သမုဒ္ဒဝါဏိဇဇာတ်

ဒွါဒသကနိပါတ် - ၄၆၆။ သမုဒ္ဒဝါဏိဇဇာတ်

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်ဝိပါက် ပြောဆိုလျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်၌ “ဒေဝဒတ်ကား ငါးရာသော အမျိုးသားတို့ကိုယူ၍ အဝီစိငရဲ၌ ကျ၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရသည်အဖြစ်ကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် ရဟန်းတို့... ဒေဝဒတ်သည် ယခုအခါ၌သာ ပရိသတ်နှင့်တကွ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရသည်မဟုတ်၊ ရှေးအခါ၌လည်း ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကြွေးမြီတောင်းလှ ပြောင်းရွှေ့ကြ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်... ထိုပြည်၏ မနီးမဝေး အရပ်၌ အမျိုးတစ်ထောင် အခြံအရံရှိသော လက်သမားရွာကြီး ရှိသတတ်။ ထိုရွာ၌နေသော လက်သမားတို့သည် ညောင်စောင်း၊ အင်းပျဉ်၊ အိမ်အဆောက်အဦ စသည်တို့ကို ပြုလုပ်ပေးမည်ဟု မြီကိုယူကြကုန်၏။ ပြုလုပ်ပေးရန် မစွမ်းနိုင်ကုန်။ လူတို့သည် လက်သမားတို့ကို မြင်တိုင်း မြင်တိုင်း မြီတောင်းကြကုန်၏။

ထိုအခါ လက်သမားတို့သည် မြီရှင်တို့ နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ချမ်းသာစွာ မနေနိုင်ကြရကား အရပ်တစ်ပါးသို့ သွားမည်ဟု ကြံစည်လျက် တောသို့ဝင်၍ သစ်တို့ကိုခုတ်ဖြတ်ကာ သင်္ဘောလှေစပ်ပြီးလျှင် ရွာမှ တစ်ဂါဝုတ်မျှ ကွာဝေးသော မြစ်ထဲ၌ထားကုန်၏။ ညဉ့်သန်းခေါင်အခါ၌ ရွာသို့သွား၍ သားမယား ပစ္စည်းဥစ္စာတို့ကို ယူပြီးလျှင် လှေသင်္ဘော၌တင်၍ သမုဒ္ဒရာ၌ သွားကြကုန်၏။ လျင်မြန်သောအဟုန်ဖြင့် သွားရာ မကြာမြင့်မီ ကျွန်းငယ်တစ်ခုသို့ ရောက်ကြကုန်၏။

ကျွန်းငယ်ရောက်က စုံစမ်းကြ

ထိုကျွန်းငယ်၌ကား - အလိုလို ပေါက်ပွား၍နေသော သလေးစပါး၊ ကြံ၊ ငှက်ပျော၊ သပြေ၊ သရက်၊ ပိန္နဲ၊ ထန်း၊ အုန်းစသော အသီးတို့ရှိကုန်၏။ သင်္ဘောပျက်၍ ရှေးဦးစွာ ရောက်နှင့်သော ယောက်ျားတစ်ယောက်လည်း ရှိသတတ်။ ထိုယောက်ျားသည် သလေးထမင်းနှင့် သရက်၊ ပိန္နဲစသော အသီးတို့ကိုစားရသဖြင့် အလွန်ဆူဖြိုးသော ကိုယ်ရှိ၏။ ကိုယ်၌အဝတ်မရှိ၊ မုတ်ဆိတ်ဆံပင်တို့ဖြင့် ဖားယားကျလျက် ကြောက်မက်ဖွယ်ရှိ၏။

လက်သမားတို့လည်း ကျွန်းငယ်သို့ ရောက်လျှင် “ဤကျွန်းငယ်ကား အကယ်၍ ရက္ခိုသ်ဘီလူးတို့စောင့်ငြားအံ့၊ အလုံးစုံသော ငါတို့သည် သေကြေပျက်စီးကြရကုန်အံ့”ဟု ကြံစည်လျက် ခွန်အားကြီး၍ ရဲစွမ်းသတ္တိရှိသော လူခုနစ်ယောက်၊ ရှစ်ယောက်တို့ကို လက်နက်ငါးပါးတို့ကို ကိုင်စွဲကာ ကျွန်းငယ်သို့တက်၍ လှည့်လည်စုံစမ်းစေကုန်၏။

ကျွန်းငယ် ပျော်မွေ့ လုလင်တွေ့

ထိုအခိုက်၌ ထိုယောက်ျားသည် နံနက်စာစား၍ ကြံရည်ကို သောက်ပြီးလျှင် ချမ်းအေးသော သဲပြင်၌အိပ်လျက် –
“အချင်းတို့... ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော သူတို့သည် လယ်ထွန်ကြရကုန်၏၊ စိုက်ပျိုးကြရကုန်၏၊ ကုန်သွယ်ကြရကုန်၏၊ အမှုလုပ်ကာ အသက်မွေးကြရကုန်၏။ ဤကျွန်းငယ်၌ နေကုန်သော သူတို့နှင့် မတူမျှကြကုန်၊ ဤငါတို့ကျွန်းငယ်သည်သာ ဇမ္ဗူဒိပ်ကျွန်းထက် မွန်မြတ်၏”

ဟု ဥဒါန်းသီချင်းကို သီဆိုကျူးရင့်ကာနေ၏။ စုံစမ်းသော ယောက်ျားတို့သည် ထိုယောက်ျား၏ သီချင်းသံကို ကြားလျှင် “လူသံကဲ့သို့ ကြားရသည်၊ သိအောင် စုံစမ်းမည်”ဟု အစဉ်အတိုင်း သွားရာ... ထိုယောက်ျားကို မြင်လျှင် ဘီလူးဖြစ်လိမ့်မည်ဟု ကြောက်လန့်သဖြင့် မြှားကို အသင့်တင်ထားကြကုန်၏။

လုလင်ပြောပြ လုံးစုံသိရ

ထိုကျွန်းငယ်ရှိ ယောက်ျားလည်း ထိုသူတို့ကို မြင်လျှင် မိမိကို သတ်အံ့သည်မှ ကြောက်သောကြောင့် “အရှင်တို့ အကျွန်ုပ်ကား ဘီလူးမဟုတ်ပါ၊ လူဖြစ်ပါ၏၊ အသက်ကို ချမ်းသာပေးကြပါ”ဟု ပြော၏။ “အချင်း... လူမည်သည် အဝတ်ဝတ်၏၊ သင်ကား... အဝတ်မဝတ်”ဟု မေးကြ၏။ “အရှင်တို့မရှိ၍ မဝတ်ရပါ”ဟု ပြောလေ၏။ စုံစမ်းသော သူတို့လည်း လူဖြစ်ကြောင်းကိုသိလျှင် အနီးသို့ကပ်၍ ဝမ်းမြောက်ဝမ်းသာ ပဋိသန္ဓာရစကား ပြောကြားကုန်၏။ ထိုယောက်ျားလည်း မိမိ၏ကျွန်းငယ်သို့ ရောက်လာရခြင်း အကြောင်းကို ပြောကြားပြီးလျှင် –

“အရှင်တို့က အရှင်တို့ကား ကံကောင်းထောက်မ၍ ဤကျွန်းငယ်သို့ ရောက်ကြရသည်၊ ဤကျွန်းငယ်ကား အလွန်မွန်မြတ်၏၊ နေသောသူတို့သည် အမှုလုပ်၍ အသက်မမွေးရကုန်၊ အလိုလိုပေါက်သော သလေးစပါး၊ ကြံ၊ သစ်သီးတို့သည် အလွန်ပေါများကုန်၏၊ အလိုရှိတိုင်းစားကာ မပျင်းမရိ နေကြပါကုန်၊ အထူးအားဖြင့် ဤကျွန်းငယ်ကိုကား ဘီလူးတို့သိမ်းဆည်းအပ်၏၊ ကျင်ကြီးကျင်ငယ်စွန့်သောအခါ သဲဖြင့်ဖုံးလွှမ်းကြကုန်၊ ဘီလူးတို့မြင်လျှင် စက်ဆုပ်၍ အမျက်ထွက်ကာ ဘေးရန်ပြုကုန်လတ္တံ့၊ တစ်ပါးသော ဘေးရန်မရှိ”ဟု ကြားလေ၏။ လက်သမားတို့လည်း ထိုယောက်ျား ပြောကြားသောနည်းအတိုင်း နေကြကုန်၏။

လက်သမားရွာတည် အမျိုးငါးရာစီ

လက်သမား တစ်ထောင်တို့တွင် အမျိုးငါးရာစီအားဖြင့် နှစ်စုကွဲလျက် ရှိ၏။ တစ်စု၏ အကြီးအမှူး လက်သမားကား မိုက်၏၊ အကြောင်းအကျိုးကို မသိတတ်။ တစ်စု၏အကြီးအမှူး လက်သမားကား လိမ်မာ၏၊ အကြောင်းအကျိုး သိ၏။ နောက်အဖို့၌ လက်သမားတို့သည် ချမ်းသာစွာနေရသဖြင့် ဆူဖြိုးသော ကိုယ်ရှိကုန်၏။ တစ်နေ့သ၌ လက်သမားတို့သည် ကြံရည်ဖြင့် သေအရက်ကို ပြုလုပ်၍ သောက်ကြကုန်၏။ မူးယစ်ပျော်မြူးကုန်လျက် နေကြကုန်၏။ စွန့်အပ်သော ကျင်ကြီးကျင်ငယ်တို့ကို မဖုံးလွှမ်းမိကြကုန်။ ထိုအခါ ကျွန်းငယ်တစ်ခုလုံး အညစ်အကြေးတို့ဖြင့် ပြွမ်းတီးကာ စက်ဆုပ်ရွံရှာဖွယ်ရှိလေ၏။

နတ်ဆိုး အန္တရာယ် ဝင်ရောက်ကယ်

ထိုအခါ နတ်တို့သည် လကွယ်နေ့၌ စည်းဝေးရောက်လာကြ၍ ကျင်ကြီးကျင်ငယ် စက်ဆုပ်ဖွယ်တို့ကို မြင်လျှင် “ဤသူတို့ကား ငါတို့ ကစားရာကျွန်းငယ်၌ စက်ဆုပ်ဖွယ်တို့ကို ပြု၍ ဖျက်ဆီးကြသည်၊ ယနေ့ ငါတို့အစည်းအဝေးလည်း ပျက်ခဲ့ပြီ၊ ရှိစေဦး၊ ဤနေ့မှ ဆယ့်ငါးရက်မြောက် လပြည့်နေ့ည လထွက်သောအခါ ဤသူတို့ကို တစ်ကျွန်းလုံး... သမုဒ္ဒရာရေဖြင့် လွှမ်း၍သတ်ကုန်အံ့”ဟု နေ့ရက်ကို ချိန်းချက်၍ထားကြကုန်၏။
ထိုနတ်တို့အလယ်တွင် လူတို့ကို သနား၍ တရားစောင့်သော နတ်သားတစ်ယောက်သည် “ငါမြင်စဉ် မပျက်စီးပါစေလင့်”ဟု လူတို့ညစာထမင်းစားပြီးလျှင် ချမ်းသာစွာစကားပြော၍နေသည်ရှိသော် နတ်ဝတ်တန်ဆာ ဆင်မြန်း၍ တစ်ကျွန်းလုံးလင်းစေလျက် မြောက်အရပ်မျက်နှာ ကောင်းကင်၌ရပ်လျက် –
“အို-လက်သမားတို့... ယနေ့မှ ဆယ့်ငါးရက်မြောက် လပြည့်နေ့ည လထွက်သောအခါ တစ်ကျွန်းလုံး သမုဒ္ဒရာရေလွှမ်းကာ သင်တို့ကိုသတ်လိမ့်မည်၊ ပုန်းအောင်းရာအရပ်ကို ရှာကြကုန်၊ အရပ်တစ်ပါးသို့ သွားကြကုန်”

ဟု အဟုတ်အမှန် ကြွေးကြော်ကာ လက်သမားတို့ကို အဆုံးအမပေး၍ မိမိနေရာသို့ သွားလေ၏။

နတ်ဆိုးပရိယာယ် နှိပ်စက်ဖွယ်

ထို့နောက် တရားမစောင့် ကြမ်းကြုတ်သော နတ်သားတစ်ယောက်သည် “ဤလက်သမားတို့ကား ထိုနတ်သား၏ စကားကို နာယူ၍ ပြေးကြကုန်လတ္တံ့၊ ငါတားမြစ်၍ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်စေအံ့”ဟု ကြံစည်ကာ နတ်ဝတ်တန်ဆာဆင်မြန်း၍ တစ်ကျွန်းလုံး လင်းစေလျက် တောင်အရပ်မျက်နှာ ကောင်းကင်၌ရပ်လျက် –
“အို-လက်သမားတို့... မွန်မြတ်သော ကျွန်းကို စင်စစ် သမုဒ္ဒရာရေလွှမ်းခြင်းသည် မဖြစ်လတ္တံ့၊ ထိုအကြောင်းကို ငါသည် အကြောင်းများစွာတို့ဖြင့် မြင်အပ်ပြီ၊ မကြောက်ကြလင့်၊ အဘယ်ကြောင့် စိုးရိမ်ရအံ့နည်း၊ ဝမ်းမြောက်ဝမ်းသာ နေကြပါ၊ အစားအစာ ထမင်းအဖျော်များ၍ မွန်မြတ်သော ဤနေရာကို အလိုရှိကုန်သော သင်တို့အား တစ်စုံတစ်ခုသော ဘေးအန္တရာယ်ကို ငါမမြင်၊ သင်တို့သည် သားမြေးတိုင်အောင် ဝမ်းမြောက်ဝမ်းသာ နေကြကုန်”

ဟု မဟုတ်မမှန် ကြွေးကြော်ကာ လက်သမားတို့ကို နှစ်သက်စေ၍ မိမိနေရာသို့သွားလေ၏။

သူမိုက်ဆင်ခြင် ဘေးမမြင်

ထိုနတ်သား သွားသောအခါ တရားစောင့်သော နတ်သား၏စကားကို မယုံကြည်သော လက်သမားမိုက်သည် - “အချင်းတို့ တောင်အရပ်၌ တည်သော နတ်သားသည် ဘေးမရှိဟုပြောဆို၏၊ ထိုနတ်သား၏စကားသည် မှန်၏၊ မြောက်အရပ်၌ တည်သော နတ်သား၏စကားသည် မမှန်၊ ရန်သူဖြစ်၏၊ ဘေးမှ ကြောက်၏၊ မကြောက်ကြလင့်၊ အဘယ်ကြောင့် စိုးရိမ်အံ့နည်း၊ ဝမ်းမြောက်ဝမ်းသာ နေကြကုန်”ဟု လက်သမားတို့ကို ခေါ်၍ ပြောကြား၏။ ထိုအခါ အရသာ၌ တပ်မက်သော လက်သမားငါးရာတို့သည် လက်သမားမိုက်၏စကားကို နာယူကြကုန်၏။

ကြိုတင်မြင်သိ ပညာရှိ

ထိုအခါ ပညာရှိ လက်သမားသည် လက်သမားမိုက်၏ စကားကို မနာယူဘဲ လက်သမားတို့ကို ခေါ်၍ –

“အချင်းတို့... ဤနတ်သားတို့သည် အချင်းချင်း ဆန့်ကျင်သောစကားကိုဆိုကုန်၏၊ တစ်ယောက်ကား ဘေးမရှိဟုဆို၏၊ တစ်ယောက်ကား ဘေးရှိ၏ဟုဆို၏၊ ငါတိုက်တွန်းလိုသည်မှာ ငါ့စကားကိုနားထောင်ကြကုန်၊ အလုံးစုံသော ငါတို့သည် အလွန်လျင်စွာ မပျက်စီးစေကုန်လင့်၊ အလုံးစုံသော ငါတို့သည် စည်းဝေးညီညွတ်ကုန်၍ လင်းယဉ်တိုင်၊ ရွက်၊ ထိုးဝါး အလုံးစုံ ပြည့်စုံသော မြဲမြံခိုင်ခံ့၍ ကျင်းနက်သော လှေသင်္ဘောကို တည်ဆောက်ကြမည်၊ အကယ်၍ တောင်အရပ်၌ တည်သော နတ်သားစကား မှန်ငြားအံ့၊ ဤလှေသင်္ဘောသည် နောက်၌ဖြစ်လတ္တံ့သော ဘေးရန်အလို့ငှါ ဖြစ်လိမ့်မည်၊ ဤကျွန်းကို မစွန့်ရကုန်လတ္တံ့”။

ဘေးကာကွယ်မှု ပြင်ဆင်ပြု

“အကယ်၍ မြောက်အရပ်၌ တည်သော နတ်သား၏စကားသည် မှန်ငြားအံ့၊ ထိုသို့ မှန်သည်ရှိသော် အလုံးစုံသော ငါတို့သည် ဤလှေသင်္ဘောကို စီး၍ ချမ်းသာစွာ ကမ်းတစ်ဖက်သို့ ကူးရကုန်လတ္တံ့။
ရှေးဦးစွာ ပြောသော နတ်၏စကားကို စင်စစ် မှန်၏ဟု မယူအပ်၊ နောက်မှ ပြောသော နတ်၏စကားကိုလည်း မှန်၏ဟု မယူအပ်၊ ထင်ခြင်းသို့ ရောက်သော စကားနှစ်ရပ်ကို မှတ်သား၍ လောက၌လူတို့သည် ရှေ့စကား နောက်စကား နှစ်ရပ်ကို ယူကာ ဆင်ခြင်၍ သဘောတ္တိရှိသော စကားကို ယူအံ့၊ ထိုသူသည် စင်စစ် မြတ်သော အရပ်သို့ ရောက်ရ၏”
ဟု ပြောဆိုပြီးလျှင် –

“အချင်းတို့... ငါတို့သည် နတ်နှစ်ယောက်လုံးတို့စကားကို နားထောင်ကုန်အံ့၊ လှေသင်္ဘောကိုလည်း စီရင်ကုန်အံ့၊ ရှေးဦးစွာပြောဆိုသော နတ်စကားသည် မှန်ငြားအံ့၊ ဤလှေသင်္ဘောဖြင့် သွားကြကုန်အံ့၊ နောက်မှပြောသော နတ်စကားသည် မှန်ငြားအံ့၊ ဤလှေသင်္ဘောကို လျောက်ပတ်ရာအရပ်၌ထား၍ ဤကျွန်း၌ပင် နေကုန်အံ့”ဟု ဆုံးမလေ၏။

ဘေးရန်ဆင်ခြင် အသင့်ပြင်

ထိုအခါ လက်သမားမိုက်သည် “အချင်း... သင်ကား ရေခွက်ထဲ၌ မိကျောင်းကို မြင်ပေ၏၊ အလွန်လျှင် အရှည်ကို မြင်ပေ၏၊ ရှေးဦးစွာပြောသောနတ်သည် ငါတို့၌ မုန်းသဖြင့် ပြောဆို၏၊ နောက်မှပြောသောနတ်သည် ချစ်သဖြင့် ပြောဆို၏၊ ဤကျွန်းမြတ်ကိုစွန့်၍ ဘယ်အရပ်သို့ သွားရကုန်အံ့နည်း၊ အကယ်၍ သွားလိုလျှင် သင့်ပရိသတ်ကို ခေါ်၍ လှေသင်္ဘောကို လုပ်လော၊ ငါတို့အား သင်္ဘောဖြင့် ပြုဖွယ်ကိစ္စမရှိ”ဟု တင်းမာစွာပြောလေ၏။ ပညာရှိလက်သမားသည် မိမိပရိသတ်ကိုခေါ်၍ လှေသင်္ဘောကို အပြည့်အစုံ ပြုလုပ်ပြီးလျှင် အလုံးစုံသော အဆောက်အဦနှင့်တကွ ပရိသတ်ကိုတင်၍ လှေသင်္ဘော၌နေ၏။

သူမိုက်ယုံသမျှ ပျက်စီးရ

လပြည့်နေ့ ည လထွက်လတ်သော် သမုဒ္ဒရာလှိုင်းတံပိုးအဟုန်သည် ခါးတိုင်အောင်တက်၍ တစ်ကျွန်းလုံးဆေးကြောလျက်သွား၏။ ပညာရှိလက်သမားသည် သမုဒ္ဒရာလှိုင်းတံပိုး တက်လာသည်ကိုသိ၍ လှေသင်္ဘောကို လွှတ်လေ၏။ ငါးရာသောလက်သမားမိုက် အပေါင်းအသင်း အမျိုးတို့ကား “သမုဒ္ဒရာလှိုင်းတံပိုးတို့သည် ကျွန်းကို ဆေးကြောရန်လာကုန်၏၊ ဆေးကြောခြင်းကား ဤမျှပင်တည်း”ဟု ပြောဆိုကာနေကြကုန်၏။ ထို့နောက် ရေသည် တဖြည်းဖြည်း ခါး၊ တစ်ရပ်၊ တစ်သူ၊ ထန်းတစ်ဖျားတိုင်အောင် တက်၍လာ၏။ ပညာရှိလက်သမားကား အကြောင်း၌ လိမ္မာသောကြောင့် ချမ်းသာစွာသွားရ၏။

သူမိုက်ရှောင်ခွါ ချမ်းသာရာ

လက်သမားမိုက်သည် အကြောင်း၌ မလိမ္မာ၊ အရသာ၌ တပ်မက်သောကြောင့် ပရိသတ်နှင့်တကွ ပျက်စီးခြင်းသို့ရောက်ရ၏။
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးလျှင် – “ရဟန်းတို့... ကုန်သည်တို့သည် သမုဒ္ဒရာအလယ်၌ မိမိအမှုကြောင့် ချမ်းသာစွာသွားရကုန်သကဲ့သို့ မြေကြီးအထုနှင့်တူသော ပညာရှိသောသူသည် လာလတ္တံ့သော အကျိုးစီးပွားကို သိ၍ အနည်းငယ်မျှသော အကျိုးစီးပွားကိုလည်း မလွန်”။
“အရသာ၌ တပ်မက်သော သူမိုက်တို့သည်ကား မိုက်မဲတွေဝေသောကြောင့် လာလတ္တံ့သော အကျိုးစီးပွားကို မသိကုန်၍ သမုဒ္ဒရာအလယ်၌ နစ်မြုပ်ကုန်သကဲ့သို့ ပစ္စုပ္ပန်မျက်မှောက်၌ အကျိုးစီးပွားဖြစ်လတ်သော် ဆုတ်နစ်ကြကုန်၏”။

“ရဟန်းတို့ အမှုကိစ္စကို ပြုလုပ်သောအခါ၌ ငါ့ကိုမနှိပ်စက်စေသတည်းဟု လာလတ္တံ့သော အမှုကိစ္စကို ရှေးဦးစွာပြုလုပ်ကုန်ရာ၏၊ ပြုလုပ်အပ်သော အမှုကိစ္စကို ရှေးမဆွက ပြုလုပ်ထားလင့်သောသူကို ထိုအမှုကိစ္စသည်လည်း ပြုလုပ်သောအခါ၌ မနှိပ်စက်လေ” – ဟု ရဟန်းတို့အား ဟောတော်မူ၏။

ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက် –
ရဟန်းတို့...

  • ထိုအခါ လက်သမားမိုက်သည် - ယခုအခါ ဒေဝဒတ်။
  • တရားမစောင့်သော နတ်သားသည် - ကောကာလိက။
  • တရားစောင့်သော နတ်သားသည် - သာရိပုတ္တရာ။
  • လက်သမားပညာရှိသည် - ငါဘုရားဖြစ်လာပြီ။

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်
(၁) လာလတ္တံ့ငြား၊ ကျိုးစီးပွား၊ သိငြားပညာရှင်။
(၂) နည်းငယ်မကျန်၊ ကျိုးမလွန်၊ ဧကန်ရမည်ပင်။
(၃) ပြုမည့်ကိစ္စ၊ ဟူသမျှ၊ ပြကြရှေးယခင်။
(၄) အသင့်ရှိက၊ လိုရာရ၊ ကိစ္စပြီးကြောင်းပင်။

သမုဒ္ဒဝါဏိဇ ဇာတ်ပြီး၏။

[]

ကိုးကား

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya