မွန်းဂျယ်အင်း
မွန်းဂျယ်အင်း (အင်္ဂလိပ်: Moon Jae-in၊ ကိုရီးယား: 문재인) (မွန်းဂျဲအင်းန် ဟုလည်းစာလုံးပေါင်း) သည် ကိုရီးယားသမ္မတနိုင်ငံ၏ ၁၂ယောက်မြောက် သမ္မတဖြစ်သည်။ သူသည် လူအခွင့်အရေး ရှေ့နေတစ်ဦးလည်းဖြစ်သည်။ အာဏာရှင်သမ္မတဟောင်း ဘတ်ဂျောင်ဟီး လက်ထက်တွင် ကျောင်းသားဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ထိုကိစ္စကြောင့် သူ၏ရှေ့ဆက်ရမည့်ဘဝတွင် ထိခိုက်မှုများရှိခဲ့သည်။ ၁၉၈၂ခုနှစ်တွင် နောင်တွင်သမ္မတဖြစ်လာမည့် နိုမူဟျွန်း နှင့်အတူ လူ့အခွင့်အရေးနှင့် လူမှုအဖွဲ့အစည်းများဆိုင်ရာ အထူးပြုဥပဒေရုံးကို တည်ထောင်ခဲ့သည်။ ၂၀၀၃ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ လူမှုရေးရာနှင့် လူမှုအဖွဲ့အစည်းရေးရာ ဥက္ကဋ္ဌ၏ အကြီးတန်းအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၇ခုနှစ်တွင် အိမ်ပြာတော်၌ အတွင်းဝန်အကြီးအကဲအဖြစ်လည်းကောင်း၊ ဒုတိယအကြိမ် တောင် - မြောက် ထိပ်သီးအစည်းအဝေးမြှင့်တင်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ ၂၀၁၀ပြည့်နှစ်တွင် နိုမူဟွန်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ၊ ၂၀၁၁ခုနှစ်တွင် ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းရေးဆိုင်ရာ အမြဲတမ်းအတွင်းဝန်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။[၂] ၂၀၁၂ခုနှစ် အစောပိုင်းက ကျင်းပသော လွှတ်တော်ရွေးကောက်ပွဲတွင် Sasang ခရိုင်မှ အနိုင်ရခဲ့သည်။ ထို့နောက် ၂၀၁၂ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ပြိုင်ဘက်ပါတီမှ ဘတ်ဂွန်းဟဲ အား ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် (၁၉)ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ လွှတ်တော်အမတ်အဖြစ် ၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ခုနှစ် အစောပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သမ္မတအား ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ရွေးကောက်ပွဲ ထပ်မံကျင်းပခဲ့သည်။ မွန်းသည် ၂၀၁၇ သမ္မတရွေးကောက်ပွဲတွင်လည်း ထပ်မံယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး ၂၀၁၇ခုနှစ် မေလ (၁၁) ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၏ (၁၂) ယောက်မြောက် သမ္မတဖြစ်လာခဲ့သည်။ အစောပိုင်းဘဝနှင့် ပညာရေးမွန်းကို ကိုရီးယားစစ်ပွဲ ပြီးဆုံးခါနီး လပိုင်းအလို ၁၉၅၃ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ရှိ ကျွန်းမြို့တစ်မြို့ဖြစ်သော Geoje တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၅)ယောက်အနက် ဒုတိယအကြီးဆုံးဖြစ်ကာ အကြီးဆုံးသားဖြစ်သည်။ ၎င်း၏မိဘများသည် မြောက်ကိုရီးယားနိုင်ငံ တောင်ဟမ်ယောင်းပြည်နယ်မှ တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းလာခဲ့သူများ ဖြစ်ကြသည်။ ကိုရီးယားစစ်ပွဲအတွင်း ဟွန်းနမ်ရွှေ့ပြောင်းမှုအတွင်း ၎င်းတို့၏မြို့ ဟွန်းနမ်အား စွန့်ခွာပြီး တောင်ပိုင်းသို့ ပါလာခဲ့ကြခြင်းဖြစ်သည်။ မွန်းဂျယ်အင်း၏ဖခင်သည် ဟွန်းနမ်မြို့ စိုက်ပျိုးရေးဌာနတွင် လုပ်ကိုင်ခဲ့ကာ အစားအသောက်ပိုင်းကို တာဝန်ယူခဲ့သူဖြစ်သည်။ သူ၏မိသားစုသည် တောင်ဘက်သို့ရောက်လျှင် ဘူဆန်မြို့၌ အခြေချနေထိုင်ခဲ့သည်။ ဖခင်ဖြစ်သူသည် မြောက်ပိုင်းတွင် လုပ်ကိုင်ခဲ့သကဲ့သို့ အစိုးရအလုပ် မလုပ်ကိုင်လိုခဲ့သဖြင့် ခြေအိတ်ရောင်းချခြင်း စီးပွားရေးကို လုပ်ကိုင်ခဲ့သည်။ သို့သော် ထိုလုပ်ငန်းသည် ၎င်းတို့အား အကြွေးအရမ်းတင်စေခဲ့သည်။ မိသားစု၏ အဓိကဝင်ငွေကို မိခင်ဖြစ်သူက ကယ်ဆယ်ရေူအဖွဲ့များမှ ရရှိသော အဝတ်များကို ရောင်းချခြင်း၊ မုန့်ပို့ခြင်းများမှ ရရှိခဲ့သည်။ ၎င်းတို့၏ မိသားစုသာ် ဆင်းရဲလွန်းသဖြင့် စက်ဘီးပင် မပိုင်ဆိုင်ခဲ့ကာ မွန်းက သူ့အနေဖြင့် စက်ဘီးမစီးတတ်ခဲ့ကြောင်း တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။ မွန်းသည် ဘူဆန်မြို့ရှိ ဂယောင်းနမ်းကျောင်းတွင် ပညာသင်ခဲ့ပြီး စာတော်သော ကျောင်းသားဖြစ်သည်။ ထို့နောက် ဆိုးလ်မြို့ရှိ ဂယောင်းဟီးတက္ကသိုလ်တွင် ဥပဒေပညာ သင်ကြားခဲ့သည်။ ထိုတက္ကသိုလ်တွင် ဘဝလက်တွဲဖော်ဖြစ်လာမည့် ဂင်မ်ဂျောင်ဆု နှင့် တွေ့ဆုံခဲ့သည်။ ၁၉၇၂ခုနှစ်တွင် အာဏာရှင်သမ္မတ ဘတ်ဂျောင်ဟီး က သူ၏သက်တမ်းကို တိုးမြှင့်နိုင်ရန် ရေးဆွဲထားသော အခြေခံဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ရာ ကျောင်းသားများက ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြမှုတွင် မွန်းလည်း ပါဝင်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ်ချမှတ်ခံရသည့်အပြင် ကျောင်းပါအထုတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် မွန်းသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့တွင် စစ်မှုထမ်းခဲ့ပြီး ကိုရီးယား စစ်မဲ့ဇုန်၌ အမေရိကန်စစ်သားများကို မြောက်ကိုရီးယားဘက်မှ သတ်ခဲ့သည့် ပုဆိန်လူသတ်မှုအပြီးတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဆင်နွှဲခဲ့သည့် ပေါဘူညန် စစ်ဆင်ရေးတွင် မွန်းလည်း ပါဝင်ခဲ့သည်။ စစ်မှုထမ်းပြီးနောက် ဖခင်ကွယ်လွန်သွားသည့် အကြောင်းသည် သူ့အား ဥပဒေစာမေးပွဲ (bar exam) ဝင်ရောက်ဖြေဆိုရန် ဖြစ်လာစေခဲ့သည်။ သူသည် စာမေးပွဲအတွက် စာလေ့လာရန် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုတွင် နေထိုင်ခဲ့ရသည်။ ၁၉၇၉ခုနှစ်တွင် ပထမတစ်ပိုင်း အောင်မြင်ခဲ့သည်။ ၁၉၈၀ပြည့်နှစ်တွင် တက္ကသိုလ်ပြန်တက်ကာ ကျန်ရှိသော ပညာကို သင်ကြားခဲ့သည်။ ထိုနှစ်နောက်ပိုင်းတွင် ဒုတိယတစ်ပိုင်းအောင်မြင်ကာ ဥပဒေကျောင်းသို့ ဝင်ခွင့် ရခဲ့သည်။ ဥပဒေကျောင်းမှ ဘွဲ့ရပြီးနောက် တရားသူကြီးအပိုင်းနှင့် စုံစမ်းရေးမှူးအပိုင်း (အစိုးရရှေ့နေ) ကို လျှောက်ထားခွင့် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အခြေခံဥပဒေအသစ်ကို ဆန္ဒပြခဲ့၍ ဖမ်းဆီးခံရသည့် ပြစ်မှုမှတ်တမ်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြင်ပရှေ့နေ ဖြစ်လာခဲ့သည်။ အစောပိုင်းအလုပ်အကိုင်လူ့အခွင့်အရေးရှေ့နေရှေ့နေတစ်ဦးဖြစ်လာပြီးနောက် ၁၉၈၀ကျော် ကာလများတွင် မွန်းသည် နိုမူဟျွန်း (နောင်သမ္မတ) လက်အောက်တွင် လုပ်ကိုင်ခဲ့သည်။ သူတို့သည် အလုပ်သမားရေးရာကိစ္စများတွင် အမှုလိုက်ခဲ့ကြပြီး အလုပ်သမားဆိုင်ရာ လူ့အခွင့်အရေးအမှုများဖြင့် ကျော်ကြားခဲ့သည်။ ၂၀၀၉ခုနှစ်တွင် သမ္မတဟောင်း နိုမူဟျွန်း မိမိကိုယ်ကို အဆုံးစီရင်ခဲ့ချိန်အထိ ၎င်းတို့ (၂)ဦးသည် ရင်းနှီးခဲ့ကြသည်။ နိုမူဟျွန်း၏ အုပ်ချုပ်မှုကာလ၎င်း၏ လုပ်ဖော်ကိုင်ဖက် နိုမူဟျွန်းသည် ၂၀၀၂သမ္မတရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဖြစ်ရာ နိုက တောင်းဆိုသဖြင့် မွန်းသည် မဲဆွယ်ရေးမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။ နိုမူဟျွန်းအနိုင်ရပြီး သမ္မတဖြစ်လာသောအခါ မွန်းသည် သမ္မတနှင့် အနီးကပ်နေရာများဖြစ်သော အိမ်ပြာတော်တွင် လုပ်ကိုင်ခဲ့သည်။ ၂၀၀၃ခုနှစ်တွင် သမ္မတအား လွှတ်တော်မှ စွပ်စွဲပြစ်တင်ပြီး အောင်မြင်ခဲ့ရာ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဆုံးအဖြတ်ဖြင့် ရာထူးမှ ထုတ်ပယ်ရန်သာ ကျန်ရှိတော့သည်။ ခုံရုံးတွင် ရင်ဆိုင်ရမည့် အမှုအတွက် သမ္မတ နိုမူဟျွန်း ဘက်မှ မွန်းဂျယ်အင်းဦးဆောင်သော အဖွဲ့မှ ခြေပခဲ့သည်။ ၎င်းတို့သည် အောင်မြင်ခဲ့ပြီး ခုံရုံးမှ သမ္မတအား ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့ရာ ၂၀၀၈ခုနှစ်အထိ သက်တမ်းအပြည့် တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။ နိုင်ငံရေးသမားဘဝ၂၀၁၂ အထွေထွေရွေးကောက်ပွဲမွန်းသည် ၂၀၁၂ခုနှစ် ဧပြီလတွင် ၂၀၁၂ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဘူဆန် Sasangခရိုင်မှ ဒီမိုကရက်တစ်ပါတီ အနေဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၁၂ သမ္မတရွေးကောက်ပွဲ၂၀၁၂ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် မွန်းအားရွေးချယ်ခဲ့သည်။ ၂၀၁၂သမ္မတရွေးကောက်ပွဲတွင် မွန်း၏အဓိကပြိုင်ဘက်မှာ လက်ရှိအာဏာရပါတီ၏ခေါင်းဆောင်လည်းဖြစ်ကာ သမ္မတဟောင်း ဘတ်ဂျောင်ဟီး၏ သမီး ဘတ်ဂွန်းဟဲ ဖြစ်သည်။ မွန်းသည် ထိုရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ၂၀၁၇ သမ္မတရွေးကောက်ပွဲ၂၀၁၇ခုနှစ် မတ်လတွင် အခြေခံဥပဒေခုံရုံးက သမ္မတ ဘတ်ဂွန်းဟဲ အား ရာထူးမှ ထုတ်ပယ်ပြီးနောက် သမ္မတအသစ်ရွေးချယ်ရန် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲတွင် မွန်းလည်း ပြန်လည်ယှဉ်ပြိုင်ခဲ့သည်။ မွန်းသည် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ပါတီတွင်း ယှဉ်ပြိုင်ခဲ့ရာ ၅၇%ဖြင့် အနိုင်ရခဲ့သည်။ သမ္မတရွေးကောက်ပွဲတွင် ဆန္ဒမဲ (၁၃,၄၂၃,၈၀၀) ၄၁.၁% ဖြင့် ပြတ်သားစွာ အနိုင်ရရှိခဲ့သည်။ သမ္မတရာထူး၂၀၁၇ခုနှစ် မေလ (၁၀) ရက်နေ့တွင် မွန်းသည် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ မြောက်ကိုရီးယားနှင့်အရေးမွန်း၏လက်ထက်တွင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်ခဲ့သည်။ သမ္မတ မွန်းနှင့် ဇနီး ဂင်မ်ဂျောင်းဆုတို့သည် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ သွားရောက်ခဲ့ကြသည်။ ၂၀၁၈ခုနှစ်နှင့် ၂၀၁၉ခုနှစ်များတွင် တောင်နှင့်မြောက် ထိပ်သီးဆွေးနွေးပွဲများကို ကျင်းပခဲ့ကြသည်။ သို့သော် သဘောထားကွဲလွဲမှုများကြောင့် ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားပြန်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia