ဩဝါဒပဋိဂ္ဂဟဏရဟန်း
အဆုံးအမကိုခံယူခြင်း-ဖြင့်-ကြောင့်-ခွင့်ပြုအပ်သော ရဟန်း အဖြစ်၊ ဩဝါဒပဋိဂ္ဂဟဏရဟန်းအဖြစ်။ အရှင်မဟာကဿပ ရဟန်းပြုပုံ(မြတ်စွာဘုရားသည် ပဌမဝါ ကျွတ်ပြီးနောက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ဘုရားရှင်အား ရည်ညွှန်း၍ ရဟန်းပြုခဲ့ကြသော ပိပ္ပလိ လုလင် (အရှင်မဟာကဿပ)နှင့် ဘဒ္ဒကာပိလာနီ အမျိုးသ္မီးတို့ကို သင်္ဂြိုဟ်ချီးမြှောက်မှု ပြုရန် ကိုယ်တော်တစ်ပါးတည်းသာ သုံးဂါဝုတ်ခရီး ကြွတော်မူ၍ ရာဇဂြိုဟ်နှင့် နာဠန္ဒမြို့အကြား ဗဟုပုတ္တက ပညောင်ပင်ရင်း၌ ဘုရားရှင်တို့၏ အသရေကို ထင်စွာပြလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသည်၊ ထိုအခါ အရှင်မဟာကဿပသည် ဘုရားရှင်ကို ဖူးမြင်ရာ အရပ်မှစ၍ သုံးကြိမ်ရိုသေစွာ ရှိခိုးလျက် “မြတ်စွာဘုရား, ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားကား အကျွန်ုပ်၏ ဆရာဖြစ်ပါပေ၏၊ အကျွန်ုပ်ကား တပည့်ဖြစ်ပါ၏” ဟုသုံးကြိမ် လျှောက်ထား၍ တပည့်အဖြစ် ခံယူလေသည်၊ ဘုရားရှင်က တရားစကားဟောကြားလျက် "ချစ်သားကဿပ, ထိုင်လော့၊ သင့်အား အမွေပေးအံ့”ဟု မိန့်တော်မူပြီးလျှင်- ဩဝါဒသုံးပါး(၁) ကဿပ ထို့ကြောင့် ဤသာသနာတော်၌ သင်သည် သီတင်းကြီး သီတင်းငယ် သီတင်းလတ် ပုဂ္ဂိုလ်တို့၌ ထက်စွာသော ဟိရီ, ဩတ္တပ္ပတရားကို ရှေးရှု ထင်သည်ဖြစ်လတ္တံ့ဟု ဤသို့ကျင့်ရမည်။ (၂) ကဿပ ထို့ကြောင့် ဤသာသနာတော်၌ သင်သည် ကုသိုလ်နှင့်စပ်သော တရားအားလုံးကို နာအံ့၊ ထိုတရားအား လုံးကို အရိုအသေပြုကာ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာဆောင်၍ နားစိုက်လျက် တရားကို နာအံ့ ဟု ဤသို့ ကျင့်ရမည်။ (၃) ကဿပ ထို့ကြောင့် ဤ သာသနာတော်၌ သင်သည် သုခနှင့်တကွ ဖြစ်သော ကာယဂတာသတိသည် ငါ့အား မစွန့်လတ္တံ့ဟု ဤသို့ကျင့်ရမည်- ဟူသော အဆုံးအမ ဩဝါဒသုံးပါးကို ပေးတော်မူသည်၊ အရှင်မဟာကဿပသည်လည်း ထိုဩဝါဒသုံးပါးကို ရိုသေစွာ ခံယူလေသည်၊ ဘုရားရှင်၏အဆုံးအမကို ရိုသေစွာ ခံယူခြင်းသည်ပင်လျှင် မထေရ်၏ ရှင်အဖြစ်, ရဟန်းအဖြစ်သို့ ရောက်ခြင်း မည်၏။ ဤသို့အားဖြင့် ရဟန်းအဖြစ်သို့ ရောက်ခြင်းကို “ဩဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ” ဟု ခေါ်၍ ဤသာသနာတော်၌ အရှင်မဟာကဿပ မထေရ်တစ်ပါးသာ ဤနည်းဖြင့် ရဟန်းအဖြစ်ကို ရတော်မူသည်။ ဩဝါဒပေးရသော အကြောင်းရင်းဩဝါဒသုံးပါးတို့တွင် ပဌမဩဝါဒကို အရှင်မဟာကဿပ မထေရ်သည် ဗြာဟ္မဏ ဇာတ်ရှိသူဖြစ်သောကြောင့် ဇာတိမာန်ကို ပယ်ရန် ဟောတော်မူသည်။ ဒုတိယ ဩဝါဒကို အရှင်မဟာကဿပမထေရ်သည် အကြားအမြင်များသူဖြစ်သောကြောင့် အကြားအမြင်များမှုကို အမှီပြု၍ဖြစ်တတ်သော မာန်ကို ပယ်ရန် ဟောတော်မူသည်၊ တတိယဩဝါဒကို အရှင်မဟာကဿပ မထေရ်သည် ဥပဓိနှင့်ပြည့်စုံတင့်တယ်သူ ဖြစ်သောကြောင့် ဥပဓိကိုအမှီပြုကာ ဖြစ်ပေါ်လာမည့် တဏှာကိုပယ်ရန် ဟောတော်မူသည်။ [၁] [၂] [၃] ကိုးကား
|
Portal di Ensiklopedia Dunia