟု လျှောက်ထားကာ အမျှပေးဝေကုန်၏၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးလတ်သော် “ဒါယကာတို့... အဘယ်ရုက္ခစိုးအားအမျှပေးဝေကြသနည်း” ဟုမေးတော်မူရာ ပညောင်ပင်၌ဥစ္စာရခဲ့ကြောင်းကိုလျှောက်ထားကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် “ဒါယကာတို့... သင်တို့သည် အတိုင်းအရှည်ကိုသိ၍ တဏှာ၏အလိုသို့မလိုက်သောကြောင့်... ဥစ္စာကိုရခဲ့ကြသည်၊ ရှေးအခါ၌ကား အတိုင်းအရှည်ကိုမသိကြဘဲ တဏှာ၏အလိုသို့လိုက်သောကြောင့် ဥစ္စာကိုမရကြဘဲ အသက်ပါဆုံးရှုံးရကြောင်းကို” မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

ခရီးလမ်းမှား ကုန်သည်များ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်လှည်းကုန်သည်တို့သည်လှည်းငါးရာတို့ဖြင့် ကုန်ကူးသွားရန်တိုင်ပင်ညီညွတ်၍ ဘုန်းပညာနှင့်ပြည့်စုံသော ဘုရားအလောင်းလှည်းမှူးကို အကြီးအကဲပြုကာ လှည်းတို့ဖြင့်ထွက်ကြကုန်၏၊ အစာနှင့်ရေမရှိသော ကန္တာရတစ်ခုသို့ရောက်လျှင် ခင်းကိုမမှတ်နိုင်ကြသဖြင့် ဟိုဟိုသည်သည်လှည့်လည်သွားလာကြရာ ပညောင်ပင်ကြီးတစ်ခုသို့ရောက်၍ အလွန်မောပန်းသဖြင့်လှည်းတို့ကိုချွတ်ကာ စခန်းချကြကုန်၏။

ထိုပညောင်ပင်ကြီးကား ရေတို့ဖြင့်စွတ်စိုသကဲ့သို့ အလွန်စိမ်းလန်းသောအအရွက်နှင့်ပြည့်စုံ၏၊ ရေအယဉ်ပြည့်သည့်အလား အလွန်စိမ်းလန်းသောအကိုင်းအခက်နှင့်ပြည့်စုံ၏၊ ထိုပညောင်ပင်ကြီးကို တန်ခိုးကြီးသောနဂါးမင်းသည် သိမ်းဆည်းအပ်၏။

ညောင်ပင်ကြီးမှ စားဘွယ်ရ

လှည်းကုန်သည်မိုက်တို့သည် အစာလည်းမစားရ၊ ရေလည်းမသောက်ရသဖြင့် ပင်ပန်းဆင်းရဲလျက်မိုက်မဲတွေဝေကြသည်ဖြစ်၍ “အချင်းတို့... ဤပညောင်ပင်ကြီးကား အလွန်စွတ်စိုစိမ်းလန်း၏၊ အတွင်း၌ရေရှိယောင်ထင်၏”ဟု တိုင်ပင်ညီညွတ်ကာ အရှေ့ဘက်အကိုင်းကိုဖြတ်ကြကုန်၏၊ ထိုအခါ အလွန်ကြည်လင်သောရေအယဉ်သည် ထန်းလုံးပမာဏယိုစီးထွက်ကျလာ၏၊ ကုန်သည်တို့သည် ရေကိုအလိုရှိတိုင်းချိုးသောက်သုံးဆောင်ရကုန်၏။

ထို့နောက်တစ်ဖန် ကုန်သည်မိုက်တို့သည် မိုက်မဲတွေဝေကြသည်ဖြစ်၍ တိုင်ပင်ညီညွတ်ကာ တောင်ဘက်ကိုင်းကိုဖြတ်ကြပြန်ကုန်၏၊ ထိုအခါ သားပြွမ်းထမင်း၊ ဃနာနို့ထမင်း၊ ဟင်းလျာမုန့်စသော ခဲဖွယ်ဘောဇဉ်တို့သည် ထွက်လာကုန်၏၊ ကုန်သည်တို့သည် အလိုရှိတိုင်းစားသောက်သုံးဆောင်ရကုန်၏။

လိုတိုင်းပြည့်ဝ သယ်ယူကြ

ထို့နောက်တစ်ဖန် ကုန်သည်မိုက်တို့သည် မိုက်မဲတွေဝေကြသည်ဖြစ်၍ တိုင်ပင်ညီညွတ်ကာ အနောက်ဘက်ကိုင်းကိုဖြတ်ကြပြန်ကုန်၏၊ ထိုအခါ ဆန်းကြယ်သောအဝတ်တန်ဆာကိုဆင်လျက် ပတ္တမြားနားချောင်းကို ပန်ဆင်ကုန်သော မိန်းမတို့သည်ထွက်လာကုန်၏၊ ကုန်သည်တို့သည် အလိုရှိရာမိန်းမတို့ကိုဖမ်းယူကုန်လျက် ပေါင်းဘော်ကြရကုန်၏၊ မြူးထူးပျော်ပါးကြရကုန်၏။

ထို့နောက်တစ်ဖန် ကုန်သည်မိုက်တို့သည် မိုက်မဲတွေဝေကြသည်ဖြစ်၍ တိုင်ပင်ညီညွတ်ကာ မြောက်ဘက်ကိုင်းကိုဖြတ်ကြပြန်ကုန်၏၊ ထိုအခါ ငွေ၊ ပုလဲပတ္တမြားစသော များစွာသောရတနာတို့သည်၎င်း၊ သားမွေးဖြင့်ယက်အပ်သော အဝတ်အထည်ကမ္ဗလာတို့သည်၎င်း ထွက်လာကုန်၏၊ ကုန်သည်တို့သည် ပစ္စည်းဥစ္စာတို့ကိုအလိုရှိတိုင်းယူငင်ကြရကုန်၏။

ညောင်ပင်တူးငြား ပညာရှိတား

ထို့နောက် ကုန်သည်မိုက်တို့သည် ပညောင်ပင်ကြီး၏ လေးမျက်နှာရှိ အကိုင်းကြီး ၄-ကိုင်းကိုဖြတ်၍ အလိုရှိရာရရသမျှသောပစ္စည်းဥစ္စာတို့ဖြင့် တင်းမတိမ်နိုင်ဘဲ အတိုင်းအရှည်ကိုမသိ၊ တဏှာ၏အလိုသို့လိုက်ကာ မိုက်မဲတွေဝေကြသည်ဖြစ်၍ “အချင်းတို့... အမြစ်တို့ကိုဖြတ်လျှင် အလွန်များပြားသောပစ္စည်းဥစ္စာတို့ကိုရကြလိမ့်မည်”ဟု တိုင်ပင်ကြကုန်၏။

ထိုအခါ ပညာရှိသောလှည်းကုန်သည်မှူးသည် လက်အုပ်ချီလျက် “အချင်းတို့... ဤပညောင်ပင်မင်းသည် သင်တို့ကိုအဘယ်သို့ပြစ်မှားသနည်း၊ အရှေ့ဘက်ကိုင်းမှ ရေ၊ တောင်ဘက်ကိုင်းမှ အစာအာဟာရ၊ အနောက်ဘက်ကိုင်းမှမိန်းမ၊ မြောက်ဘက်ကိုင်းမှပစ္စည်းဥစ္စာရတနာတို့ကိုအလိုရှိတိုင်းပေးခဲ့၏၊ အဘယ်သို့ပြစ်မှားသနည်း၊ သင်တို့အားကောင်းခြင်းမင်္ဂလာဖြစ်ပါစေ၊ မိမိတို့နေခဲ့ဘူး၊ ထိုင်ခဲ့ဘူး၊ အိပ်ခဲ့ဘူးသော သစ်ပင်၏သစ်ခက်ကိုပင်မချိုးမဖြတ်ရာ၊ ထိုစကားသည်မှန်၏၊ အရိပ်၌နေခဲ့ဘူးသောသစ်ပင်၏အကိုင်းအခက်ကိုချိုးဖြတ်သောသူသည်၊ ယုတ်မာသောသူအဆွေခင်ပွန်းကိုပြစ်မှားသောသူဖြစ်သည်။ သို့အတွက် အလွန်ကျေးဇူးကြီးလှသောပညောင်ပင်ကြီး၏အမြစ်တို့ကိုမတူးမဖြတ်ပါကုန်လင့်”ဟု တောင်းပန်လေ၏။

ကုန်သည်မိုက်စု သေဆုံးမှု

များစွာသောလှည်းကုန်သည်မိုက်တို့သည် တစ်ဦးတည်းဖြစ်သောလှည်းကုန်သည်မှူး၏စကားကိုမနာယူကြဘဲ ထက်စွာသွေးအပ်သောဒါးမတို့ဖြင့် အမြစ်တို့ကိုဖြတ်ရန်လုံးပန်းအားထုတ်ကြကုန်၏၊ ထိုအခါနဂါးမင်းသည် “ဤကုန်သည်တို့အား ရေကိုလည်းပေးအပ်ပြီ၊ ခဲဖွယ်ဘောဇဉ်ကိုလည်းပေးအပ်ပြီ၊ အလုပ်အကျွေးမိန်းမကိုလည်းပေးအပ်ပြီ၊ ရတနာတို့ကိုလည်းပေးအပ်ပြီ၊ ယခုအခါ ငါ့သစ်ပင်ကိုအမြစ်မှဖြတ်ကြရန်ဝိုင်းဝန်းအားထုတ်ကုန်၏၊ အလွန်ကြမ်းကြုတ်ကုန်၏၊ လှည်းကုန်သည်မှူးကိုထား၍ ကြွင်းသောလှည်းကုန်သည်မိုက်တို့ကိုသတ်ရန်သင့်၏”ဟုကြံစည်ပြီးလျှင် လက်နက်စွဲကိုင်သောနဂါးစစ်သည်တို့ “ထွက်ကြကုန်လော့၊ လှည်းကုန်သည်မှူးကိုချန်ထား၍ တစ်ယောက်မျှမကျန်အောင်သတ်ကြကုန်လော့”—ဟုအမိန့်ပေးလေ၏၊ ထိုအခိုက်နဂါးစစ်သည်တို့သည် ထွက်ကာလှည်းကုန်သည်မှူးကိုချန်ထား၍လှည်းကုန်သည်အားလုံးတို့ကိုသတ်ကြကုန်၏၊ ထိုအခါလှည်းကုန်သည်တို့သည် သေကြေပျက်စီးခြင်းသို့ရောက်ကုန်၏။

နဂါးစစ်သည်တို့သည် အလုံးစုံသောပစ္စည်းဥစ္စာရတနာတို့ကို လှည်းငါးရာတို့၌တင်ကာ လှည်းကုန်သည်မှူးကိုယူဆောင်၍ ဗာရာဏသီပြည်သို့သွားပြီးလျှင် လှည်းကုန်သည်မှူးအိမ်၌ထားကာ လှည်းကုန်သည်မှူးကိုပန်ကြားပြီးလျှင် မိမိတို့နဂါးပြည်သို့သွားကြကုန်၏။

ပညောင်ပင်၏-အရိပ်နေ၍ အခက်ချိုးသူတို့အား နဂါးတို့စိတ်ဆိုးသဖြင့် လိုက်လံသတ်ဖြတ်နေပုံ။

မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ ကုန်သည်တို့သည် သောတာပတ္တိဖိုလ်၌တည်ကုန်၏။

---

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်—
ဒါယကာတို့...

  • ထိုအခါ နဂါးမင်းသည်–ယခုအခါ သာရိပုတ္တရာ။
  • လှည်းကုန်သည်မှူးသည်–ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

---

ဆောင်ပုဒ်

(၁) တိုင်းရှည်လွန်ပြီး၊ လောဘကြီး၊ ပျက်စီးရမည်မှတ်။

(၂) လောဘနိုင်ငံ၊ မလိုက်ရန်၊ ဧကန့်သတိချပ်။

(၃) ကျိုးစီးပွားမြင်၊ ပညာရှင်၊ ကုန်စင်လောဘသတ်။

(၄) လောဘလည်းသိမ်း၊ ဒုက္ခငြိမ်း၊ မသိမ်းနိဗ္ဗူရပ်။
မဟာဝါဏိဇဇာတ်ပြီး၏။

[]

ကိုးကား

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya