ဟသိတုပ္ပါဒ်စိတ်ဟူသည် "ဟသိတ" (ပြုံးရွှင်ခြင်း၊ ရယ်ခြင်း) နှင့် "ဥပ္ပါဒ" (ဖြစ်ပေါ်စေခြင်း) ဟူသော ပုဒ်နှစ်ခုကို ပေါင်းစပ်ထားပြီး "ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်သောစိတ်" ဟု အဓိပ္ပာယ်ရသည်။ ဤစိတ်သည် ဘုရား၊ ပစ္စေကဗုဒ္ဓါ နှင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ပေါ်သော အဟိတ်ကိရိယာစိတ်တစ်မျိုး ဖြစ်ပြီး၊ သိမ်မွေ့သော ပြုံးရွှင်မှုကို ဖြစ်စေသည်။[၁]
ဟသိတုပ္ပါဒ်စိတ်၏ အမျိုးအစား
၎င်းသည် စေတသိက်တို့၏ သဘာဝအရ သောမနဿသဟဂုတ် အဟိတ် ကိရိယာစိတ် ဟု ခေါ်သည်။
- သောမနဿသဟဂုတ်: ဝမ်းမြောက်သော ဝေဒနာ (သောမနဿဝေဒနာ) နှင့် အတူဖြစ်သောစိတ်။
- အဟိတ်: ဟိတ်ခြောက်ပါး (လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ) တို့နှင့် မယှဉ်သောစိတ်။
- ကိရိယာ: ကုသိုလ်ကံ၊ အကုသိုလ်ကံလည်းမဟုတ်၊ ထိုကံတို့၏ အကျိုးဝိပါက်လည်းမဟုတ်ဘဲ အပြုအမူမျှသာဖြစ်သောစိတ်။
ဤစိတ်၏ ထူးခြားချက်
ဟသိတုပ္ပါဒ်စိတ်သည် အခြား ပုထုဇန်၊ သေက္ခပုဂ္ဂိုလ်တို့နှင့် မဆက်ဆံဘဲ ရဟန္တာအရှင်မြတ်တို့၏ သီးခြားကိုယ်ပိုင်ဥစ္စာဖြစ်သော စိတ်ဖြစ်ပြီး ဒွါရ (၆) ပါးလုံး၌ ဖြစ်နိုင်ပါသည်။
လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် (လက္ခဏာဒိစတုက္က)
- လက္ခဏာ: အာရုံ (၆)ပါးကို သိခြင်း၊ ရယူခြင်းသဘော။
- ရသ: ကိစ္စ၏ အစွမ်းဖြင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာလျှင် မမြတ်ထွတ်ကုန်သော (အနုဠာရေသု ဝတ္ထူသု) အရိုးစု၊ ပြိတ္တာအဆင်း စသော အာရုံတို့၌ ပြုံးရွှင်ခြင်းကိုသာလျှင် ဖြစ်စေခြင်း (ကိစ္စ)။ (ဆိုလိုသည်မှာ ရဟန္တာအရှင်မြတ်တို့သည် လောကီသားတို့ စက်ဆုပ်ဖွယ်၊ သို့မဟုတ် အရေးမမူဖွယ် အာရုံများ၌ပင် သိမ်မွေ့သော ဝမ်းမြောက်မှုဖြင့် ပြုံးရွှင်နိုင်ခြင်း ဖြစ်သည်။)
- ပစ္စုပဋ္ဌာန်: ထိုကဲ့သို့ ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်သော သဘောတရား (အဖြစ် ယောဂီ၏ဉာဏ်၌ ထင်လာခြင်း)။
- ပဒဋ္ဌာန်: ဧကန်အားဖြင့် မှီရာဖြစ်သော ဟဒယဝတ္ထု။[၂]
ဒွါရအသီးသီး၌ ဟသိတုပ္ပါဒ်စိတ် ဖြစ်ပေါ်ပုံ ဥပမာများ (ရဟန္တာအရှင်မြတ်တို့၌)
- စက္ခုဒွါရ (မျက်စိတံခါး): ကမ္မဋ္ဌာန်းပွားများရန် သင့်လျော်သော နေရာဌာနကို တွေ့မြင်ရ၍ ဝမ်းမြောက်တော်မူသောအခါ၊ ပြုံးရွှင်တော်မူသောအခါ ဤစိတ်ဖြင့် ဝမ်းမြောက်တော်မူ၏။
- သောတဒွါရ (နားတံခါး): သံဃိကပစ္စည်းဝေရာ၌ "တပည့်တော်အတွက်၊ ဆရာအတွက်" စသည်ဖြင့် ကျယ်လောင်စွာ တောင်းဆိုနေကြသော၊ ပစ္စည်းလေးပါး၌ အလွန်မက်မောသော ရဟန်းတို့ကို မြင်ကြားရသော်၊ "ဤသို့ ပစ္စည်း၌ လိုလားတပ်မက်ခြင်း၏ အကြောင်းဖြစ်သော တဏှာကို ငါပယ်ရှားပြီးလေပြီ" ဟု ဆင်ခြင်၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့် ဝမ်းမြောက်တော်မူ၏။
- ဃာနဒွါရ (နှာခေါင်းတံခါး): အမွှေးနံ့သာ၊ ပန်းတို့ဖြင့် စေတီတော်ကို ပူဇော်သော ရဟန္တာအရှင်မြတ်သည် ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့်ပင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။
- ဇိဝှါဒွါရ (လျှာတံခါး): အရသာရှိသော ဆွမ်းကိုရ၍ သီတင်းသုံးဖော်တို့အား ခွဲဝေလှူဒါန်းသုံးဆောင်ပြီး "အသက်ထက်ဆုံး အောက်မေ့အပ်သော သာရဏီယကျင့်ဝတ်ကို ငါဖြည့်ကျင့်ပေပြီ" ဟု ဆင်ခြင်၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။
- ကာယဒွါရ (ကိုယ်တံခါး): ဥပဇ္ဈာယ်ဝတ်၊ အာစရိယဝတ် စသော အာဘိသမာစာရိကကျင့်ဝတ်ကို ဖြည့်ကျင့်တော်မူသော ရဟန္တာအရှင်မြတ်သည် "ငါသည် ကာယဒွါရ၌ ကျင့်ဝတ်ကို ဖြည့်ကျင့်ပေပြီ" ဟု ဆင်ခြင်၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။
- မနောဒွါရ (စိတ်တံခါး): အတိတ်၊ အနာဂတ်ကို အာရုံပြု၍ ဖြစ်တတ်သည်။ ဘုရားရှင်သည် ဇောတိပါလလုလင်ဘဝ၊ မဃဒေဝမင်းဘဝ စသည့် အတိတ်ဘဝက ဖြည့်ကျင့်ခဲ့သည်များကို ဆင်ခြင်၍ ပြုံးတော်မူခြင်း၊ သို့မဟုတ် နောင်အနာဂတ်၌ တန္တိဿရ၊ မုဒိင်္ဂဿရ အမည်ရှိ ပစ္စေကဗုဒ္ဓါများ ဖြစ်ပေါ်မည်ကို မြင်၍ ပြုံးတော်မူခြင်းတို့သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ အနာဂတံသဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တို့၏ ကိစ္စဖြစ်သည်။ ထိုဉာဏ်တော်များ၏ အဆုံး၌ ဤဟသိတုပ္ပါဒ်စိတ်သည် ဘုရားရှင်၏ စိတ်အစဉ်ကို ရွှင်စေလျက် ဖြစ်ပေါ်လာ၏ [၃]။
ဉာဏ်နှင့် ဟသိတုပ္ပါဒ်စိတ် ဆက်စပ်မှု (ဋီကာများမှ သုံးသပ်ချက်)
ဟသိတုပ္ပါဒ်စိတ်တွင် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ ဟူသော စေတသိက် (၁၂) လုံးသာယှဉ်ပြီး ပညိန္ဒြေ (ဉာဏ်) မပါဝင်ပါ။
- မူလဋီကာ၏ စဉ်းစားဖွယ်အချက် [၄]: ဘုရားရှင်၏ အမှုကိစ္စအားလုံးသည် ဉာဏ်တော်ရှေ့သွားရှိ (ဉာဏပုဗ္ဗင်္ဂမ) ၍ ဉာဏ်တော်၏နောက်သို့ အစဉ်လိုက် (ဉာဏာနုပရိဝတ္တိ) သည်ဟု ဟောသောကြောင့် ဉာဏ်နှင့်မယှဉ်သော ဤဟသိတုပ္ပါဒ်စိတ်သည် ဘုရားရှင်သန္တာန်၌ ဖြစ်နိုင်ခြင်းကို စဉ်းစားသင့်ကြောင်း မူလဋီကာက ထောက်ပြသည်။
- အနုဋီကာ၏ ရှင်းလင်းချက် [၅]: အနုဋီကာဆရာတော်ကမူ၊ ရဟန္တာအရှင်မြတ်သည် ပဉ္စဒွါရ၌ ကြည်ညိုဖွယ်စသော အာရုံကိုတွေ့၍ ဤဟသိတုပ္ပါဒ်စိတ်ဖြင့် ဝမ်းမြောက်ရုံမျှသာဖြစ်ပြီး မပြုံးနိုင်သေး၊ ပြုံးခြင်းဝိညတ်ရုပ်ကို ပဉ္စဒွါရိကစိတ်တို့က မဖြစ်စေနိုင်။ မနောဒွါရ၌မူ ဘုရားရှင်၏ ပြုံးတော်မူခြင်းသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ အနာဂတံသဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တို့ ဖြစ်ပြီးနောက်မှ အစဉ်လိုက်၍ ဖြစ်သောကြောင့် ဤဟသိတုပ္ပါဒ်စိတ်သည် ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သောတရား (ဉာဏာနုပရိဝတ္တိ) ဖြစ်၏။ ထို့ကြောင့် (ဉာဏ်နှင့်တိုက်ရိုက်မယှဉ်သော်လည်း) ဉာဏ်တော်၏ အစဉ်နောက်လိုက်ဖြစ်မှုကြောင့် ပါဠိတော်၊ အဋ္ဌကထာတို့နှင့် မဆန့်ကျင်ပါ။ အကယ်၍ ဉာဏ်နှင့်မယှဉ်သောစိတ်မှန်သမျှ ဘုရားရှင်သန္တာန်၌ မဖြစ်နိုင်ဟု ယူဆပါက ဉာဏ်နှင့်မယှဉ်သော မနောဒွါရာဝဇ္ဇန်းစိတ်လည်း ဘုရားရှင်သန္တာန်၌ မဖြစ်သင့်ဟု ဖြစ်သွားမည်။ မနောဒွါရာဝဇ္ဇန်းသည် ဝိညတ်ရုပ်ကို ဖြစ်စေနိုင်စွမ်းရှိသည်ဖြစ်ရာ၊ ထိုသို့သော ဆင်ခြင်မှုသည် ဘုရားရှင်၌ ဖြစ်သင့်သည်ဟု ဆိုလိုသည်။
ပြုံးရွှင်မှုကို ဖြစ်စေတတ်သော စိတ်များ
၁။ ပုထုဇဉ်ပုဂ္ဂိုလ်များ:
- မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် (၄) မျိုး
- လောဘမူ သောမနဿသဟဂုတ်စိတ် (၄) မျိုး (စုစုပေါင်း ၈ မျိုး)
၂။ သေက္ခအရိယာပုဂ္ဂိုလ်များ (သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်):
- မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် (၄) မျိုး
- လောဘမူ သောမနဿ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၂) မျိုး (စုစုပေါင်း ၆ မျိုး)
၃။ အသေက္ခ ရဟန္တာအရှင်မြတ်များ:
- မဟာကြိယာ သောမနဿသဟဂုတ်စိတ် (၄) မျိုး
- ဟသိတုပ္ပါဒ်စိတ် (၁) မျိုး (စုစုပေါင်း ၅ မျိုး)
ဤသို့လျှင် ပြုံးရွှင်စေတတ်သောစိတ် (၁၃) မျိုး ရှိပါသည်။
နိဂုံး
ဟသိတုပ္ပါဒ်စိတ်သည် ရဟန္တာအရှင်မြတ်တို့၏ ကိလေသာကင်းစင်သော စိတ်ဓာတ်၌ သိမ်မွေ့သောအကြောင်းတို့ကြောင့် ဖြစ်ပေါ်လာတတ်သည့် သောမနဿဝေဒနာနှင့်ယှဉ်သော ပြုံးရွှင်မှုဖြစ်ကြောင်း အသိစိတ်တစ်မျိုးဖြစ်သည်။ ၎င်းသည် ဉာဏ်နှင့်တိုက်ရိုက်မယှဉ်သော်လည်း၊ ဉာဏ်စဉ်၏အဆုံး၌ ဉာဏ်၏အကျိုးဆက်အဖြစ် ဖြစ်ပေါ်နိုင်သောကြောင့် ရဟန္တာတို့၏ ပင်ကိုယ်သဘာဝနှင့် မဆန့်ကျင်ပေ။[၆]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ဟသိတုပ္ပါဒ (တိ) [ဟသိတ + ဥပ္ပါဒ။ ဟသိတံ ဥပ္ပါဒေတီတိ ဟသိတုပ္ပါဒံ။ ဝိဘာဝိနီ၊၈၆။] ဟသိတုပ္ပါဒ်စိတ် (ဘုရားရဟန္တာအားဖြင့် ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်သော အဟိတ်ကိရိယာစိတ်)။ ဟသိတုပ္ပါဒံ သန္ဓာယ “န မောဟော မောဟပတိရူပကော”တိ စ။ အဘိ၊ဋ္ဌ၊၃၊၂၈၄။ အဋ္ဌ မဟာကိရိယစိတ္တာနိ ဟသိတုပ္ပါဒေါ ဝေါဋ္ဌဗ္ဗနဉ္စာတိ ဒသ စိတ္တာနိ လဗ္ဘန္တိ။ အံ၊ဋီ၊၃၊၈၁။
- ↑ (ဝိသုဒ္ဓိ၊၂၊၈၇)
- ↑ (အဘိ၊ဋ္ဌ၊၁၊၃၃၂-၃၃၃)
- ↑ (မူလဋီ၊၁၊၁၃၇)
- ↑ (အနုဋီ၊၁၊၁၄၄)
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ - ဖားအောက်တောရဆရာတော်
ပြင်ပလင့်များ