ဧကတ္ထရဏတုဝဋ္ဋနသိက္ခာပုဒ်

အမှု—အခင်းတစ်ခု တည်းကိုပင် ၂-ယောက်အတူ ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်၊

အမှုသည်—ဘိက္ခုနီအများ[]

လူလို မအိပ်ရ

သာဝတ္ထိမြို့၌ ဘိက္ခုနိတချို့သည် (ခုတင်ပေါ်၌ အတူ မအိပ်ရဟု ပညတ်ထားသည့်အတွက် အတူမအိပ်ကြဘဲ) ကြမ်းပြင်စသည်အပေါ်၌ ခင်းလည်းခင်း ခြုံလည်းခြုံ၍ ဖြစ်နိုင်သောအဝတ်, သင်ဖြူး စသည်ကို ၂-ယောက်အတူ တစ်ဖက်အစွန်းကိုခင်း တစ်ဖက်အစွန်းကို ခြုံ၍ အိပ်ကြလေရာ ကျောင်းကြည့်လာသော လူတို့ မြင်သွားသဖြင့် “လူများလို အိပ်ကြတာပဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနိယော ဒွေ ဧကတ္ထရဏပါဝုရဏာ တုဝဋ္ဋေယျုံ၊ ပါစိတ္တိယံ။

မြန်မာပြန်

အဝတ်အထည် တစ်ခုတည်းကိုပင် ၂-ယောက် အတူ ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်ကြသော ဘိက္ခုနီတို့အား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်

ထိုကဲ့သို့ ဘိက္ခုတို့အိပ်လျှင် ဒုက္ကဋ်အာပတ်ဟု (ခုဒ္ဒကဝတ္ထု ခန္ဓက၌)ပညတ်တော်မူ၏၊ ဆက်ဦးအံ့ - သိက္ခာပုဒ်ရင်း၌ တစ်ထည်တည်းကိုပင် ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်သူအတွက် ပညတ်ထား၏၊ ခုဒ္ဒကဝတ္ထုခန္ဓက၌ကား အခင်း အခြုံ ၂-မျိုးလုံး မတူဘဲ အတူခင်း၍ ကိုယ့်ခြုံထည်နှင့်ကိုယ် အိပ်ခြင်း, ကိုယ့်အခင်းနှင့် ကိုယ် ခင်း၍ အတူခြုံအိပ်ခြင်းကိုလည်း ဘိက္ခုတို့မှာ ဒုက္ကဋ်ဟု ပညတ်တော် မူ၏၊ ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်လျှင် ဘိက္ခုနီတို့မှာ ဒုက္ကဋ်ပင် သင့်စရာ ရှိသည်၊ ဆက်ဦးအံ့၊ ဤဧကတ္ထရဏ အရာ၌ အဋ္ဌကထာဝယ် “သံဟာရိမာနံ ပါဝါရကဋ သာရကာဒီနံ = ပြောင်းရွှေ့၍ ရစကောင်းသော အဝတ် ပဝါသင်ဖြူးဖျာ စသည်တို့၏”စသည်ဖြင့် ဖွင့်သောကြောင့် ယခုအခါ ပြောင်းရွှေ့၍ ရကောင်းသော သင်ဖြူးကြီး ကော်ဇောကြီး စသည်၌ အတူမအိပ်ကောင်းဟု သတိပြုပါ၊ ထိုအပေါ်၌ အခင်းတစ်ခု ထပ်ခင်း၍ တစ်ပါးက ထိုအခင်းပေါ်မှာ အိပ်လျှင်လည်းကောင်း, အသီးအသီး အပေါ်ထပ် အခင်းရှိလျှင် လည်းကောင်း အိပ်ကောင်းပါ၏၊ ထိုသို့ အပေါ်အခင်း မထပ်နိုင်ဘဲ မလွှဲသာ၍ အိပ်ခွင့်ကြုံခဲ့သော် အလယ်ကြား၌ သင်္ကန်း, ခါးပန်းကြိုး တုတ်,တောင်ဝှေး စသည်တစ်ခုခုကို အပိုင်းအခြားထား၍ အိပ်လျှင် “အနာပတ္တိ ဝဝတ္ထာနံ ဒဿေတွာ နိပ္ပဇ္ဇန္တိ” ဟုခွင့်ပြုတော်မူသည်၊ ခုတင်တစ်ခုပေါ်၌ကား ထိုသို့ အပိုင်းအခြားထား၍ အိပ်ခွင့် ရပုံကို မပြချေ။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya