ဥပုသ်
ဥပုသ် ဟူသောစကားသည် ဥပေါသထ ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း။ ဥပုသ်စောင့်ခြင်း“ဥပ+ ဝသထ” ဟုပုဒ်ခွဲ၊ “ဥပ”- ကျင့်စဉ်တရားနဲ့ပြည့်စုံခြင်း၊ “ဝသထ”- ကျင့်သုံးနေထိုင်ခြင်း၊ ဥပမာ ညစာမစားခြင်း၊ သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ (ဘာဝနာ)ပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့်ခြင်း ဟုခေါ်သည်။ (ဆောင်ပုဒ်) မိမိစိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံအောင့်အည်း တဖြောင့်တည်းဖြင့်၊ စောင့်စည်းအားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်။ အခြားလူမျိုးတို့၏ ဥပုသ်နေ့ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် ယခုအခါတွင် ခုနစ်ရက်တစ်ပတ်လျှင် တစ်ရက်သက်သက်ကို နေ့အားအဖြစ် သတ်မှတ်ထားလေ့ရှိကြသည်။ ထိုသို့ထားရာတွင် အချို့လူမျိုးများအဖို့ကား ထိုနေ့သည် နေ့စဉ်အလုပ်တာဝန်များကို ရပ်ဆိုင်းထားသော အားလပ်ရက်မျှသာမဟုတ်ဘဲ ဘာသာအယူဝါဒဆိုင်ရာ လောကုတ္တရာလမ်းစဉ်ဖြစ်သော အယူဝါဒဆိုင်ရာကိစ္စများကို ဆောင်ရွက်ရသော နေ့ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ထိုကဲ့သို့သောနေ့မျိုးကို သီတင်းနေ့၊ သို့မဟုတ် ဥပုသ်နေ့ဟု ခေါ်လေသည်။ ရှေးနှစ်ပေါင်း များစွာကပင် အီဂျစ်လူမျိုး၊ ဘေဘီလုံလူမျိုး၊ ဟိန္ဒူလူမျိုး၊ ပါးရှန်းလူမျိုး၊ ဂရိလူမျိုးနှင့်ရောမလူမျိုးများသည် ခုနစ်ရက် ရက်သတ္တပတ်တွင် တစ်ရက်ကို အားလပ်ရက်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ နောက်ခေတ်တွင် ဟီဗြူးလူမျိုးများသည် ဘေဘီလုံလူမျိုးများမှတစ်ဆင့် ခုနစ်ရက် တစ်ပတ်တွင် တစ်ရက်ကို အားလပ်ရက်အဖြစ်ထားသော ဓလေ့ကို ဆက်ခံရရှိဟန်တူလေသည်။ သို့ရာတွင် ဟီဗြူးလူမျိုးတို့၏အားလပ်ရက်မှာ သူတို့၏ အယူဝါဒဆိုင်ရာ နေ့ထူးနေ့မြတ်လည်းဖြစ်ပေသည်။ ထိုနေ့မှာ အီဂျစ်လူမျိုးများ၏ အညှဉ်းဆဲခံ၊ လက်အောက်ခံ ဘဝမှ ဟီဗြူးလူမျိုးများ လွတ်မြောက်သောနေ့ဖြစ်၍ ရက်သတ္တပတ်တွင် ခုနစ်ရက်မြောက်နေ့ဖြစ်သော စနေနေ့ ဖြစ်လေသည်။ အင်္ဂလိပ်၊ အမေရိကန် စသော ခရစ်ယာန်ယုံကြည်သူများ၏ ဥပုသ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်၏။ ခရစ်ယာန်များသည် တနင်္ဂနွေကို ဥပုသ်နေ့အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့တွင် ခရစ်တော် ရှင်ပြန်ထမြောက်လာသောကြောင့်ဖြစ်သည်။ ရက်သတ္တပတ်၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့တိုင်းတွင် ခရစ်ယာန်များသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍ ဝတ်တတ်လေ့ရှိကြသည်။ ဥပေါသထမှ ဥပုသ်ဗုဒ္ဓဝါဒီ မြန်မာလူမျိုးများတွင် ဥပုသ်နေ့ဟူ၍ သတ်မှတ်ထားခြင်းရှိလေသည်။ ဥပုသ်ဆိုသော စကားသည် "ဥပေါသထ" ဟူသော ပါဠိဘာသာစကားမှ ဖြစ်ပေါ်လာ၍ အဓိပ္ပာယ်မှာ ရတနာသုံးပါးကိုဆည်းကပ်၍ သီတင်းသုံးခြင်း၊ ရှစ်ပါးသီလကိုထိန်းခြင်း၊ သို့မဟုတ် ပါတိမောက်ကိုပြခြင်းဖြစ်သည်။ တစ်ဖန် ဥပုသ်သုံးမျိုး ရှိပြန်ရာ - (၁) ဂေါပါလဥပုသ် (၂) နိဂဏ္ဌဥပုသ် နှင့် (၃) အရိယာဥပုသ် ဟူ၍ ဖြစ်သည်။ ဥပုသ်သုံးမျိုး(၁) ဂေါပါလဥပုသ်ဆိုသည်မှာ ဥပုသ်သီလကို ဆောက်တည်ပြီးနောက် ရတနာသုံးပါး၏ ဂုဏ်တော်၊ ကျေးဇူးတော်ကို မအောက်မေ့၊ မပွားများဘဲ ဝတ်ရေးစားမှု အစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုး ဖြစ်သဖြင့် အကျိုးပေးနည်းသည်။ (၂) နိဂဏ္ဌဥပုသ်ဆိုသည်မှာ တိတ္ထိတို့ဆောင်သော ဥပုသ်မျိုးဖြစ်သည်။ ဥပမာအားဖြင့် မိုင်တစ်ရာအတွင်းရှိသော သတ္တဝါကိုသာ သတ်ပါမည်၊ မိုင်တစ်ရာအပတွင်ရှိသော သတ္တဝါအပေါင်းကို သတ်ခြင်းမှရှောင်ကြဉ်ပါမည်၊ စသည့် သိက္ခာပုဒ်မျိုးကို ဆောက် တည်ခြင်းဖြစ်၍ အပြစ်ရှိသည်။ (၃) အရိယာဥပုသ်ဆိုသည်မှာ ဥပုသ်ဆောက်တည်ပြီးလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော အသုဘတရားတို့ကို ဆင်ခြင်စဉ်းစားပြီး၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အောက်မေ့ပွားများခြင်းများ ပြုလုပ်သဖြင့် များမြတ်သောအကျိုးရှိ၏။ ဥပုသ်စောင့်သည့်နေ့ဥပုသ်ဆောက်တည်ရသောနေ့ကား ပကတိဥပုသ်နေ့၊ ပဋိဇာဂရ ဥပုသ်နေ့၊ ပါဋိဟာရိယပက္ခဥပုသ်နေ့ အားဖြင့် သုံးပါးအပြား ရှိ၏။ ထိုသုံးပါးတွင် ပဉ္စမီ-ငါးရက်နေ့၊ အဋ္ဌမီ-ရှစ်ရက်နေ့၊ စတုဒ္ဒသီ-တဆဲ့ လေးရက်နေ့၊ ပန္နရသီ -တစ်ဆဲ့ငါးရက်နေ့ဟူ၍ လဆန်းလဆုတ် လေးရက်စီ အားဖြင့် တစ်လရှစ်ရက်သည် ပကတိ ဥပုသ်မည်၏။ ထိုပကတိဥပုသ်နေ့ကို အကြိုအပိုပြု၍ ဆောက်တည်သော နေ့သည် ပဋိဇာဂရဥပုသ်နေ့မည်၏။ အကြို အပို ပြုဟန်ကား ငါးရက်နေ့ဥပုသ်ကို ကြိုသော် လေးရက်နေ့၊ ပိုသော် ခြောက် ရက်နေ့၊ ရှစ်ရက်နေ့ ဥပုသ်ကို ကြိုသော် ခုနစ်ရက်နေ့၊ ပိုသော် ကိုးရက်နေ့။ တစ်ဆဲ့လေးရက်နေ့ ဥပုသ်ကို ကြိုသော် တစ်ဆဲ့ သုံးရက်နေ့၊ အပိုမရှိ။ တစ်ဆဲ့ငါးရက်နေ့ ဥပုသ်ကို ပိုသော် တစ်ရက်နေ့ အကြိုမရှိ။ ဤသို့ အကြိုအပိုပြု၍ လဆန်း လဆုတ် ခြောက်ရက်စီအားဖြင့် တစ်လလျှင် တစ်ဆဲ့နှစ်ရက် သည် ပဋိဇာဂရဥပုသ်နေ့ မည်၏။ ဝါတွင်းသုံးလသည်လည်းကောင်း၊ သီတင်းကျွတ်လပြည့်နှင့် တန်ဆောင်မုန်းလပြည့်အကြား တစ်လသည် လည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော် အထွတ်တစ်ရက်နေ့မှ လကွယ် နေ့တိုင် တစပက္ခသည် လည်းကောင်း ပါဋိဟာရိယပက္ခဥပုသ်နေ့ မည်၏။ ဥပုသ်နေ့ လုပ်ငန်းများဥပုသ်နေ့များတွင် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသော ဗုဒ္ဓဝါဒီများသည် ဥပုသ်သီလဆောက်တည်ကြသည်။ ထိုနေ့မျိုး တွင် ပစ္စည်းဥစ္စာ ကုံလုံပြည့်စုံသူများက ရဟန်းသံဃာတော် များအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ အချို့သောသူများကမူ ဘုရားတန်ဆောင်းများနှင့် ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှုပြုလုပ် ကြသည်။ ဗုဒ္ဓဝါဒီများသည် ဥပုသ်ဆောက်တည်ရာ၌ မြတ်စွာ ဘုရား ထံတွင် အာရုံပြု၍ဖြစ်စေ၊ သံဃာတော်များထံမှဖြစ်စေ သီလကို ခံယူဆောက်တည်ကြလေသည်။ ဗုဒ္ဓတရားတော်အရ ဥပုသ်စောင့်သုံးသူတစ်ယောက်သည် ဥပုသ်ဆောက်တည် သည့်နေ့တွင် မွန်းလွဲသည့်အချိန်မှစ၍ နက်ဖြန်မိုးသောက်အထိ ဝိကာလဘောဇနာဟူသောသိက္ခာပုဒ်အရ မည်သည့်အစာ အာဟာရကိုမျှ မှီဝဲခြင်း မပြုနိုင်တော့ပေ။ ထို့အပြင် နေ့စဉ် ပြုလုပ်နေကျဖြစ်သော အိမ်မှုကိစ္စအလုပ်တာဝန်များနှင့် အခြား လောကီရေးရာ လုပ်ငန်းဆောင်တာများကို မပြုလုပ်ကြပဲ ပုတီးစိပ်ခြင်း၊ ဘုရားတရားတော်များကို ဖတ်ကြားနာခံခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်း အစရှိသော လောကုတ္တရာ ကျင့်စဉ်များကို အားထုတ်ကြလေသည်။[၁] ဥပုသ်စောင့်ပုံ အစီအစဉ်
(၁) ဥပုသ် (၃) မျိုးနဲ့ အကျိုးကျေးဇူး။ဥပုသ် ဆိုတာ ပါဠိလို ဥပေါသထ ၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်း ဖြစ်ပါတယ်။ ဥပုသ်ဆိုတာ တိကနိပါတ် အင်္ဂုတ္တရ အလို (၃) မျိုးရှိပါတယ်။ (၁) နိဂဏ္ဌဥပုသ် (၂) ဂေါပါလဥပုသ် (၃) အရိယာဥပုသ် တို့ဖြစ်ပါတယ်။ (၁) နိဂဏ္ဌဥပုသ် ဆိုတာ …ငါသည် ကနေ့ယူဇနာ ၁၀ဝ အတွင်းရှိသော သတ္တဝါတို့ကိုသာရှောင်မည်။၎င်းမှအပ ငါမရှောင်ဘူး လို့ ဆောက်တည်တဲ့ တိတ္ထိဥပုသ် မျိုးဖြစ်ပါတယ်။ အကျိုးမရှိဘူးဆိုပါတယ်။ (၂) ဂေါပါလဥပုသ် ဆိုတာကတော့ နွားကျောင်းသားဟာ သူ့နွားတို့ကို စားကျက်အတွင်းမှ မထွက်ရအောင် စောင့်ရှောက်ရုံသာ စောင့်ရှောက်နေဘိသကဲ့သို့ သီလခံယူပြီး စားရန်၊သောက်ရန်၊စကားပြောရန်သာ ကြံစည်တယ်။ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အာရုံမပြု၊အချိန်ကုန်အိမ်ပြန်ရန်မျှသာ ဖြစ်သဖြင့် အကျိုးမများလှ။ (၃) အရိယာဥပုသ် ဟူသည်မှာ ဥပုသ်သီလဆောက်တည်ပြီး တရားနာခြင်း ၊ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အောက်မေ့စီးဖြန်းခြင်း ၊ မေတ္တာပွားခြင်း ၊ လှူဒါန်းခြင်း ၊ သမထ ထူထောင်ခြင်း ၊ ဘာဝနာပွားခြင်း ၊ တရားစကားကို ဆွေးနွေးဟောပြောခြင်း စသည်ဖြင့် ကုသိုလ်အာရုံစိတ်နဲ့ သာနေခြင်း မျိုးဖြစ်ပါတယ်။ အကျိုးကျေးဇူးအများဆုံးဖြစ်ပါတယ်။ ဒါ တိကနိပါတ် အင်္ဂုတ္တရ အလိုအရ အကျိုးကျေးဇူးကွာတယ်လို့ ဖြေရပါမယ်။ [၃] (၂) ဥပုသ်နဲ့ အရုဏ်တက်ချိန် ။ကျွန်တော့်ကို ရုရှား၊ အမေရိက ၊အင်္ဂလန်က သူငယ်ချင်းတွေ၊ ညီလေး၊ ညီမလေးတွေ အင်တာနက်ကနေ မေးကြတယ်။ ဒီရက်ပိုင်း အရုဏ်တက်ချိန်ကို အတိအကျမသိတော့ ဥပုသ်သည်တွေ ဘယ်အချိန်ထိ စောင့်ရမှန်းမသိဖြစ်နေကြတယ်။ အာရုံတက်တာ တစ်လနဲ့ တစ်လ မတူပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကမာရွတ်ရွာမဆရာတော်ဘုရားက အရုဏ်တက်ပုံနဲ့ နေဝင်ပုံကို ဇယားဆွဲပေးထားပါတယ်။
(၃) ဥပုသ်နဲ့ သီလယူပုံ (၂) မျိုးဥပုသ်မှာ သီလတစ်ပါးကျိုးတာနဲ့ ကျန်တာအားလုံး ကျိုး ၊ မကျိုးကတော့ အစသီလယူပုံ ၊ သီလပေးပုံပေါ်မှာ မူတည်ပါတယ် ။ သီလမှာ တစ်ပေါင်းတည်းယူနည်း ၊ တစ်ပါးချင်းယူနည်း ဆိုပြီး (၂) မျိုးရှိတယ်။ တစ်ပေါင်းတည်း ယူရင် တစ်ပါးကျိုးတာနဲ့ အားလုံးပျက်ကျိုးပါတယ်။ တစ်ပါးချင်း ယူခဲ့ရင်တော့ တစ်ပါးကျိုးတာနဲ့ အားလုံးမပျက်ကျိုးပါဘူး။ တစ်ပေါင်းတည်း ယူပုံက - အဟံ ဘန္တေ တိသရဏေနသဟ ပဉ္စသီလံ သမာဓိယာမိ အဋ္ဌ ဥပေါသထင်္ဂါနိ သမာဓိယာမိ (လယ်တီ ) ပဉ္စင်္ဂ သမန္နာဂတံ သီလံ သမာဓိယာမိ ( ဦးဗုဓ်) ဒီပုံစံကို ဒီခေတ်မှာ ယူတာနည်းပါတယ်။ တရားပွဲကအချိန်သိပ်နည်းနေတာမျိုးမှာတော့ တရားဟောဆရာတော်က ဒါမျိုး တစ်ပေါင်းတည်းယူနည်းနဲ့ သီလပေးတတ်ပါတယ်။ တစ်ပါးစီယူတာကတော့ - ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ …စသည် ကျွန်တော်တို့ ယူနေကြတဲ့ ပုံစံမျိုးပေါ့ . ဒါက တစ်ပါးကျိုးရင် ကျန်တာ မကျိုးပါဘူး။ [၅] (၄) မှန်ကန်စွာ ခြိုးခြံကျင့်ကြံခြင်း ဟာ သူတော်ကောင်းတွေရဲ့ အကျင့်ဖြစ်ပါတယ်။ ဘာကို ခြိုးခြံကျင့်ကြံမလဲဆိုတော့ အာရုံ (၅) ပါး (တစ်နည်း) အာရုံ (၆) ပါး နဲ့ ကာမဂုဏ်ခံစားမှုကို ခြိုးခြံကျင့်ကြံရမှာ ဖြစ်ပါတယ်။ နှိပ်စက်တဲ့ အထိဖြစ်သွားရင် တပ ခေါ် အစွန်းရောက်ကျင့်စဉ် ဖြစ်သွားပြန်တယ်။ ဒါကိုလည်း မြတ်စွာဘုရားက ဓမ္မစကြာတရားတော်မှာကို အစွန်း(၂)ပါးရှောင်ဖို့ ဟောထားတာ သတိထားမိမှာပါ။ ဥပုသ် (၈) ပါးသီလကို ပြန်ဆန်းစစ်ရင် ကာမေသုက ခွဲထွက်လာတာကို တွေ့ရလိမ့်မယ်။ ကာမေသုမိစ္ဆာစာရကံဟာ လောကပါလ တရားကို ဖျက်ဆီးတဲ့ တရားအပေါင်းမှာ အပြစ်အကြီးဆုံးတရားဖြစ်ပါတယ်။ ဒီကံ ချိုးဖောက်ထားသူအတွက် ဘယ်လောက်ပဲ ဘုန်းမီးနေလ တောက်ပနေစေကာမူ တစ်ခုသော အခါမှာ ဒီအကုသိုလ် အကျိုးကို ပြန်ခံရမယ် လို့ ဆိုတယ်။ သူများသားမယား ပြစ်မှားမှုလို့ သမုတိနယ်မှာ ကာမေသုမိစ္ဆာစာရ ကို ယူပေမယ့် ၊ ပရမတ္ထနယ်မှာတော့ ကာမေသုကို ကာမဂုဏ်တရား (၅)ပါး အဖြစ်ယူတယ်။ ရူပါရုံ ၊ သဒ္ဒါရုံ ၊ဂန္ဓာရုံ ၊ ရသာရုံ ၊ ဖောဋ္ဌဗ္ဗာရုံ တွေ ပါလာတယ်။ ပြင်ပ ဒီအာရုံတွေက ဆွဲဆောင်တာကို ကိုယ့်မှာရှိတဲ့ ကိလေသာက လက်ခံတယ်။ ခံစားတယ်ဆိုရင် ကာမေသုပဲ။ ဆွဲဆောင်နေဆဲမှာ ရပ်နေရင် ကာမေသုမဖြစ်သေးဘူး။ ပါသွားရင်သာ ကံမြောက်တယ်။ ဒါပေမယ့် ရှေးဆရာတွေက သားမယားစော်ကားခြင်းကိုပဲ လူတွေ စောင့်ဖို့ သတ်မှတ်ပေးလိုက်ပြီးတော့ ကျန်တာတွေကို သီလခွဲထုတ်လိုက်တယ်။ ဒါကြောင့် တို့ပြောနေတဲ့ (၈)ပါး နဲ့ (၁၀) ပါးမှာ အဗြဟ္မစရိယာ နဲ့ မာလာဂန္ဓ …. စတဲ့ သီလတွေ ပွားလာတယ်။ ဒါတွေကို လေ့လာရင် ကာမဂုဏ်တရား(၅)ပါး ပဲ ပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ တခြားထူးဆန်းတာတွေ မဟုတ်တော့ဘူး။ ကာမေသုအောက်က ခွဲထွက်သွားတာတွေဖြစ်နေကြတယ်။ ဥစ္စာသယန၊ မဟာသယနနဲ့ ပတ်သက်ပြီး လိုရင်းအဖြေကို ပြောရရင်တော့ အထိအတွေ့သာယာမှု၊ နူးညံ့မှု၊ ကာမဂုဏ်ကိုလည်း ရှောင်မယ့်နေ့ဖြစ်တာမို့ မြင့်သောနေရာ၊ မြတ်သောနေရာကနေ ဆင်းပြီး အိပ်သင့်နေသင့်ပါတယ်။ ဥစ္စာသယန၊ မဟာသယနဆိုတာက မြင့်သောနေရာ၊ မြတ်သောနေရာမှာ လျောင်းစက်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ နည်းနည်းမှတ်မိသလောက် အကျယ်ပြောရရင်တော့ အမြင့် တစ်တောင့်ထွာထက်ပိုတဲ့ အိပ်ရာ၊ခုတင်၊ညောင်စောင်း စသည် မြင့်တဲ့ နေရာတွေမှာ နေထိုင်ခြင်း၊ အိပ်ခြင်း ( ဥစ္စာသယန) နဲ့ မြတ်သောနေရာဆိုတာကတော့ သူဋ္ဌေးကြီးတွေ စည်းစိမ်ခံတတ်တဲ့ သားမွှေးအခင်းနဲ့ ထိုင်ခုံတွေ၊ တိရစ္ဆာန်အရေတွေနဲ့ လုပ်ထားတဲ့ သားမွေး၊ သားရေတွေနဲ့ ထိုင်ခုံတွေ၊ နောက် ရွှေချည်၊ ငွေချည်၊ ပိုးထည် အကောင်းစားစသည်များနဲ့ လဲ၊ ဝါ သွပ်သွင်းပြုလုပ်ထားတဲ့ ဂွမ်းကပ်၊ မွေ့ယာ စသည် (မဟာသယန) တို့ ဖြစ်ပါတယ်။ တိုက်အပေါ်ထက်ကနေ မြင့်လို့ဆိုပြီး အောက်ထပ်၊ (ဝါ) လမ်းပေါ်ဆင်းနေဖို့ မဟုတ်ပါဘူး။ ဒီလိုသာဆို ဘုန်းကြီးတော်တော်များများ လမ်းပေါ်မှာပဲ နေရပါလိမ့်မယ်။ ရနိုင်နေတဲ့ စည်းစိမ်ချမ်းသာကိုတောင် မယူဘဲ ကိုယ့်မှာ ရှိနေတဲ့ တဏှာကိုသတ်ခြင်းဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်ခြိုးခြံမှုကို ကျင့်ကြံကြပါတယ်။ ဥစ္စာသယန၊ မဟာသယနဆိုတာကလည်း ဥပုသ် ( ဥပေါသထ )၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သောအကျင့်ဖြင့် နေထိုင်ခြင်းမှာ အကျုံးဝင်နေတာဖြစ်တဲ့အတွက် အထိအတွေ့ဖောဋ္ဌဗ္ဗာရုံကို ချိုးနှိမ်ခြင်းသာ လိုရင်းဖြစ်ပါတယ်။ ကိုးကား |
Portal di Ensiklopedia Dunia