အဖျောက်မြို့
အဖျောက်မြို့(အင်္ဂလိပ်: Ahphyauk)သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မြို့တစ်မြို့ ဖြစ်သည်။ တိုက်ကြီးမြို့ အနောက်မြောက်ယွန်း၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဘေးတွင်ရှိပြီး တိုက်ကြီးမြို့မှ မြောက်ဘက် ရန်ကုန်-ပြည် ကားလမ်းအတိုင်း ၆ မိုင်၊ ဥတိုလမ်းဆုံမှ အဖျောက်မြို့အရောက် ၁၈ မိုင် စုစုပေါင်း ၂၄ မိုင်ရှိသည်။ သမိုင်းကြောင်းမွန်ဘာသာအော့ဖရော့ မှ အဖယောက် ဟု ဆင်းသက်လာခဲ့ပြီး ယခုအခေါ် အဖျောက် ဟူ၍ တွင်လာခဲ့သည်။ အင်းအိုင်၊ ချောင်းမြောင်းများ ပေါများပြီး ငါးပိ၊ ငါးခြောက်ပေါများစွာ ထွက်ရှိရာအရပ် ငပိဆိပ် ဟူ၍ ဆိုလိုသည်။ ကင်းဝန်မင်းကြီး၏ ခရီးသွားမှတ်တမ်းတွင် 'အဖျောံ' ဟူသော အရေးအသားကို တွေ့ရသည်။ ကနဦး အိမ်ခြေ ၂၀၀ ကျော် ၃၀၀ ခန့်သာ ရှိခဲ့ပြီး မြို့သက် ၁၅၅ နှစ် ကျော်ခဲ့ပြီဖြစ်သည်။ ပန်းတုန်းပိတ်ကျောင်းတိုက်၊ ဓမ္မဝိလာသိနီ သိမ်ကျောက်စာအရ ရာမညတိုင်း တလိုင်းသုံးရပ် ထူထောင်ခဲ့စဉ်က ကုသိမအဝန်း၊ ဟံသာဝတီအဝန်း၊ မုတ္တမအဝန်း တို့တွင် အဖျောက်မြို့သည် 'ကုသိမအဝန်း' တွင် ပါဝင်ကြောင်း မှတ်တမ်းတင်ခဲ့သည်ကို တွေ့ရှိရသည်။ မြို့တည်သက္ကရာဇ်ခုနှစ်ကိုကား မတွေ့ရှိရသေးပေ။ သို့ရာတွင် ဟံသာဝတီအဝန်းဟု ဆိုရာတွင် ဗဒုံမင်း လက်ထက် ၁၁၄၅၊ ၁၁၄၆၊ ၁၁၆၄ စစ်တမ်းများအရ ဟံသာဝတီသုံးမြို့ရှိကြောင်း လေ့လာတွေ့ရှိရသဖြင့် ထိုနှစ်များ၌ မြို့ငယ် တစ်မြို့ တည်နေပေပြီ။ ၁၂၈၅ ခုနှစ်မှ မြို့ကွက်ဖော်ထုတ် အုပ်ချုပ်ခဲ့သည်။ တစ်ချိန်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်အတွင်းမှ တိုက်နယ်ရွာကြီး တစ်ရွာဖြစ်သည်။ ကိုလိုနီခေတ် တိုက်နယ်သူကြီး ဦးလူမောင် (အဖျောက်၊ ရင်းဧ၊ ဇလွန်၊ ပိုင်ကျုံ) လေးတိုက်နယ် သူကြီးမှစ၍ တိုက်နယ်သူကြီး ဦးကျော်လှိုင် (၁၂၈၅ ခုနှစ်) အထိ မြို့ကွက်သည် ရေကာတာအလျားအလိုက် အပိုင်း သုံးပိုင်း ပိုင်းပြီး ရေလဲ ရဲစခန်းပိုင်အဖြစ် အုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ အဖျောက်ရဲစခန်းပိုင် ဖြစ်လာခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တိုက်နယ်မှ 'အဖျောက်မြို့' ဟူ၍ ဖြစ်လာသည်။ မြို့ကွက် လေးရပ်ကွက် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ မြို့အလျား ၂မိုင်၊ အနံ ၁ မိုင် မြို့တန်းရှည်ဖြစ်ပြီး အကျယ်အဝန်း ဧရိယာ စတုရန်းမိုင် ၃၉ ဒသမ ၂၇ ရှိသည်။ ယခုအခါ အိမ်ခြေပေါင်း ၃၀၀၀ ကျော်၊ လူဦးရေ ၁၅၈၃၀ ရှိနေပေပြီ (စာကြွင်း ၂၀၁၂ ခုနှစ် စစ်တမ်း ဖြစ်ပါသည်)။ တစ်ချိန်က အဖျောက်မြို့ ဒေသခံတို့သည် မြို့နယ်ရုံးစိုက်ရာ ဇလွန်မြို့၊ ခရိုင်ရုံးတည်ရာ ဟင်္သာတမြို့နှင့် တိုင်ရုံး ပုသိမ်မြို့ တို့သို့ အချိန်ကုန် လူပန်း အဆင့်ဆင့် ခက်ခဲစွာ သွားလာနေကြရာမှ အဖျောက်-တိုက်ကြီး-ရန်ကုန် ခရီးသို့ အားထားသွားလာလိုကြသဖြင့် အဖျောက်မြို့ကို ရန်ကုန်တိုင်းအတွင်း သွတ်သွင်း ဖွဲ့စည်းပေးရန် နိုင်ငံတော်သို့ တင်ပြလျှောက်ထားခဲ့ကြသည်။ သို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ၁-၂-၁၉၉၉ ရက်စွဲပါ စာအမှတ် ၁၀၀/၂၃-၂၄၁/ ဥ-ဒ-၁ အမိန့်အရ မူလ ဟင်္သာတခရိုင် ဇလွန်မြို့နယ်အတွင်းမှ အဖျောက်မြို့ ရပ်ကွက် လေးရပ်ကွက်နှင့် ရေပေါ်သောင်၊ ကြွေပန်းကန်ချောင်း၊ ငါးလာချောင်း၊ သဲဖြူ၊ မိုးကုလား၊ အုန်းပင်ကွင်း ကျေးရွာအုပ်စု ၆ စု နှင့် ကျေးရွာခွဲပေါင်း ၃၄ ရွာ စုစုပေါင်း ဧရိယာ အကျယ်အဝန်း ၃၉ ဒသမ ၂၇ စတုရန်းမိုင်ကို တိုက်ကြီးမြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းခွင့်ပြုခဲ့ပေသည်။ သို့ဖြစ်၍ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့် (ပ/၃၃၄၆) ထံမှ တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း (ပ/၃၀၆၉) က ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် လွှဲပြောင်းလက်ခံရယူခဲ့သဖြင့် အဖျောက်မြို့သည် ယနေ့ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ပါဝင်လာခဲ့သော မြို့တစ်မြို့ ဖြစ်ခဲ့ပေသည်။ ထင်ရှားသောနေရာများ
ကိုးကား
|
Portal di Ensiklopedia Dunia