လောကမာရ်အောင်ဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အမှတ် (၃) ရပ်ကွက်တွင် တည်ရှိသည်။ မြတ်စွာဘုရားရှင် ဟောကြားခဲ့သော ပိဋကတ် ဓမ္မခန် ဒေသနာတော် များကို ကျောက်စာများ ထွင်းထု၍ ဝိနည်း ၁၁၂ချပ်၊ သုတ္တန် ၄ဝ၃ ချပ်နှင့် အဘိဓမ္မာ ၂ဝ၅ ချပ်၊ စုစုပေါင်း ကျောက်စာချပ်ရေ ၇၂၀ ကို မန္တလေးကုသိုလ်တော်ဘုရားကြီးမှ မင်းတုန်းမင်းကြီး ရေးထိုးခဲ့သည့် ကျောက်စာ ချပ်ရေထက် ကိုးချပ်လျော့၍ တည်ထား ကိုးကွယ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ကျောက်စာတိုက်လည်း ဖြစ်သည်။[ကိုးကားချက်လိုသည်]
သမိုင်းကြောင်း
မဟာသံတန်ဆောင်းတော်ကြီး
ဝေနေယျသုခလောကမာရ်အောင်ပြည်လုံးကျက်သရေဟု ဘွဲ့အမည်တွင်သည့် လောကမာရ်အောင် ဘုရားကြီး ကို ဦးပွကြီး-ဒေါ်မမတို့က မတည်ကာ ရဟန်းရှင်လူ အများပြည်သူတို့က မြန်မာ သက္ကရာဇ် ၁၂၇၈ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက်တွင် တည်ထားကိုးကွယ်ခဲ့သည်။ ရုပ်ပွားတော် သီတင်းသုံးလျက်ရှိသည့် တန်ဆောင်းတော်ကြီး၏ အကျယ်အဝန်းသည် အလျား ပေ ၁၅၀ နှင့် အနံ ၉၅ ပေဖြစ်သည်။ ယင်းစံကျောင်းတော်ကို မြန်မာမှုလက်ရာ စုလစ်မွတ်ချွန်းများဖြင့် မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ် သလင်းလပြည့်ကျော် ၃ ရက်တွင် စတင်တည်ထားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နှစ် ၁၆၀ပြည့် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
စံကျောင်း အတွင်း သီတင်းသုံးနေသည့် ထိုင်တော်မူ စကျင်ကျောက်ဗုဒ္ဓ ရုပ်ပွားတော်ကို မြန်မာ သက္ကရာဇ် ၁၂၇၈ ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက် (ခရစ်နှစ် ၁၉၁၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်) တွင် စတင်ထုလုပ်ခဲ့သည်။ ရုပ်ပွားတော်ကြီး ကို အလှူရှင်ဦးပွကြီး၏ မတည်ငွေ ကျပ် ၁၀၀၀ အပါအဝင် ကျန် အလှူရှင် ၁၃ ဦးတို့၏ စုပေါင်းအလှူတော် ၄၅၅၄ ကျပ်ဖြင့် ထုလုပ် ပူဇော်ခဲ့သည်။ အလှူရှင် ဦးပွကြီးနှင့် ဒေါ်မမ တို့သည် ဗုဒ္ဓရုပ်ပွားတော် သီတင်းသုံးရန် သံ များကို အသုံးပြုထားသည့် ဂန္ဓကုဋိတိုက်ကို တည်ဆောက်လှူဒါန်းခဲ့ရာ မဟာသံတန်ဆောင်း ဟု ထင်ရှားခဲ့သည်။ တန်ဆောင်းကြီးကို သံ များဖြင့်သာ တည်ဆောက်ရန် ရည်ရွယ်ခဲ့ သဖြင့် ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်ရှိ ကိုး ထပ်ကြီး ဘုရားတန်ဆောင်းကို ဦးစွာလေ့လာခဲ့ ပြီး ၁၉၁၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ သည်။ သံတန်ဆောင်းအတွင်း ရုပ်ပွား တော် မြတ် ကိန်းဝပ်စံပယ်လျက်ရှိသည့် ဂန္ဓကုဋီ တိုက်သည် အလျား ၇၈ ပေ၊ အနံ ပေ ၃ဝ ရှိသည်။ ဂန္ဓကုဋီတိုက် အမိုး၏ အလယ် တွင် စေတီတော်တစ်ဆူကို တည်ထားခဲ့ရာ လောကမာန်အောင်စေတီတော်ဟုပင် ထင်ရှားသည်။ အတွင်းဂန္ဓကုဋီတိုက် အမိုး၏ အလယ် တွင် စေတီတော်တစ်ဆူကို တည်ထားခဲ့ရာ လောကမာန်အောင်စေတီတော်ဟုပင် ထင်ရှား ခဲ့သည်။
ဦးပွကြီးသည် သံတန်ဆောင်းတော် ကြီး တည်ဆောက်ရာတွင် သံထည်ပစ္စည်းများ တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းကို တရုတ်လူမျိုး ဦးအရူးအားလည်းကောင်း၊ ပန်းရန်ပိုင်းဆိုင်ရာ လုပ်ငန်းများကို အိန္ဒိယ လူမျိုး အဒူလာမစ် ခေါ် ဦးမဲဇလီအား လည်းကောင်း အပ်နှံခဲ့သည်။ တန်ဆောင်း တော်ကြီးသို့ သွားသည့် နတ်လမ်းစောင်းတန်း သည် ၁၂ ဒသမ ၅ ပေကျယ်သည့် ခန်းပွင့် ၃၄ ခု ပါရှိကာ ၄၂၅ ပေရှည်လျားသည်။ ကြမ်းခင်း ကို အင်္ဂတေလောင်း၍ သစ်သား မပါဘဲ သံတိုင်၊ သံထောက်၊ သံတန်းများဖြင့်သာ တည်ဆောက်ခဲ့သည့် စောင်းတန်းသည် ကြမ်းခင်းများကို ပြန်လည်ပြုပြင်၍ ကြွေပြား များခင်းထားခြင်းနှင့် အမိုးများ လဲထားခြင်းမှ လွဲ၍ မူလလက်ရာအတိုင်း တည်ရှိနေပါသည်။ ယခုအခါတွင် အဖျောက်မြို့ရှိ လောကမာရ် အောင်ဘုရား သံတန်ဆောင်းကြီးနှင့် ပိဋကတ် ကျောက်စာများသည် သံဃိကပိုင် ရှေးဟောင်း အဆောက်အအုံများအဖြစ် တည်ရှိနေကာ အရှည်တည်တံ့စေရန် ဆရာတော် သံဃာတော် များ၊ ဂေါပကအဖွဲ့နှင့် မြို့သူမြို့သားများက ဝိုင်းဝ ဝိုင်းဝန် စောင့်ရှောက်လျက်ရှိကြပါသည်။