သံတောင်ကြီးမြို့နယ်
သံတောင်ကြီးမြို့နယ် သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သံတောင်ကြီးမြို့ ဖြစ်သည်။ [၂] မြောက်လတ္တီကျု ၁၈°၃၈′၀.၃″ နှင့် ၁၉°၃၀′၁၀″ ကြား၊ အရှေ့လောင်ဂျီကျု ၉၆°၂၂′၁၂″ နှင့် ၉၇°၁၂′၄″၁ ကြားတွင် တည်ရှိကာ အရှေ့အနောက် ၂၄.၅ မိုင်ခန့်နှင့် တောင်မြောက် ၅၈ မိုင်ခန့် ရှည်လျားသော သံတောင်ကြီးမြို့နယ်သည် မြို့လေးမြို့ပါဝင်သည့် ဧရိယာမှာ ၁၄၁၂.၈၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ဖရူဆို၊ ဖားဆောင်းမြို့နယ်တို့နှင့် ထိစပ်နေကာ အနောက်ဘက်တွင် တောင်ငူ၊ ရေတာရှည်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိသည်။ တောင်ဘက်တွင် ကျောက်ကြီး၊ ဖာပွန်မြို့နယ်တို့နှင့် ထိစပ်နေပြီး၊ မြောက်ဘက်တွင် ပျဉ်းမနား၊ ဖယ်ခုံမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသည်။[၃] ပါဝင်သည့်မြို့များသံတောင်ကြီးမြို့နယ်တွင် ပါဝင်သည့် မြို့များမှာ
သမိုင်းကြောင်းမြောက်မှတောင်သို့ သွယ်တန်းနေသော တောင်ကုန်း၊ တောင်တန်း၊ တောင်စောင်းများ ပေါများထူထပ်သည့် သံတောင်ကြီး မြို့နယ်သည် ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအတွင်း အင်္ဂလိပ်နယ်ချဲ့လက်ထက် မြန်မာကို တောင်ငူအထိ သိမ်းပိုက်ခဲ့သော်လည်း၊ နှစ်အတန်ကြာမှ တောင်ပေါ်ဒေသများကို သိမ်းသွင်းနိုင်သည်။ တောင်ငူခရိုင်မြို့နယ်များအနက် သံတောင်မြို့နယ်ကို ၁၉၀၀ ပြည့်နှစ်တွင် ကွမ်းပင်ရွာ ယခု ထုံးဘိုကြီးရွာ မြောက်ဘက်တွင် စတင်ရုံးစိုက်ခဲ့သည်။ တဖန် မြို့အနေအထားအရ ဗဟိုကျသော လိပ်သိုသို့ ၁၉၁၀ ပြည့်နှစ်တွင် လည်းကောင်း၊ တဖန် လက်ဖက်ခြံ စိုက်ပျိုးထားခြင်းနှင့် နွေရာသီအပန်းဖြေစခန်း ဖြစ်သည့် သံတောင်ကြီးသို့ ၁၉၃၅ ခုနှစ်၌ လည်းကောင်း ပြောင်းရွှေ့ ရုံးစိုက်စေသည်။ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်းပြီး ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဘားအံ၊ သံတောင်မြို့သည် ကရင်ပြည်နယ်တွင် ပါဝင်ခဲ့သည်။ ၁၉၅၉ တွင် သံတောင်မြို့သစ် ၁၃ မိုင်စခန်းသို့ မြို့နယ်ရုံးအဖြစ် ပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီး အမိန့်ကြော်ငြာစာအရ ၁၉၇၃ တွင် သံတောင်ကြီးကို သံတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တအုပ်စုဖြင့် ဖွဲ့စည်းသတ်မှတ်သည်။ တဖန် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၆.၄.၂၀၀၀ ရက်နေ့ အမိန့် ကြော်ငြာစာအရ သံတောင်ကြီး ကျေးရွာအုပ်စုမှ သံတောင်ကြီးမြို့အဖြစ် ရပ်ကွက် ၅ ခုဖြင့် ဖွဲ့စည်းလိုက်ပြီး၊ ၂၀၀၂ တွင် သံတောင်ကြီးမြို့ကို မြို့နယ်ခွဲအဖြစ် ပြန်လည် ပြင်ဆင်ပြန်ပြီး၊ မြို့နယ်ခွဲရုံးများ ဖွင့်လှစ်သည်။ ၂၀၀၆ တွင် မြို့နယ်ခွဲအဆင့်မှ မြို့နယ်အဆင့်သို့ ရောက်ရှိလာသည်။ သို့ဖြစ်၍ ၂၀၀၇ မှစ၍ မြို့နယ်ရုံးများ ဖွင့်လှစ်သည်။ ထိုအခါ ၂၀၀၈ တွင် လိပ်သိုမြို့နယ်ခွဲနှင့် ဘောဂလိမြို့နယ်ခွဲတို့သည် မြို့နယ်ခွဲဟူသော စကားရပ် ပယ်ဖျက်ခြင်းကြောင့် လိပ်သိုမြို့နှင့် ဘောဂလိမြို့ ဖြစ်လာပြီး သံတောင်မြို့တွင် မြို့ရုံး တည်ကာ ရုံးလုပ်ငန်းများ ဆောင်ရွက်သည်။ ရေဆင်းမြစ်ငန်းချောင်း၊ ကျီးချောင်း၊ ကမ်းနီချောင်း၊ ပသိချောင်းတို့သည် စီးဆင်းလျက် ရှိပြီး၊ ထင်ရှားသော ချောင်းမှာ သောက်ရေခပ်ချောင်း ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၃၀၀၀ တွင် ရှိသော သံတောင်ကြီးမြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ နော်ဘူဘောတောင် ဖြစ်ပြီး၊ အမြင့်ပေ ၄၈၂၄ ပေ ရှိသည်။ အနိမ့်ဆုံး အရပ်ဒေသမှာ ၂၄၀ ပေ ရှိသည်။ ရာသီဥတုအေးမြစိုစွတ်ပြီး၊ အမြင့်ဆုံး ၂၉°C နှင့် အနိမ့်ဆုံး ၈°C အပူချိန် ရှိသည်။ သဘာဝပေါက်ပင်များကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ သစ်အယ်၊ ယမနေ၊ တဗလန်း၊ သင်္ဃန်း၊ ညောင်၊ သင်္ဂခူ၊ သစ်ကတိုး၊ ကောင်းမှု၊ သပြေ၊ ကြက်ရိုး၊ ကနစိုး၊ သစ်ခါး၊ ပန်းခါး၊ ဝါးအမျိုးမျိုး၊ ထောက်ကြံ့၊ ဖန်ခါးတို့ ဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များကျား၊ ကျားသစ်၊ တောဝက်၊ ဝက်ဝံ၊ ဆတ်၊ တောဆိတ်၊ တောင်ဆိတ်၊ တောခွေး၊ ခွေးတူဝက်တူ၊ တောကြောင်၊ သင်းခွေချပ်၊ ယုန်၊ ဂျီ၊ မျောက်အမျိုးမျိုး၊ လိပ်အမျိုးမျိုး နေထိုင်ကျက်စားသည်။[၄] သဘာဝပတ်ဝန်းကျင်စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးသော ဒေသခံ ပြည်သူအများစုသည် နှစ်စဉ် ရွှေ့ပြောင်းတောင်ယာခုတ်ခြင်း၊ သစ်ဝါးများ တရားမဝင် ခုတ်ယူ သုံးစွဲခြင်း၊ တောမီးလောင်ခြင်းများကြောင့် သစ်တော ပြုန်းတီးမှုများ ဖြစ်ပွားနေပြီး၊ ကြိုးဝိုင်းသစ်တော် ဖုံးလွှမ်းမှု ၆.၀၂၅ %၊ ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှု ၂၈.၆၃၉ % ဖြင့် သစ်တောဖုံးလွှမ်းမှု ၉၃.၁၂ % ရှိသည်။ လူဦးရေ၂၀၁၇ မတ်လကုန်အထိ အောက်ပါအတိုင်း ရှိသည်။
မြို့ပေါ်ရပ်ကွက် ၁၉ ခု တွင် အိမ်ခြေ ၃၄၇၈၊ အိမ်ထောင်စု ၃၄၆၈ စု ရှိကာ၊ ကျေးရွာအုပ်စု ၅၉ စုတွင် ရှိသော ကျေးရွာ ၃၄၁ ရွာ၌ အိမ်ခြေ ၁၄၉၁၂၊ အိမ်ထောင်စု ၁၄၅၁၈ စုဖြင့် ကျေးလက်နေသူ အချိုးအစား များကြောင်း သိရှိရသည်။ သံတောင်ကြီးမြို့နယ်အတွင်း နေထိုင်သူ ၈၈၇၂၈ ယောက် ရှိသည့်အနက် မြို့ပေါ်၌ နေထိုင်သူ ကျား ၉၁၄၃ ဦး၊ မ ၉၃၃၄ ဦးဖြင့် ညီမျှနေကာ၊ ကျေးလက်နေသူ ကျား ၃၄၈၉၀ ဦး၊ မ ၃၅၃၆၁ ဦးဖြင့် မျှတနေသည်။ မြို့ပေါ်နေထိုင်သူ စုစုပေါင်း ၁၈၄၇၇ ဦး ရှိ၍၊ ကျေးလက်ဒေသနေထိုင်သူ စုစုပေါင်း ၇၀၂၅၁ ဦး ရှိသည်။ စီးပွားရေးစိုက်ပျိုးရေး အဓိက ဖြစ်ကာ၊ ဖွံ့ဖြိုးတိုးတက်သော သံတောင်ကြီးမြို့နယ်သည် တောင်ငူ-သံတောင်-သံတောင်ကြီးလမ်းဟူ၍ ကုန်းလမ်းဖြင့်သာ ဆက်သွယ်မှု ရှိပြီး၊ သံတောင်ကြီးမြို့၌ လမ်းဆုံးသည်။ အဓိကထွက်ကုန်များမှာ ဖာလာ၊ ကော်ဖီ၊ လက်ဖက်၊ ကွမ်းသီး၊ ရာဘာ၊ ဒူးရင်းများ ဖြစ်ကာ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ အများဆုံး တင်ပို့သည်။ သံတောင်ကြီးမြို့နယ်တွင် အစိုးရဆည်များ၊ ကိုယ့်အားကိုယ်ကိုး ဆည်များ မရှိသကဲ့သို့ မြစ်ရေတင်စီမံကိန်းများလည်း မရှိချေ။ တာတမံများ၊ ရေထိန်းတံခါးများလည်း မရှိပေ။ အသားတင် စိုက်ပျိုးမြေဧရိယာပေါင်း ၉၁၉၅၉ ဧက ရှိသည်။ အသီးအနှံ ဆယ်မျိုးဖြစ်သော စပါးပေါင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံ၊ အစေ့ထုတ်ပြောင်းတို့ကို စိုက်ပျိုး ထုတ်လုပ်သည်။ နှစ်ရှည်သီးနှံ စိုက်ပျိုးမှု အခြေအနေများမှာ လက်ဖက်၊ ကော်ဖီ၊ ကြက်ပေါင်စေ့၊ ကွမ်းသီး၊ ကွမ်းရွက်၊ အုန်းသီးတို့ ဖြစ်ပြီး၊ ၂၀၁၇ မတ်လအထိ တနှစ်တာအတွင်း ပိဿာပေါင်း ၈၂၄၁၇၈၂ ထွက်ရှိသည်။ ဈေးကွက်ဝင်သော ဖာလာ၊ ငရုတ်ကောင်းကိုလည်း စိုက်သည်။ ဓာတ်သတ္တု တူးဖော်မှုများ မလုပ်နိုင်သကဲ့သို့ ကျောက်မျက်များလည်း မတူးဖော်ပါ။ ကိုးကား
|
Portal di Ensiklopedia Dunia