မေတ္တာကမ္မဋ္ဌာန်းသည် ဗုဒ္ဓဘာသာတရားတော်အရ သတ္တဝါအားလုံးအပေါ်၌ ရန်ငြိုးဖွဲ့ခြင်းမရှိသော ချစ်ခင်မြတ်နိုးမှု၊ ကောင်းကျိုးကိုသာ ရည်စူးပေးလိုသော စိတ်ထားကို ပွားများအားထုတ်ရာ ကမ္မဋ္ဌာန်းတစ်မျိုးဖြစ်သည်။ ၎င်းသည် စတုဗြဟ္မဝိဟာရတရား (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) အနက် ပထမဆုံးတရားဖြစ်ပြီး၊ စိတ်ကို ဒေါသ၊ ရန်ငြိုးဖွဲ့ခြင်းမှ ကင်းစင်စေကာ ဈာန်သမာဓိရရှိရန် အကြောင်းခံဖြစ်သည်။ မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့်ပုဂ္ဂိုလ်တို့၌ ရှေးဦးစွာ မေတ္တာမပွားသင့်သည်၊ မည်သည့်ပုဂ္ဂိုလ်တို့၌ လုံးဝမပွားသင့်သည်ကို သိရှိထားရန် လိုအပ်သည်။
ရှေးဦးစွာ မေတ္တာမပွားသင့်သော ပုဂ္ဂိုလ် (၄)မျိုး
၁။အပ္ပိယပုဂ္ဂလ (မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်)
- မိမိ သို့မဟုတ် မိမိချစ်သူ၏ အကျိုးစီးပွားကို မဆောင်ရွက်ပေးသူ၊ မိမိမုန်းသူ၏ အကျိုးကို ဆောင်ရွက်ပေးသူ၊ ရန်ငြိုးဖွဲ့ခြင်း (၉)မျိုး၏ အကြောင်းတည်ရှိရာ ပုဂ္ဂိုလ်ဖြစ်သည်။
- အကြောင်းအရင်း= ၎င်းကို ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ်အဖြစ် ထား၍ မေတ္တာပွားရန် ခက်ခဲပြီး စိတ်ပင်ပန်းတတ်သည်။
၂။ အတိပ္ပိယသဟာယက (အလွန်ချစ်ခင်အပ်သော ပုဂ္ဂိုလ်)
- အလွန်ချစ်မြတ်နိုးရသော ပုဂ္ဂိုလ် သို့မဟုတ် အပေါင်းအဖော်ဖြစ်သည်။
- အကြောင်းအရင်း= ၎င်းကို မချစ်မမုန်း မဇ္ဈတ္တပုဂ္ဂိုလ်အဖြစ် ထား၍ မေတ္တာပွားရန် ခက်ခဲပြီး၊ ၎င်းအား ဆင်းရဲဒုက္ခဖြစ်လာလျှင် ယောဂီသည် ငိုကြွေးလိုသော စိတ်အခြေအနေသို့ ရောက်တတ်သည်။
၃။ မဇ္ဈတ္တ (မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်)
- ချစ်ခင်မှု၊ မုန်းတီးမှု မရှိသော လျစ်လျူရှုထိုက်သူဖြစ်သည်။
- အကြောင်းအရင်း= ၎င်းကို ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ် သို့မဟုတ် လေးစားအပ်သော ပုဂ္ဂိုလ်အဖြစ် ထား၍ မေတ္တာပွားရန် စိတ်ပင်ပန်းတတ်သည်။
၄။ ဝေရီပုဂ္ဂလ (ရန်သူပုဂ္ဂိုလ်)
- မိမိ သို့မဟုတ် မိမိချစ်သူ၏ အကျိုးစီးပွားကို ဖျက်ဆီးသူဖြစ်သည်။
- အကြောင်းအရင်း= ၎င်းကို အကြိမ်ကြိမ် အောက်မေ့ပွားများရာ၌ ဒေါသဖြစ်ပေါ်လာတတ်ပြီး မေတ္တာပွားရန် မဖြစ်နိုင်ပေ။
သီးသန့်တစ်ဦးချင်း မေတ္တာမပွားသင့်သော ပုဂ္ဂိုလ်
၅။ လိင်္ဂဝိသဘာဂ (လိင်မတူသောပုဂ္ဂိုလ်)
- အကြောင်းအရင်း= ၎င်းကို သီးသန့်တစ်ဦးချင်း အာရုံပြု၍ မေတ္တာပွားလျှင် ယောဂီသန္တာန်၌ ရာဂ (တဏှာ) ဖြစ်ပေါ်လာနိုင်သည်။
လုံးဝမေတ္တာမပွားသင့်သော ပုဂ္ဂိုလ်
၆။ ကာလကတ (ကွယ်လွန်သွားသောပုဂ္ဂိုလ်)
- အကြောင်းအရင်း= ၎င်းကို အာရုံပြု၍ မေတ္တာပွားလျှင် ဈာန်သမာဓိ မရရှိနိုင်ပေ။
သို့သော် မေတ္တာဈာန်ရရှိပြီးသည့်နောက်၌ကား အထက်ပါ ပုဂ္ဂိုလ် (၄)မျိုးကို မေတ္တာပွားနိုင်ပြီး၊ “သဗ္ဗာ ဣတ္ထိယော (အမျိုးသမီးအားလုံး)၊ သဗ္ဗေ ပုရိသာ (အမျိုးသားအားလုံး) ဘေးရန်ကင်းကြပါစေ” စသည်ဖြင့် အုပ်စုလိုက် မေတ္တာဖြန့်ကြက်နိုင်သည်။
မေတ္တာပွားသင့်သော ပုဂ္ဂိုလ်အစဉ်
မေတ္တာကမ္မဋ္ဌာန်းကို စတင်ပွားများရာတွင် အောက်ပါအဆင့်များဖြင့် ဆောင်ရွက်ရသည်-
၁။မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပွားခြင်း
- “အဟံ အဝေရော ဟောမိ (ငါသည် ဘေးရန်ကင်းပါစေ)၊ အဗျာပဇ္ဇော ဟောမိ (စိတ်ဆင်းရဲကင်းပါစေ)၊ အနီဃော ဟောမိ (ကိုယ်ဆင်းရဲကင်းပါစေ)၊ သုခီ အတ္တာနံ ပရိဟရာမိ (ကျန်းမာချမ်းသာစွာ ခန္ဓာကို ထိန်းသိမ်းနိုင်ပါစေ)” ဟု မိမိကိုယ်ကို အာရုံပြု၍ အချိန်အနည်းငယ် မေတ္တာပွားရသည်။
- သတိပြုရန်= ဤအဆင့်သည် မေတ္တာဈာန်ရရန် မဟုတ်ဘဲ၊ မိမိအား သက်သေအဖြစ် ထား၍ မေတ္တာစိတ်ဖြစ်ပေါ်ရန် အစပျိုးရုံသာဖြစ်သည်။
၂။ မေတ္တာဈာန်ရရန် ပွားများသင့်သော ပုဂ္ဂိုလ်အစဉ်
- အောက်ပါပုဂ္ဂိုလ် (၄)မျိုးကို လိင်တူပုဂ္ဂိုလ်များအဖြစ် ရွေးချယ်၍ ပွားရသည်-
- ပိယဂရုဘာဝနီယ (ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်)
- အတိပ္ပိယသဟာယက (အလွန်ချစ်ခင်အပ်သော ပုဂ္ဂိုလ်)
- မဇ္ဈတ္တ (မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်)
- ဝေရီ (ရန်သူပုဂ္ဂိုလ်)
- ပွားနည်း= “အယံ သပ္ပုရိသော အဝေရော ဟောတု (ဤသူတော်ကောင်းသည် ဘေးရန်ကင်းပါစေ)” စသည်ဖြင့် (၄)ချက်စီ ပွားများရသည်။
မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း
မေတ္တာဈာန်ရရှိရန် အောက်ပါအဆင့်များဖြင့် အားထုတ်ရသည်- [၁]
၁။ သမာဓိထူထောင်ခြင်း
- ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်းကို အာရုံပြု၍ စတုတ္ထဈာန်သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင် တောက်ပလာသောအခါ မေတ္တာပွားရန် ပြင်ဆင်ပါ။
၂။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်မှ စတင်ပွားခြင်း
- ချစ်ခင်လေးစားအပ်သော လိင်တူပုဂ္ဂိုလ် (ဥပမာ- ဆရာသမား) ကို အာရုံယူ၍ “ဤသူတော်ကောင်းသည် ဘေးရန်ကင်းပါစေ” စသည်ဖြင့် မေတ္တာပွားပါ။
- ၎င်း၏ စိတ်ကြည်နူးဖွယ် ရုပ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဈာန်အင်္ဂါများ ထင်ရှားလာသည်အထိ ပွားများပါ။
၃။ ဈာန်အင်္ဂါငါးပါး
- ဝိတက် (အာရုံ၌ စိတ်တင်ပေးခြင်း)၊ ဝိစာရ (အာရုံကို ထပ်ကာသုံးသပ်ခြင်း)၊ ပီတိ (နှစ်သက်ခြင်း)၊ သုခ (ချမ်းသာခံစားခြင်း)၊ ဧကဂ္ဂတာ (အာရုံတစ်ခုတည်း၌ စိတ်တည်ငြိမ်ခြင်း)။
- ပထမဈာန်မှ တတိယဈာန်သို့ တစ်ဆင့်ချင်း တိုးမြှင့်ပွားပါ။
၄။ ပုဂ္ဂိုလ်အုပ်စုအလိုက် ဖြန့်ကြက်ပွားခြင်း
- ပိယဂရုဘာဝနီယ၊ အတိပ္ပိယသဟာယက၊ မဇ္ဈတ္တ၊ ဝေရီဟူသော ပုဂ္ဂိုလ်အုပ်စုများတွင် အနည်းဆုံး ပုဂ္ဂိုလ် (၂၀) စီကို မေတ္တာဈာန်ရရှိအောင် ပွားများပါ။ [၂]
- ဝေရီပုဂ္ဂိုလ်၌ ဒေါသဖြစ်လျှင် ပိယပုဂ္ဂိုလ်သို့ ပြန်၍ မေတ္တာဈာန်ဝင်စားၿပီး ဒေါသကို ဖယ်ရှားကာ ဝေရီသို့ တစ်ဖန် ပွားများပါ။ [၃]
၅။ သီမာသမ္ဘေဒ (ပုဂ္ဂိုလ်အပိုင်းအခြားပြိုခြင်း)
- အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီဟူသော ပုဂ္ဂိုလ် (၄)မျိုးတို့၌ မေတ္တာစိတ် ညီမျှသွားအောင် အကြိမ်များစွာ ပွားများပါ။
- ပုဂ္ဂိုလ်တစ်ဦးချင်းပြောင်း၍ မေတ္တာပွားရာ၌ အာရုံပြောင်းသွားသော်လည်း မေတ္တာဈာန်စိတ် တညီတညွတ်တည်း တည်ရှိနေပါက သီမာသမ္ဘေဒဖြစ်ပြီဟု ဆိုနိုင်သည်။ [၄]
မေတ္တာဖြန့်ကြက်ခြင်း
သီမာသမ္ဘေဒဖြိုပြီးနောက် မေတ္တာကို အနန္တစကြဝဠာသို့အောက်ပါအတိုင်း ဖြန့်ကြက်ပွားများနိုင်သည်-
၁။ အနောဓိသောဖရဏာ မေတ္တာ (အကန့်အသတ်မရှိ ဖြန့်ကြက်ခြင်း - ၅ မျိုး)
- “သဗ္ဗေ သတ္တာ (သတ္တဝါအားလုံး)၊ သဗ္ဗေ ပါဏာ (အသက်ရှူသတ္တဝါအားလုံး)၊ သဗ္ဗေ ဘူတာ (ကံကြောင့်ဖြစ်သော သတ္တဝါအားလုံး)၊ သဗ္ဗေ ပုဂ္ဂလာ (ပုဂ္ဂိုလ်အားလုံး)၊ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ (ခန္ဓာကိုယ်ရှိ သတ္တဝါအားလုံး) ဘေးရန်ကင်းကြပါစေ” စသည်ဖြင့် ပွားပါ။
၂။ ဩဓိသောဖရဏာ မေတ္တာ (အကန့်အသတ်ဖြင့် ဖြန့်ကြက်ခြင်း - ၇ မျိုး)
- “သဗ္ဗာ ဣတ္ထိယော (အမျိုးသမီးအားလုံး)၊ သဗ္ဗေ ပုရိသာ (အမျိုးသားအားလုံး)၊ သဗ္ဗေ အရိယာ (အရိယာအားလုံး)၊ သဗ္ဗေ အနရိယာ (ပုထုဇဉ်အားလုံး)၊ သဗ္ဗေ ဒေဝါ (နတ်အားလုံး)၊ သဗ္ဗေ မနုဿာ (လူအားလုံး)၊ သဗ္ဗေ ဝိနိပါတိကာ (အပါယ်သားအားလုံး) ဘေးရန်ကင်းကြပါစေ” စသည်ဖြင့် ပွားပါ။
- ဤ (၅+၇=၁၂) မျိုးတွင် တစ်မျိုးလျှင် (၄)ချက်စီ ပွားရသဖြင့် စုစုပေါင်း (၄၈) မျိုးဖြစ်သည်။
၄။ ဒိသာဖရဏာ မေတ္တာ (အရပ်ဆယ်မျက်နှာ ဖြန့်ကြက်ခြင်း - ၁၀ မျိုး)
- အရပ် (၁၀)မျက်နှာ (အရှေ့၊ အနောက်၊ မြောက်၊ တောင်၊ အရှေ့တောင်၊ အနောက်မြောက်၊ အရှေ့မြောက်၊ အနောက်တောင်၊ အထက်၊ အောက်) သို့ ဖြန့်ကြက်၍ (၄၈)မျိုးစီ ပွားပါ။
- စုစုပေါင်း (၄၈၀) မျိုးဖြစ်ပြီး၊ အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်လျက် ပွားများထားအပ်သော မေတ္တာဈာန် (၄၈)မျိုးနှင့် ပေါင်းလျှင် (၅၂၈) မျိုးရှိသည်။
မေတ္တာဈာန်၏ အကျိုး (၁၁)ပါး
မေတ္တာကမ္မဋ္ဌာန်းကို အပ္ပနာဈာန်သို့ ဆိုက်အောင် ပွားများသော ယောဂီသည် အောက်ပါ အကျိုး (၁၁)ပါးကို ရရှိသည်-
- ချမ်းသာစွာ အိပ်စက်ရခြင်း။
- ချမ်းသာစွာ နိုးထရခြင်း။
- မကောင်းသော အိပ်မက်မမက်ရခြင်း။
- လူတို့၏ ချစ်ခင်မြတ်နိုးမှု ခံရခြင်း။
- နတ်တို့၏ ချစ်ခင်မြတ်နိုးမှု ခံရခြင်း။
- နတ်တို့၏ စောင့်ရှောက်မှု ခံရခြင်း။
- မီး၊ အဆိပ်၊ လက်နက်တို့မှ အန္တရာယ်ကင်းရခြင်း။
- စိတ်တည်ကြည်မှု လျင်မြန်စွာ ရရှိခြင်း။
- မျက်နှာအဆင်း ကြည်လင်ခြင်း။
- မတွေမဝေဘဲ စုတေရခြင်း။
- မဂ်ဖိုလ်မရလျှင် ဗြဟ္မာပြည်သို့ လားရခြင်း။ [၅](အံ၊၃၊၅၄၂။)
နိဂုံး
မေတ္တာကမ္မဋ္ဌာန်းသည် စိတ်ကို ဒေါသ၊ ရန်ငြိုးမှ ကင်းစင်စေပြီး ဈာန်သမာဓိရရှိကာ သတ္တဝါအားလုံးအပေါ် တန်းတူညီမျှသော မေတ္တာစိတ်ထားကို ဖြစ်ပေါ်စေသည်။ ဤကမ္မဋ္ဌာန်းကို မှန်ကန်စွာ အားထုတ်ပွားများခြင်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် သီမာသမ္ဘေဒရရှိပြီး၊ အနောဓိသော၊ ဩဓိသော၊ ဒိသာဖရဏာ မေတ္တာစေတောဝိမုတ္တိများကို ဆက်လက် အောင်မြင်စွာ ရရှိနိုင်ပေသည်။
ဆက်စပ်ဖတ်ရှုရန်
မေတ္တာဘာဝနာ
ကိုးကား
- ↑ ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။)
- ↑ ဘာဝေန္တေန စ ဧကေကသ္မိံ ကောဋ္ဌာသေ မုဒုံ ကမ္မနိယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။)
ဈာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)
- ↑ သစေ ပနဿ ဝေရိမှိ စိတ္တမုပသံဟရတော တေန ကတာပရာဓာနုဿရဏေန ပဋိဃမုပ္ပဇ္ဇတိ၊ အထာနေန ပုရိမပုဂ္ဂလေသု ယတ္ထ ကတ္ထစိ ပုနပ္ပုနံ မေတ္တံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပုနပ္ပုနံ တံ ပုဂ္ဂလံ မေတ္တာယန္တေန ပဋိဃံ ဝိနောဒေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၉၀။)
ပုရိမပုဂ္ဂလေသူတိ ပိယာဒီသု ဈာနဿ အာရမ္မဏဘူတေသု ပုရိမေသု ပုဂ္ဂလေသု။ မေတ္တံ သမာပဇ္ဇိတွာတိ ပဋိဃံ ဝိက္ခမ္ဘေတွာ ဥပ္ပါဒိတံ မေတ္တာဈာနံ သမာပဇ္ဇိတွာ။ (မဟာဋီ၊၁၊၃၅၅)
- ↑ ဧဝံ သီမာသမ္ဘေဒသမကာလမေဝ စ ဣမိနာ ဘိက္ခုနာ နိမိတ္တဉ္စ ဥပစာရဉ္စ လဒ္ဓံ ဟောတိ။ သီမာသမ္ဘေဒေ ပန ကတေ တမေဝ နိမိတ္တံ အာသေဝန္တော ဘာဝေန္တော ဗဟုလီကရောန္တော အပ္ပကသိရေနေဝ ပထဝီကသိဏေ ဝုတ္တနယေနေဝ အပ္ပနံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၃၀၁။)
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - ပဉ္စမတွဲ - ဖားအောက်တောရဆရာတော်