အာသေဝနပစ္စည်း
[၁] မိမိ၏ နောက်နောက် ဖြစ်သော–မိမိနှင့် လားတူသော-ဇောတို့ကို ထပ်ကာထပ်ကာ ဖြစ်စေတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြု တတ်သောတရား၊ အာသေဝနပစ္စည်းတရား။ (ကျမ်းဂန်ကို သင်ယူရာ၌ ရှေးရှေးသင်ယူလေ့ ကျက်မှုသည် နောက်နောက်သင်ယူလေ့ကျက်မှုအား လွယ်ကူအောင် အရှိန်အဟုန်ကောင်းအောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း, နံ့သာလိမ်း ကျံရာ၌လည်း ရှေးရှေး လိမ်းကျံအပ်သော နံ့သာသည် နောက်နောက် လိမ်းကျံအပ်သော နံ့သာအား ပို၍အနံ့ထွက်အောင် ထုံမွှမ်းပေးသကဲ့သို့၎င်း ထို့အတူ မိမိနှင့် ကုသိုလ်ဇောချင်း, အကုသိုလ်ဇောချင်း, ကြိယာဇော ချင်းတူသော နောက်နောက်သော ဇာတ်တူ ဇောတို့ကို ထပ်ကာထပ်ကာ ဖြစ်စေခြင်းအားဖြင့် အရှိန်အဟုန် အင်အား ကောင်းအောင် ကျေးဇူးပြု ထုံမွှမ်းပေးတတ်သော (ဇာတ်တူ အဆုံးဇောမှ တစ်ပါးသော) ရှေးရှေးသော လောကီဇော သတ္တစတ္တာလီသတို့သည် အာသေဝန ပစ္စည်းတရားတို့ မည်၏။) [၂] [၃] အာသေဝနပစ္စည်းအာသေဝနပစ္စည်း (Āsevana Paccaya) သည် ပဋ္ဌာန်း ၂၄ ပစ္စည်းတွင် ဒွါဒသမမြောက် (၁၂ ခုမြောက်) ပစ္စည်းဖြစ်သည်။ "အာသေဝန" ဟူသည် အဖန်ဖန် မှီဝဲခြင်း၊ အထပ်ထပ် ပြုကျင့်ခြင်းဟု အဓိပ္ပာယ်ရ၍ "ပစ္စည်း" ဟူသည် ကျေးဇူးပြုတတ်သော တရားဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် အာသေဝနပစ္စည်းဟူသည် အဖန်ဖန် မှီဝဲခြင်းဖြင့် ကျေးဇူးပြုသော တရားကို ဆိုလိုသည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် ရှေးရှေးသော စိတ်အစဉ်တို့သည် နောက်နောက်သော စိတ်အစဉ်တို့အတွက် အားပေးထောက်ပံ့ခြင်း၊ လမ်းကြောင်းပြခြင်းဖြင့် ကျေးဇူးပြုခြင်းကို အာသေဝနပစ္စည်းဟု ခေါ်သည်။ ဤနေရာတွင် ရှေးစိတ်သည် နောက်စိတ်အတွက် အားပေးခြင်း၊ လေ့ကျင့်ပေးခြင်းဖြင့် ကျေးဇူးပြုသည်။ အာသေဝနပစ္စည်းသည် အကုသိုလ်စိတ်များ ဖြစ်ပွားခြင်းနှင့် ကုသိုလ်စိတ်များ တိုးပွားခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် အဖန်ဖန် ပြုကျင့်ခြင်းဖြင့် အကျင့်သည် အလေ့အထ ဖြစ်လာသကဲ့သို့ အဖန်ဖန် အာရုံပြုခြင်းဖြင့် စိတ်၏ သဘောသည် ထိုအာရုံသို့ လိုက်ပါလေ့ရှိသောကြောင့် ဖြစ်သည်။ ဥပမာများ
အာသေဝနပစ္စည်း၏ အဓိက လက္ခဏာများ
အချုပ်အားဖြင့် အာသေဝနပစ္စည်းသည် ရှေးရှေးသော စိတ်အစဉ်တို့သည် နောက်နောက်သော စိတ်အစဉ်တို့အတွက် အားပေးထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြုပုံကို ရှင်းလင်းစွာ ဖော်ပြသော အဘိဓမ္မာသဘောတရားတစ်ရပ်ဖြစ်သည်။
အာသေဝနသတ္တိတရားတမျိုးတည်းကိုပင် ထပ်၍ထပ်၍ ဖြစ်စေခြင်းကို အာသေဝနဟုဆိုသည်။ ထို့ကြောင့်“စက္ခု ဝိညာဏ်ပြီး သမ္ပဋိစ္ဆိုန်း, သမ္ပဋိစ္ဆိုန်းပြီး သန္တီရဏ”စသည်ဖြင့် မတူသော တရားများ တမျိုးပြီးတမျိုး ဖြစ်စေခြင်းသည် အာသေဝနမဟုတ်, ဇောတစ်ခုဖြစ်ပြီးနောက် ထိုဇောမျိုးကိုပင် ထပ်၍ထပ်၍ ဖြစ်စေနိုင်ခြင်းကို သာလျှင် အာသေဝန ဟု ဆိုသည်။ တနည်း-မိမိနှင့်အလားတူစွာ နောက်တရားတစ်ခု ထပ်မံဖြစ်ပေါ်လာအောင် မိမိ၏သတ္တိအရှိန်ကို ပေးခဲ့ခြင်း မိမိ၏သတ္တိကို ထုံမွှမ်းထားခဲ့ခြင်းသည် အာသေဝနမည်၏။ အလားတူတရားတစ်မျိုးကို ထပ်၍ထပ်၍ ဖြစ်စေခြင်း, အလားတူဖြစ်ရစ်အောင် မိမိသတ္တိ၏ အရှိန်ကို ထုံမွှမ်းပေးခြင်းကြောင့် နောက်နောက်ဖြစ်ရသောတရားတို့ ဆိုင်ရာကိစ္စ၌ အလေ့အလာ ရသဖြင့် အားရှိခြင်း အကျိုးရှိ၏။ ဥပမာ-ကျမ်းဂန်တစ်ခုကို သင်ယူရာ၌ သင်ခါစဝယ် ခက်ခဲသော်လည်း တဖြေးဖြေး အချိန်ရသည့်အခါ လွယ်ကူလာ၏။ ထိုသို့ဖြစ်ရာ ရှေးရှေးသင်ယူမှုက နောက်နောက်သင်ယူမှုအား လွယ်ကူအောင် ကျေးဇူးပြုသကဲ့သို့တည်း။ ထို့ကြောင့် အခြားမဲ့၌ မိမိနှင့် အလားတူ တရားတစ်မျိုး အားရှိပါးရှိ ဖြစ်ရစ်အောင် ကျေးဇူးပြုနိုင်သော သတ္တိသည် အာသေဝနသတ္တိမည်၏-မှတ်။ ဇောမဟုတ်သောတရားနှင့် ဖိုလ်ဇောသည် အာသေဝနသတ္တိ မရှိဟု မှတ်ရမည်။ ဇောတို့သည် တမင်ဖြစ်အောင် ပြုအပ်သကဲ့သို့ ဝိပါက်တို့မှာ တမင်ဖြစ်အောင် မပြုအပ်ကြ၊ ကံအားလျော်စွာ ယခုဘဝ၌ အလိုလို ဖြစ်ပေါ်လာသော တရားများတည်း၊ အာဝဇ္ဇန်းများလည်း တမင်ပြုပြင်ရသော တရားများ မဟုတ်ချေ၊ ဇောတို့ကား မဖြစ်မှီ ရှေးအဘို့ကလည်း ဖြစ်စေဘို့ရန် ပယောဂစိုက်ရ၏, ဖြစ်သည့်အခါလည်း ထက်မြက်အောင် ပယောဂစိုက်၍ ရကောင်းသော တရားများဖြစ်ကြ၍ ဇောတို့သာ အာသေဝနသတ္တိရှိကြပြီး ဇောမဟုတ်သောတရားနှင့် ဖိုလ်ဇောသည်ကား အာသေဝနသတ္တိမရှိ။
အာသေဝနပစ္စည်း မတပ်သော ဇောကုသိုလ်ဇာတ်ချင်း အကုသိုလ်ဇာတ်ချင်း ကြိယာဇာတ်ချင်းတူသောဇောတို့၏ အဆုံးဇောကို“ဇာတ်တူ အဆုံးဇော” ဟု ဆိုသည်။ ၇ ကြိမ်စောရာ၌ သတ္တမဇော, ၅ ကြိမ်စောရာ၌ ပဉ္စမဇောနှင့် အဆုံးဇော ဖြစ်သော ဈာန်ဇောများတည်း။ ထိုဇောများနောင် နောက်ထပ်ဇောမရှိသောကြောင့် ထိုဇောများက အာသေဝနပစ္စည်း မတတ်ကြသဖြင့် ကြဉ်ရလေသည်။ ထင်ရှားစေအံ့-အသက်၇၀တန်း၌ လူတို့သည် ငယ်ရွယ်စဉ်ကစ၍ တဖြေးဖြေး အင်အား တိုးတက် ကြီးမားလေရာ ၄၀ အရွယ်တိုင်အောင် အစွမ်းကုန် (ကံအရှိန်ရှိသမျှ) တိုးတက်၍ ထိုမှနောက်၌ တဖြေးဖြေးဆုတ်ယုတ်ပြီးလျင် (များသောအားဖြင့်) ၇၀အရွယ်မှာ နောက်ထပ်မဆက်နိုင်တော့ဘဲ ပျက် စီးရသကဲ့သို့လည်းကောင်း သစ်ပင်များလည်း ကြီးပွားသင့်သလောက် အစွမ်းကုန် ကြီးပွားပြီးသည့်အခါ နောက်ထပ်ရေလောင်းပေးသော်လည်း တိုးတက်ခြင်းမရှိ တဖြေးဖြေး ဆုတ်ယုတ်ပျက်စီးရသကဲ့သို့လည်း ကောင်း ထို့အတူ ၇ ကြိမ်စောရာ၌ ပဌမဇော၏ အရှိန်အငွေ့ကို ဒုတိယဇောကရ, ဒုတိယဇော၏ အရှိန်အငွေ့ကို တတိယဇောကရ၍ မှန်မှန်တိုးတက်လေရာ ၄ကြိမ်တိုင်အောင် အစွမ်းကုန် တိုးတက်ပြီးနောက် စတုတ္ထဇောက ပဉ္စမဇောအား အရှိအငွေ့ ထုံမွှမ်းပေးခဲ့သော်လည်း တဖြေးဖြေး အရှိန်သတ္တိ လျော့ပါးဆုတ်ယုတ်ခဲ့ပြီ ဖြစ်၍ ၇ ကြိမ်စေ့သည့်အခါ နောက်ထပ် ဇောတစ်ခုဖြစ်စေနိုင်သော အရှိန်အငွေ့မရှိတော့သဖြင့် ဇောအစဉ်ပြတ် စဲရတော့၏။ ဤသို့ သတ္တမဇော၌ အရှိန်အငွေ့ အာသေဝနသတ္တိ ကုန်ခန်းပြီဖြစ်၍ အာသေဝနပစ္စည်း အဖြစ်မှ ကြဉ်ရလေသည်။ အခြားသော အဆုံးဇောများ၌လည်း ဤနည်းအတိုင်း အာသေဝနသတ္တိ မရှိကြောင်း သိပါလေ။ (ဤ သတ္တမဇောသည် အာသေဝနသတ္တိဖြင့် နောက်နောက်ဇောဖြစ်အောင် မတတ်နိုင်သော်လည်း တစ်စုံတစ်ခုသော ကံကိုပြုရာ၌ သတ္တမဇောကျမှ ကံအထမြောက်လေသည်။) မဂ်ဇော၌ အာသေဝန ပစ္စည်း မထိုက်ပစ္စည်းတရား၌ လောကီဇောများသာ ပါဝင်နိုင်၏။ မဂ်ဇောတို့သည် တကြိမ်တည်းဖြင့် ကိလေသာ သတ်ခြင်းကိစ္စကို ပြီးပြတ်အောင်ဆောင်ရွက်ရကား မိမိတို့နောက်၌ မဂ်တစ်ခုဖြစ်ဘို့ရာ အရှိအငွေ့ပေးဘို့ ဗျာပါရမရှိကြ။ မိမိတို့နောက်၌ဖြစ်သော ဖိုလ်ဇောအားလည်း ကုသိုလ်ဇာတ်နှင့် အဗျာကတဇာတ်ဖြစ်၍ ဇာတ်ခြင်းမတူသောကြောင့် မိမိ၏သဘောသတ္တိငွေ့ကို မထုံမွမ်းနိုင်ချေ။ ထို့ကြောင့် မဂ်ဇော၌ အာသေဝနသတ္တိ မရှိ၊ ဖိုလ်တရားတို့ကား ကံအားလျော်စွာဖြစ်သော အကျိုးတရားမျှသာဖြစ်၍ အထူးပြုပြင်တတ်သော အရှိန်အငွေ့ သတ္တိမရှိကြ၊ ထို့ကြောင့် ဖိုလ်ဇောနှင့်တကွ ဝိပါက်ဟူသမျှတို့ အာသေဝနပစ္စည်းမထိုက်ရုံသာမက, ကံပစ်ချတိုင်း ဖြစ်ရသောတရားများဖြစ်သောကြောင့် သူတပါး၏ အထုံအငွေ့ကိုလည်း မယူနိုင်ကြသဖြင့် ပစ္စယုပ္ပန်တွင်လည်း မပါဝင်နိုင်ကြချေ၊ အာဝဇ္ဇန်းဒွေးတို့လည်း ထင်လာသောအာရုံကို ဆင်ခြင်ရုံမှတပါး အထုံအငွေ့ပေးနိုင်သော သတ္တိမရှိရကား ပစ္စည်းတရားတွင်မပါဝင်နိုင်၊ မိမိရှေ့ဘဝင်က အာသေဝနသတ္တိမရှိသဖြင့် အာဝဇ္ဇန်းတို့ ပစ္စယုပ္ပန်မထိုက်ကြောင်းမှာ ပြောဘွယ်မလို။ ပစ္စယုပ္ပန်ပစ္စယုပ္ပန်၌ ပထမဇောကြဉ်ရသည်မှာလည်း မိမိတို့ရှေ့၌ အာသေဝနသတ္တိဖြင့် ကျေးဇူးပြုနိုင်သည့်တရားမရှိသောကြောင့်တည်း။ ဤပထမဇောဟူသည်မှာလည်း ကာမဇောပင်ဖြစ်၏။ ဈာန်ဇောမဂ်ဇောဟူသမျှတို့မှာ မိမိတို့ရှေ့က ဂေါတြဘု ဝေါဒါန် ကိစ္စတပ်သော ကာမဇော၏ အာသေဝနအထုံကို အမြဲရကြသည်။ထို့ကြောင့် ပစ္စနိက်၌ “ကာမဇောတစ်ခုယုတ်သုံးဆယ်၏ ပဌမဇော”ဟု ထုတ်ပြရလေသည်။ [၄][၅] ကိုးကား
|
Portal di Ensiklopedia Dunia