ကောင်းသောရှမာရိလူ၏ ပုံဥပမာ (အင်္ဂလိပ်: Parable of the Good Samaritan) သည် ယေရှုခရစ် ဟောပြောခဲ့သော ပုံဥပမာတစ်ခု ဖြစ်ပြီး လုကာခရစ်ဝင်ကျမ်း အခန်းကြီး ၁၀၊ အငယ် ၂၅ မှ ၃၇ တွင် မှတ်တမ်းတင်ထားသည်။ ဤပုံဥပမာကို ယေရှုက ကျမ်းတတ်တစ်ဦး၏ "အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူ (အိမ်နီးချင်း) ဖြစ်ပါသနည်း" ဟူသော မေးခွန်းကို ဖြေကြားရန်အတွက် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ပုံဥပမာ၏ အကြောင်းအရာ

ပုံဥပမာသည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ ခရီးသွားစဉ် ဓားပြတိုက်ခံရ၍ သေလုမျောပါး ဖြစ်နေသူတစ်ဦး အကြောင်းဖြင့် စတင်သည်။
- ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့၏ လျစ်လျူရှုမှု: ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ဦးသည် အမှတ်တမဲ့ ရောက်လာသောအခါ ဒဏ်ရာရနေသူကို မြင်သော်လည်း လွှဲရှောင်၍ သွားခဲ့သည်။ ထိုနည်းတူ လေဝိလူတစ်ဦး ရောက်လာသောအခါ လာရောက်ကြည့်ရှုပြီးနောက် လျစ်လျူရှု၍ ထွက်သွားခဲ့သည်။ ဓမ္မဟောင်းပညတ်အရ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့သည် အသေကောင်ကို ထိတွေ့ပါက ညစ်ညူးမည်ကို စိုးရိမ်ခြင်း သို့မဟုတ် အခြားသော ကိုယ်ကျိုးစီးပွားကြောင့် ဖြစ်နိုင်သည်။
- ရှမာရိလူ၏ ကရုဏာ: ထိုစဉ် ရှမာရိလူ တစ်ဦး ခရီးသွားရာတွင် ဒဏ်ရာရနေသူရှိရာသို့ ရောက်လာပြီး မြင်သောအခါ ကရုဏာစိတ် ပြင်းပြစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုခေတ်အခါက ဂျူးလူမျိုးများနှင့် ရှမာရိလူမျိုးများသည် အချင်းချင်း ရန်လိုကြပြီး ဆက်ဆံရေး မရှိကြပေ။ သို့သော် ဤရှမာရိလူသည် ထိုသူအား ချဉ်းကပ်၍ အနာများကို ဆီနှင့်စပျစ်ရည်ထည့်ကာ အဝတ်နှင့် စည်းပေးပြီး မိမိ၏တိရစ္ဆာန်ပေါ် တင်၍ စရပ်တစ်ခုသို့ ဆောင်သွားကာ ပြုစုစောင့်ရှောက်ခဲ့သည်။ နောက်တစ်နေ့တွင် စရပ်ရှင်အား ဒေနာရိနှစ်ပြား (နှစ်ရက်စာလုပ်အားခ) ပေးအပ်ခဲ့ပြီး နောက်ထပ် ကုန်ကျစရိတ်ရှိပါက ပြန်လာသောအခါ ဆပ်ပေးမည်ဟု ကတိပြုခဲ့သည်။
ပုံဥပမာအဆုံးတွင် ယေရှုက "ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူ ဖြစ်သနည်း" ဟု မေးခဲ့ရာ ကျမ်းတတ်က "လူနာကို သနားသောသူ" ဟု ဖြေခဲ့သည်။ ထို့နောက် ယေရှုက "သင်သည်သွား၍ ထိုနည်းတူပြုလော့" ဟု မိန့်တော်မူခဲ့သည်။
သွန်သင်ချက်
ဤပုံဥပမာသည် "အိမ်နီးချင်းကို ချစ်လော့" ဟူသော ပညတ်တော်၏ အဓိပ္ပာယ်ကို နက်ရှိုင်းစွာ ဖွင့်ဆိုထားပြီး အောက်ပါ အဓိက သွန်သင်ချက်များကို ပေးသည်-
- စစ်မှန်သော "အိမ်နီးချင်း" ၏ အဓိပ္ပာယ်: အိမ်နီးချင်းဆိုသည်မှာ မိမိနှင့် တမျိုးတဘာသာတည်းဖြစ်သူ၊ မိမိနှင့် ရင်းနှီးသူ သို့မဟုတ် မိမိချစ်မြတ်နိုးသူကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ၊ မည်သူမဆို ဒုက္ခရောက်နေသူကို ကရုဏာစိတ်ဖြင့် ကူညီပေးသောသူ ဖြစ်ကြောင်းကို ပြသသည်။
- ကရုဏာစိတ်၏ အရေးပါပုံ: တရားဓမ္မနှင့် ဘာသာရေးထုံးတမ်းစဉ်လာများကို လိုက်နာခြင်းထက် ဒုက္ခရောက်နေသူအပေါ် စိတ်ရင်းမှန်ဖြင့် ကရုဏာသက်၍ လက်တွေ့လုပ်ဆောင် ကူညီခြင်းသည် ပို၍ အရေးကြီးကြောင်းကို ပုံဥပမာက မီးမောင်းထိုးပြသည်။
- ရန်သူကိုပင် ချစ်ခြင်း: ရှမာရိလူသည် ဂျူးလူမျိုးများနှင့် ရန်သူများဖြစ်သော်လည်း လူသားချင်း ကူညီစောင့်ရှောက်ခြင်းဖြင့် ရန်သူကိုချစ်ရန်နှင့် စာနာထောက်ထားရန် ခေါ်ဆိုမှုကို ဖော်ပြသည်။
- လက်တွေ့ကျသော မေတ္တာ: မေတ္တာဆိုသည်မှာ စကားလုံးများဖြင့်သာမက၊ ဒုက္ခရောက်သူအား မိမိအချိန်၊ ငွေကြေး၊ အားထုတ်မှုများကို ပေးဆပ်ခြင်းဖြင့် လက်တွေ့ကျကျ ကူညီဖေးမခြင်း ဖြစ်ကြောင်းကို သင်ကြားပေးသည်။
ဤပုံဥပမာသည် ခရစ်ယာန်ကျင့်ဝတ်တွင် အလွန်အရေးပါပြီး၊ လူသားချင်း စာနာထောက်ထားမှုနှင့် အကူအညီလိုအပ်သူများကို မည်သည့်လူမျိုး၊ ဘာသာမခွဲခြားဘဲ ကူညီရမည်ဟူသော အယူအဆ၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။
ကျမ်းပိုဒ်
ဤကျမ်းပိုဒ်သည် လုကာခရစ်ဝင်ကျမ်း အခန်းကြီး ၁၀၊ အငယ် ၂၅ မှ ၃၇ ဖြစ်ပြီး၊ ယေရှုက "ကောင်းသောရှမာရိလူ" ၏ ပုံဥပမာကို မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
၂၅ တရံရောအခါ ကျမ်းတတ်တယောက်သည် ထ၍၊ “အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟု ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊ ၂၆ ကိုယ်တော်က၊ “ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည် အဘယ်သို့ ဘတ်သနည်း” ဟု မေးတော်မူလျှင်၊ ၂၇ ထိုသူက၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟု ပြန်လျှောက်လေ၏။ ၂၈ ကိုယ်တော်ကလည်း၊ “သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်” ဟု မိန့်တော်မူ၏။ ၂၉ ထိုသူကလည်း၊ “အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟု မိမိအပြစ်မရှိဟန်လိုသောစိတ်နှင့် ယေရှုကို လျှောက်ပြန်သော်။
၃၀ ယေရှုက၊ “လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့် တွေ့ကြုံလေ၏။ ထားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။ ၃၁ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။ ၃၂ ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ၊ လာ၍ကြည့်မြင်လျှင် လွဲရှောင်၍ သွားလေ၏။ ၃၃ ရှမာရိလူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ ရောက်၍ မြင်သောအခါ၊ ကရုဏာစိတ်ရှိသည်နှင့်၊ ၃၄ ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာ တင်၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ၏။ ၃၅ နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကို ထုတ်၍ စရပ်ရှင်အား ပေးလျက်၊ 'ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်' ဟုဆို၏။”
၃၆ “သင်သည် အဘယ်သို့ထင်သနည်း။ ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ်သနည်း” ဟု ပြန်၍မေးတော်မူလျှင်၊ ၃၇ ကျမ်းတတ်ကလည်း၊ “လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏” ဟုလျှောက်သော် ယေရှုက၊ “သင်သည်သွား၍ ထိုနည်းတူပြုလော့” ဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင်ကျမ်း ၁၀း ၂၅-၃၇, သမ္မာကျမ်းစာ
|
---|
ခရစ်ဝင်ကျမ်းမှ ပုံဥပမာများ |
- ကုန်ကျစရိတ်ကိုတွက်ချက်ခြင်း
- ကောင်းသောရှမာရိလူ
- ကောင်းသောသိုးထိန်း
- ခွင့်မလွှတ်တတ်သောကျွန်
- ကြီးစွာသောပွဲ
- ကြီးထွားလာသောမျိုးစေ့
- ကျမ်းတတ်
- ဂျုံစပါးစေ့
- ငွေအသပြာ/တလန်
- ညဉ့်အခါလာသော မိတ်ဆွေ
- တဆေး
- သားနှစ်ယောက်
- သခင်နှင့်ကျွန်
- သတို့သမီးဆယ်ယောက်
- သစ်ပင်နှင့်အသီး
- သစ္စာရှိသောကျွန်
- သူဌေးနှင့်လာဇရု
- သိုးနှင့်ဆိတ်
- စစ်မှန်သောစပျစ်နွယ်ပင်
- ဆိုးသောလယ်လုပ်သားများ
- စပျစ်ခြံ၌အလုပ်လုပ်သောသူများ
- မတရားသောတရားသူကြီး
- မတရားသောဘဏ္ဍာစိုး
- မင်္ဂလာပွဲ
- မိုက်မဲသောသူဌေး
- မုန်ညင်းစေ့
- မျက်စိထဲကအမှိုက်နှင့်သစ်လုံး
- မျိုးစေ့ကြဲသူ
- ဝှက်ထားသောဘဏ္ဍာ
- အကြွေးတင်သောသူနှစ်ယောက်
- အညွန့်ထွက်သောသင်္ဘောပင်
- အသစ်သောစပျစ်ရည်နှင့်ဟောင်းသောစပျစ်ရည်အိတ်
- အသီးမသီးသောသင်္ဘောပင်
- အားကြီးသောသူ
- အဖိုးတန်ပုလဲ
- အခွန်ခံနှင့်ဖာရိရှဲ
- ဥာဏ်ပညာရှိသောဆောက်လုပ်သူနှင့်မိုက်မဲသောဆောက်လုပ်သူ
- ပိုက်ကွန်ဆွဲခြင်း
- ပေါင်းပင်
- ပျောက်သောဒင်္ဂါး
- ပျောက်သောသား
- ပျောက်သောသိုး
- ပုံးအောက်ကမီးခွက်
|
---|