သာဓိနဇာတ်
ပကိဏ္ဏကနိပါတ် -၄၉၄-သာဓိနဇာတ် သီလတန်ခိုးအစွမ်းကြောင့် သိကြားမင်းအမှူးရှိသော တာဝတိံသာနတ်တို့ကြည်ညိုသဖြင့် လူ့ရွာမှနတ်ပြည်သို့ပင့်ဆောင်လျက် လူ့ဘဝနှင့်ပင် နတ်စည်းစိမ်ကိုခံစားရသော သာမိနမင်းအကြောင်း။ ပစ္စုပ္ပန်ဝတ္ထုသီလတန်ခိုးစု ဟောကြားပြုနတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌သီတင်းသုံးတော်မူစဉ် ဒါယကာတို့သည်ဥပုသ်စောင့်ကြကုန်၏၊ ထိုဒါယကာတို့ကို မြတ်စွာဘုရားသည် “ဒါယကာတို့ရှေးပညာရှိတို့သည် ဥပုသ်ဆောက်တည်ခြင်းကိုအမှီပြု၍ လူ၏ကိုယ်ဖြင့် နတ်ပြည်သို့ရောက်လျက် ရှည်မြင့်စွာနေဘူးပြီ”ဟုမိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။ --- အတိတ်ဝတ္ထုအလှူပေးခြင်း သာဓိနမင်းလွန်လေပြီးသောအခါ ဝေဒေဟတိုင်း မိဓိလာပြည်၌ သာမိနမင်းမင်းပြုသည်ရှိသော် ထိုမင်းသည်မင်းကျင့်တရားဆယ်ပါးနှင့်အညီ မင်းပြု၏၊ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော်ဤခြောက်ဌာနတို့၌ ခြောက်ဆောင်သောအလှူတင်းကုပ်တို့ကိုဆောက်လုပ်စေ၍ ဇမ္ဗူဒီပတစ်ကျွန်းလုံးလယ်ထွန်ခြင်းပြတ်အောင် အလှူကြီးကိုပေးလှူ၏၊ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းခြောက်သိန်းသောဥစ္စာတို့ကိုစွန့်ကြဲ၏၊ ငါးပါးသီလကိုဆောက်တည်၏၊ ဥပုသ်ကိုစောင့်သုံး၏၊ တိုင်းတစ်ပါး၌တည်သောသူတို့လည်း သာမိနမင်း၏အဆုံးအမ၌တည်၍ ကုသိုလ်ကောင်းမှုကိုပြုကာ-သေတိုင်းသေတိုင်းသောသူတို့သည် နတ်ပြည်သို့ရောက်ကုန်၏။ သိကြားဖူးမြင်လို မင်းကြီးကိုတစ်နေ့သ၌ သုဓမ္မာနတ်သဘင်အစည်းအဝေး၌ နတ်တို့သည် သာဓိနမင်းကြီး၏ဂုဏ်ကျေးဇူးကိုချီးမွမ်းစကားပြောကြားကြကုန်၏၊ ချီးမွမ်းစကားကိုကြားရသောနတ်တို့သည် သာမိနမင်းကြီးကိုဖူးမြင်လိုကြကုန်၏၊ ထိုအခါ သိကြားမင်းသည်နတ်တို့စိတ်အကြံကိုသိ၍ နတ်တို့အား သာမိနမင်းကြီးကိုဖူးမြင်လိုသလားဟုမေးမြန်းရာ ဖူးမြင်လိုကြောင်းလျှောက်ကြကုန်၏၊ သိကြားမင်းသည် မာတလိနတ်သားကိုခေါ်၍ “အမောင်... “အမောင်သွားချေ၊ ဝေဇယန္တာရထားဖြင့် သာဓိနမင်းကြီးကို နတ်ပြည်သို့ပင့်ဆောင်ချေ”ဟုစေခိုင်း၏၊ မာတလိနတ်သားလည်း သိန္ဓောမြင်းတစ်ထောင်ကသော ဝေဇယန္တာရထားကိုက၍ ဝေဒေဟတိုင်းမိမိလာပြည်သို့သွားလေ၏၊ ထိုနေ့ကားလပြည့်နေ့ဖြစ်၏။ ရထားဝေဇယန္တာ မင်းကြီးထံလာလူတို့သည် ညစာထမင်းစားပြီးလျှင် အိမ်တံခါးတို့၌ ဧချမ်းစွာစကားပြောဟောနေကြစဉ်လဝန်းနှင့်ယှဉ်၍မောင်းနှင်လာသော ဝေဇယန္တာရထားကို “လဝန်းကြီးနှစ်ခုတစ်ပြိုင်နက်ထွက်လာသည်”ဟု အုတ်အုတ်ကျက်ကျက်ပြောဆိုကြကုန်၏၊ ထိုအခိုက်လဝန်းကိုလွန်၍လာသောရထားကိုမြင်ကြလျှင်– “ဤကားလဝန်းမဟုတ်၊ နတ်ရထားဖြစ်သည်၊ ဤနတ်ရထားကား ငါတို့မင်းကြီးအတွက်လာသည်ဖြစ်လိမ့်မည်၊ ငါတို့မင်းကြီးကားသီလရှိသည်၊ တရားစောင့်သည်၊ တရားနှင့်အညီမင်းပြုသည်”ဟု ဝမ်းမြောက်ဝမ်းသာလက်အုပ်ချီကုန်လျက်– “အချင်းတို့... လောက၌ မဖြစ်ဘူးမြဲသဘောသည်ဖြစ်စွာ့တကား၊ ကြက်သီးမွေးညှင်းထဘွယ်ဖြစ်စွာ့တကား၊ အခြံအရံများသောငါတို့အရှင်ဝေဒေဟမင်းအား နတ်ရထားသည်ထင်ရှားဖြစ်စွတကား”— နတ်နန်းဘုံဆင့် မင်းကြီးပင့်ထိုနေ့၌ မင်းကြီးသည် အလှူတင်းကုပ်တို့ကိုလှည့်လည်ကြည့်ရှုစီမံပြီးလျှင် ဥပုသ်ဆောက်တည်လျက် ပြာသာဒ်မ၌ အမတ်အပေါင်းခြံရံကာ လေသွန်တံခါးကိုရှေးရှုလျက် တရားစကားကိုပြောဟောလျက်နေ၏၊ ထိုအခါ မာတလိနတ်သားသည်– “မြတ်သောမင်းကြီး... ဤရထားသို့တက်တော်မူပါ၊ တာဝတိံသာနတ်ပြည်သို့ကြွတော်မူပါ၊ သုဓမ္မာနတ်သဘင်ဝယ် သိကြားမင်းနှင့်တကွနတ်အပေါင်းတို့သည် အရှင်မင်းကြီးကိုဖူးမျှော်ရန် ငံ့လင့်စောင့်စား၍နေကြပါ၏”— နတ်ပြည်ကြာသော် မမွေ့လျော်သိကြားမင်းသည် သာဓိနမင်းကြီးအား “အရှင်မင်းကြီး နတ်ပြည်သို့ကြွလာခြင်းကား ကောင်းသောလာခြင်းဖြစ်ပါသည်၊ နတ်အပေါင်းတို့ဝမ်းမြောက်ကြပါသည်”ဟု နှုတ်ခွန်းဆက်ပြီးလျှင် နတ်မင်း၏စည်းစိမ်ကိုထက်ဝက်ခွဲ၍ပေးလေ၏၊ သာမိနမင်းကြီးလည်း နတ်စည်းစိမ်ကိုခံစားနေစဉ် လူတို့အရေအတွက်အားဖြင့် နှစ်ပေါင်းခုနစ်ရာတို့သည်လွန်ကုန်၏၊ နတ်ပြည်၌နေရအံ့သောကောင်းမှုကုသိုလ်ကံသည်ကုန်ခဲ့လေ၏၊ နတ်ပြည်၌မမွေ့လျော်ခြင်းသည်ဖြစ်လေ၏၊ ထိုအခါ သိကြားမင်းအား- “အို-သိကြားမင်း... နတ်ပြည်သို့ရောက်နေသောငါသည် ရှေးအခါ ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ဖြင့်မွေ့လျော်ပါ၏၊ ယခုအခါမမွေ့လျော်တော့ပါ၊ အသက်ကုန်လေသလော၊ သေချိန်နီးကပ်လေသလော၊ သို့မဟုတ် တွေဝေလေသလော”— သာဓိနမင်းအား သိကြားမင်းတားထိုအခါ သိကြားမင်းသည် သာမိနမင်းကြီးအား နတ်၏စည်းစိမ်ချမ်းသာကိုခံစားရန်တောင်းပန်လိုသဖြင့်— “မြတ်သောမင်းကြီး... အရှင်မင်းကြီး၏အသက်လည်းမကုန်သေးပါ၊ သေချိန်လည်းဝေးပါသေး၏၊ တွေဝေခြင်းလည်းမဖြစ်ပါ၊ သို့သော်လည်း နတ်ပြည်၌နေရအံ့သောကောင်းမှုကုသိုလ်ကား နည်းချေပြီ”။ “မြတ်သောမင်းကြီး... နတ်တို့အာနုဘော်ဖြင့်နေတော်မူပါ၊ တာဝတိံသာနတ်ပြည်၌နတ်၌ဖြစ်သော ကာမဂုဏ်တို့ကိုခံစားတော်မူပါ”— လူရွာပြန်ရောက် စင်္ကြံလျှောက်ထိုအခါ သာဓိနမင်းကြီးသည် သိကြားမင်းအား လူ့ပြည်သို့ပြန်ရန်ပြောကြားလို၍— “သိကြားမင်း... သူတစ်ပါးပေး၍ရသောစိမ်ကားငှါးရမ်း၍စီးသောယာဉ်နှင့်တူ၏၊ ချေးငှါးအပ်သောဥစ္စာနှင့်တူ၏၊ ထို့ကြောင့် သူတစ်ပါးပေး၍ရသောစည်းစိမ်ကို ငါအလိုမရှိပြီ၊ မိမိကိုယ်တိုင်ပြုအပ်သောကောင်းမှုကုသိုလ်သည်သာ အသီးကေအခြားကိုယ်ပိုင်ဥစ္စာမည်၏”။ “သိကြားမင်းငါသည် လူ့ပြည်သို့သွား၍ ကုသိုလ်ကောင်းမှုကိုပြုသည်ရှိသော် ချမ်းသာကိုရနိုင်၏၊ နောင်တစ်ဖန်လည်း မပူပန်ရ၊ ထို့ကြောင့် များစွာသောကုသိုလ်ကောင်းမှုကိုပြုတော့အံ့”— ဘိုးတော်တွေ့ကာ ဝမ်းမြောက်စွာဥယျာဉ်စောင့်မြင်လျှင်ချဉ်းကပ်ကာမေးမြန်း၍ သာဓိနမင်းကြီးဖြစ်ကြောင်းကိုသိလျှင် နာရဒမင်းထံသွား၍လျှောက်၏၊ နာရဒမင်းလည်း ဥယျာဉ်စောင့်အား ဥယျာဉ်တော်ကိုသုတ်သင်၍ နေရာနှစ်နေရာခင်းရန်စီမံ၏၊ ဥယျာဉ်စောင့်လည်း နာရဒမင်းစီမံတိုင်းပြုလေ၏၊ သာဓိနမင်းကြီးသည် နေရာနှစ်နေရာခင်းသည်ကိုမြင်လျှင် ဥယျာဉ်စောင့်အား “အမောင်... အဘယ်ကြောင့်နှစ်နေရာခင်းသနည်း”ဟုမေး၏၊ “အရှင်မင်းကြီး... အရှင်မင်းကြီးဘို့တစ်နေရာ၊ အကျွန်ုပ်တို့မင်းဘို့တစ်နေရာဖြစ်ပါသည်”ဟုပြောကြား၏၊ ထိုအခါ သာမိနမင်းကြီးသည် “ငါမှတစ်ပါး ဘယ်သူသည် ငါ၏အနီးနေရာ၌နေ့လတံ့နည်း”ဟုတစ်ခုသောနေရာ၌ထိုင်၍ တစ်ခုသောနေရာ၌ကားခြေတင်၍ထား၏။ ရှေဟောင်းဖြစ်ရပ် ပြောကြားအပ်ထိုအခါ နာဒရမင်းရောက်လာ၍ သာဓိနမင်းကြီး၏ခြေတို့ကိုရှိခိုးကာ လျှောက်ပတ်သောနေရာ၌နေ၏၊ နာဒရမင်းကား သာဓိနမင်းကြီး၏ခုနစ်ဆက်မြောက်မြစ်တော်ဖြစ်သတတ်၊ ထိုအခါလူတို့အသက်သည်တစ်ရာတမ်းဖြစ်၏၊ သာဓိနမင်းကြီးကား ကုသိုလ်ကောင်းမှု၏အစွမ်းဖြင့် အသက်ခုနစ်ရာရှည်ကြာအောင်နေရ၏၊ ထို့နောက်သာမိနမင်းကြီးသည် မိမိ၏မြစ်တော်ဖြစ်သောနာရဒမင်းကိုလက်ဆွဲလျက် ဥယျာဉ်တော်သို့လှည့်လည်ကာ– “အမောင်နာရဒ... ရှေးအခါဤစိုက်ပျိုးရာမြေတို့သည် မွေ့လျော်ဘွယ်ရှိကုန်၏၊ ဤရေပြွန်ကားနားောင်းနှင့်တူ၏၊ တစ်ဘက်တစ်ချက်ပေါက်နေသောမြက်တို့သည်၎င်း၊ ဤစီးဆင်းနေသောမြစ်တို့သည်၎င်းမွှေ့လျော်ဘွယ်ရှိကုန်၏”၊ “အမောင်နာရဒ... ဤရေကန်တို့သည်မွေ့လျော်ဘွယ်ရှိကုန်၏၊ စက္ကဝက်ငှက်တို့သည်ကွန့်မြူးကုန်၏၊ မန္ဒာလကနွယ်၊ ပဒုမာကြာ၊ ဥပ္ပလကြာတို့ဖြင့်ဖုံးလွှမ်းအပ်ကုန်၏၊ ငါ၏အလုပ်အကျွေးမောင်းမတို့သည် ဤအရပ်၌မွေ့လျော်ကုန်၏၊ ထိုမောင်းမတို့သည်ယခုအခါအဘယ်သို့သွားကြသနည်း၊ လူအပေါင်းကိုမမြင်ရသောငါ့မှာ အရပ်မျက်နှာတို့သည်ဆိတ်ညံသကဲ့သို့ဖြစ်ကုန်၏”— ဘိုးတော်မင်းပင် ထီးနန်းတင်ထိုအခါ နာရဒမင်းသည် သာဓိနမင်းကြီးကို ထီးနန်းနှင့်တကွ တိုင်းပြည်စည်းစိမ်ပါအပ်နှင်းလိုသဖြင့်– “အရှင်မင်းကြီး... အရှင်မင်းကြီးတို့သည် နတ်ပြည်သို့ကြွသွားနေသည်မှာ နှစ်ပေါင်းခုနစ်ရာရှိပါပြီ၊ အကျွန်ကား အရှင်မင်းကြီး၏ ခုနစ်ဆက်မြောက်မြစ်တော်ဖြစ်ပါ၏၊ အရှင်မင်းကြီး၏ငယ်ကျွန်မောင်းမတို့မှာ သေမင်း၏ခံတွင်းသို့ဝင်ကြပါပြီ၊ မိမိလာပြည်ကြီးကားအရှင်မင်းကြီး၏ပြည်ဖြစ်ပါ၏၊ မင်းပြုတော်မူပါ”— “အမောင်နာရဒ... ငါကားတစ်ပြောင်ပြောင်တောက်ပနေသော နတ်ဗိမာန်တို့ကိုနတ်များနှင့်သိကြားမင်း၏မျက်မှောက်၌ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီ၊ နတ်ဗိမာန်၌လည်းနေခဲ့ဘူးပြီ၊ နတ်၌ဖြစ်၍အလုံးစုံအလိုဆန္ဒနှင့်ပြည့်စုံသောကာမဂုဏ်တို့ကိုလည်းခံစားခဲ့ဘူးပြီ၊ ဤသို့သဘောရှိသောကာမဂုဏ်တို့ကိုစွန့်လွှတ်၍ ဤအရပ်သို့လာခဲ့ခြင်းကားမင်းပြုရန်လာခဲ့သည်မဟုတ်၊ ကုသိုလ်ကောင်းမှုပြုရန်သာလာခဲ့၏၊ ငါသည် ကုသိုလ်တရားကိုသာကျင့်အံ့၊ မင်းအဖြစ်ကိုအလိုမရှိ”၊ “အမောင်နာရဒ အပြစ်ဒဏ်မရှိသောသူတို့သည် ကျင့်အပ်သောမြတ်စွာဘုရားဟောကြားအပ်သော မဂ္ဂင်ရှစ်ပါးတရားသည်ရှိ၏၊ သူတော်ကောင်းတို့သည်... ထိုမဂ္ဂင်ရှစ်ပါးဖြင့်နိဗ္ဗာန်သို့သွားကြကုန်၏၊ ငါသည်လည်း... ထိုမဂ္ဂင်ရှစ်ပါးတရားကိုကျင့်အံ့”— မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ အချို့သောဒါယကာတို့သည် သောတာပတ္တိဖိုလ်၊ အချို့သကဒါဂါမိဖိုလ်၊ အချို့အနာဂါမိဖိုလ်၌တည်ကုန်၏။ --- ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။ --- ဆောင်ပုဒ်(၁) ဥပုသ်သီလ၊ ကျင့်ဓမ္မ၊ နိစ္စစောင့်သုံးရာ။ (၂) သူတော်တို့ငြမ်း၊ မဂ္ဂင်လမ်း၊ ဖြောင့်တန်းနိဗ္ဗူတာ။ (၃) သီလစွမ်းရည်၊ အသက်ရှည်၊ နတ်ပြည်ရောက်လိမ့်သာ။ ကိုးကား
|
Portal di Ensiklopedia Dunia