မြင့်နိုင်
ဒေါက်တာမြင့်နိုင် (၆ အောက်တိုဘာ ၁၉၅၁ မွေးဖွား)သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူလည်း ဖြစ်သည်။[၁] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲအရေအတွက် ၃၀,၆၂၈ (၇၆%) ဖြင့် ကန့်ဘလူမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၂] ဒေါက်တာမြင့်နိုင်သည် ၁၉၆၉ ခုနှစ်က ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းကို အ-ထ-က (၁) ရွှေဘိုမှအောင်မြင်ခဲ့ပြီး မန္တလေးဆေးတက္ကသိုလ် သို့ တက်ရောက်ခွင့်ရခဲ့ကာ ၁၉၇၆ ခု၊ မှိုင်းရာပြည့်တွင် ပါဝင်ခဲ့မှုဖြင့် ဆေးတက္ကသိုလ်မှ(၃) နှစ် ထုတ်ပယ် ခြင်းခံခဲ့ရသေးသည်။ ၁၉၈၁ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၀ စက်တင်ဘာတွင် ဖမ်းဆီးခံခဲ့ရပြီး စင်ပြိုင်အစိုးရဖွဲ့ရန် ကြိုးစားသည်ဟုဆိုပြီး နိုင်ငံတော် ပုန်ကန်မှု ၁၂၂(၁) ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၅ နှစ်(တစ်သက်တစ်ကျွန်း)၊ ထောင်တွင်း နိုင်ငံရေးသမား အခွင့်အရေး ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းမှု သင်း/ဖွဲ့ (၆)ဖြင့် (၅)နှစ် စသည်ဖြင့်ချမှတ်ခံခဲ့ရသည်။[၂] ၂၀၀၄ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။ ဆရာဝန်လိုင်စင်ကို ၁၉၉၀ မှ ၂၀၁၃ ခုနှစ်အထိ ၂၄ နှစ်ခန့် သိမ်းဆည်းခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့သည်။[၃] ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။[၄] ထို့နောက် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒေါက်တာမြင့်နိုင်အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ခဲ့သည်။ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် မဆုတ်မနစ် တာဝန်ထမ်းဆောင်ခဲ့သူဟု မှတ်ချက်ပြုခံခဲ့ရသူဖြစ်သည်။[][၅][၆] ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မူလမဲဆန္ဒနယ်ဖြစ်သည့် ရွှေဘိုအမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ရာ အနိုင်ရခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းတွင် စစ်တပ်က အာဏာသိမ်း ပြီးနောက် အခြားသောဝန်ကြီးချုပ်များနှင့်အတူ ဒေါက်တာမြင့်နိုင်လည်း ထိန်းသိမ်းခံခဲ့ရသည်။ နောက်တစ်ရက်အကြာတွင် ပြန်လွတ်လာခဲ့သော်လည်း ရက်အနည်းငယ်အကြာတွင် ထပ်မံဖမ်းဆီးခံခဲ့ရသည်။[၇] ဖမ်းဆီးခံရပြီးနောက် ဒေါက်တာမြင့်နိုင်အပေါ် ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထိန်းချုပ်သတင်းစာများတွင် ဖော်ပြကြသည်။ ၂၀၂၁ ဒီဇင်ဘာ ၂၀ရက်နေ့အရောက်တွင် မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ဒေါက်တာမြင့်နိုင်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက်နှစ်စောင်နှင့် ပတ်သတ်ပြီး တာဝန်ရှိသည်ဆိုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့သည်။[၈] ယင်းနောက် အဂတိတိုက်ဖျက်ရေးစွပ်စွဲချက်များဖြင့် မုံရွာအကျဉ်းထောင်တရားရုံးက ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမှုခုနစ်မှုအတွက် ထောင်ဒဏ် ၂၁ နှစ်အမိန့်ချမှတ်ထားသည်။[၉] ဒေါက်တာမြင့်နိုင်က ၎င်းအပေါ် စွဲဆိုထားမှု အမှုများနှင့် စပ်လျဉ်းပြီး အပြစ်မရှိကြောင်း ခုခံချေပြထားကာ အယူခံပင်မဝင်ဟု ပြတ်သားစွာပြောဆိုထားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia