သာဓုသီလဇာတ်
ဒုကနိပါတ် - ၅။ ရုဟကဝဂ် -၂၀၀ - သာဓုသီလဇာတ်။ ။ သီလရှိသူကို ဦးစားပေး၍ သမက်ရွေးချယ်သော ပုဏ္ဏားအကြောင်း ပစ္စုပ္ပန်ဝတ္ထုသမီးများကြောင်းပြု လျှောက်ထားမှုနတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ပုဏ္ဏားတစ်ယောက်အား သမီးလေးယောက်တို့ ရှိကုန်၏။ ထိုသမီးလေးယောက်တို့ကို လူလေးယောက်တို့သည် တောင်းဆိုကြကုန်၏။ တောင်းဆိုသူ လေးယောက်တို့တွင် တစ်ယောက်ကား အဆင်းလှ၏။ တစ်ယောက်ကား အရွယ်ကြီး၏။ တစ်ယောက်ကား အမျိုးမြတ်၏။ တစ်ယောက်ကား သီလရှိ၏။ ထိုအခါ ပုဏ္ဏားသည် မည်သူ့အားပေးရမည်ကို မသိ မကြံတတ်၍ မြတ်စွာဘုရားထံသွားကာ ထိုအကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ပုဏ္ဏား “ဒါယကာ ပုဏ္ဏား ... ရှေးအခါ၌လည်း ပညာရှိတို့သည် ဤပြဿနာကို ဖြေဆိုဖူးကုန်ပြီ၊ သင်ကား ဘဝတစ်ပါး ဖုံးလွှမ်းသောကြောင့် မမှတ်နိုင်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထုလုလင်လေးယောက် သမီးတောင်းရောက်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ ပညာသင်ကြားတတ်မြောက်၍ ပြန်လာရာ ဗာရာဏသီပြည်တွင် ဒိသာပါမောက္ခဆရာကြီး ဖြစ်လေ၏။ ထိုအခါ ပုဏ္ဏားတစ်ယောက်အား သမီးလေးယောက်တို့သည် ရှိကုန်၏။ ထိုသမီးလေးယောက်တို့ကို လူလေးယောက်တို့သည် လာ၍တောင်းဆိုကြကုန်၏။ တောင်းဆိုသူ လေးယောက်တို့တွင် တစ်ယောက်ကား အဆင်းလှ၏။ တစ်ယောက်ကား အရွယ်ကြီး၏။ တစ်ယောက်ကား အမျိုးမြတ်၏။ တစ်ယောက်ကား သီလရှိ၏။ စဉ်စားဆင်ခြင် ဆရာတိုင်ပင်ပုဏ္ဏားသည် တောင်းဆိုလာသူ လေးယောက်တို့တွင် ဘယ်သူအားပေးသင့်သည်ကို မသိသဖြင့် မကြံတတ်တော့ဘဲ ဒိသာပါမောက္ခဆရာကြီးထံသွား၍ မေးပြီးလျှင် သင့်လျှော်သူအားပေးမည်ဟု နှလုံးသွင်းကာ ဒိသာပါမောက္ခဆရာကြီးထံ သွားလေ၏။ ရောက်လျှင် ဆရာကြီးအား - “ဆရာကြီး ... အကျွန်ုပ်၏ သမီးလေးယောက်တို့ကို လူလေးယောက်တို့လာ၍ တောင်းကြပါ၏။ ထိုတောင်းသူ လေးယောက်တို့တွင် တစ်ယောက်ကား အဆင်းလှ၏။ တစ်ယောက်ကား အရွယ်ကြီး၏။ တစ်ယောက်ကား အမျိုးမြတ်၏။ တစ်ယောက်ကား သီလရှိ၏။ ထိုလေးယောက်တို့တွင် ဘယ်သူအား ပေးရမည်ကို မသိ၍ ဆရာကြီးထံ လာ၍ မေးပါ၏။ ဘယ်သူအား ပေးရပါမည်နည်း” - ဟု မေးပြန်လေ၏။ သီလရှိသူသာ သမီးပေးရာထိုအခါ ဒိသာပါမောက္ခဆရာကြီိးသည် ပုဏ္ဏားစကားကို ကြားလျှင် - “ပုဏ္ဏား .. တောင်းသူလေးယောက်တို့တွင် - အဆင်းလှသူလည်း အကျိုးစီးပွား ရှိပေ၏။ အရွယ်ကြီးသူလည်း အကျိုးစီးပွားရှိပေ၏။ အမျိုးမြတ်သူလည်း အကျိုးစီးပွားရှိပေ၏။ သို့သော်လည်း ငါတို့သေဘာကား သီလရှိသူကိုသာ နှစ်သက်ပေ၏”- ဟု ပြောကြား ဆုံးမလေ၏။ ပုဏ္ဏားသည် ဒိသာပါမောက္ခဆရာကြီိး စကားကိုကြားလျှင် သီလရှိသောသူအားသာ မိမိသမီးတို့ကို ပေးလေ၏။ ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကို ပြတော်မူသည့်အဆုံး၌ မထင်ရှားသော ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ ပုဏ္ဏားသည် - ယခုအခါ ပုဏ္ဏား။ ဒိသာပါမောက္ခဆရာကြီိးသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) အဆင်း,အရွယ်၊ မျိုးအနွယ်၊ တင့်တယ်စီးပွားရှိ။ (၂) သီလရှိလတ်၊ ထွက်အမြတ်၊ ဆုံးဖြတ်ပညာရှိ။ (၃) သီလရှိသူ၊ သမီးယူ၊ ကြည်ဖြူပေးလေဘိ။ သာဓုသီလဇာတ် ပြီး၏။ ကိုးကား
|
Portal di Ensiklopedia Dunia