ဇေယျာသော်
ဇေယျာသော် (ဖြိုးဇေယျာသော်၊ ၂၆ မတ် ၁၉၈၁ - ၂၃ ဇူလိုင် ၂၀၂၂) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ဟစ်ဟော့အဆိုတော်ဟောင်း တစ်ဦး ဖြစ်သည်။ သူ၏ အစိုးရဆန့်ကျင်သော သီချင်းစာသားများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဇေယျာသော်အား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (prisoner of conscience ဟု ရည်ညွှန်းခဲ့သည်။[၂] ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရသည်။ [၃] ၂၀၂၁ စစ်အာဏာသိမ်းပြီး တစ်နှစ်နှင့်ငါးလကျော်အကြာ ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ရက်တွင် ၎င်းအားအကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကျူးလွန်သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အင်းစိန်ထောင် ထဲ ကွပ်မျက်ခဲ့သည်။ [၄] အမေရိကန်အခြေစိုက် Council on Foreign Relations တတ်သိပညာရှင်များအဖွဲ့က ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာပေါ်ကထင်ရှားသည့် ပုဂ္ဂိုလ်၁၀ ဦးစာရင်းထဲ ၎င်းအား သတ်မှတ်ထည့်သွင်းဖော်ပြသည်။[၅] [၆] အစောပိုင်းဘဝနှင့် ပညာရေးဇေယျာသော်ကို ၁၉၈၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး မိဘများမှာ သွားဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာမြသော်နှင့် ဒေါ်ခင်မေဝင်းတို့ ဖြစ်ကြသည်။ အ.ထ.က(၆)ဗိုလ်တထောင်မှ အထက်တန်းပြီးဆုံးခဲ့ပြီးနောက် ၁၉၉၉ ခုနှစ်တွင် ရတနာပုံတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ရတနာပုံတက္ကသိုလ် အဝေးသင်ကျောင်းသားအဖြစ် ပြောင်းလဲခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အင်္ဂလိပ်ဘာသာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဟစ်ဟော့ဂီတ လှုပ်ရှားမှု၂၀၀၀ ပြည့်နှစ်တွင် ဇေယျာသော် ပါဝင်သော ACID အဖွဲ့သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ဟော့ အယ်လ်ဘမ်ကို စတင်ဖြန့်ချိခဲ့သည်။ စတင်ခြင်း အမည်ရှိ ထိုအယ်လဘမ်သည် ကျဆုံးလိမ့်မည်ဟု မြန်မာ့ဂီတလောကတွင်းမှ ခန့်မှန်းခဲ့ကြသော်လည်း နှစ်လကျော်ကြာအထိ မြန်မာနိုင်ငံ၏ ထိပ်ဆုံးနေရာတွင် ရှိနေခဲ့သည်။[၇] သူ၏ လူမှုရေးလုပ်ဆောင်မှုများကြောင့် ဇေယျာသော်သည် လူသိများလာခဲ့သည်။ ဟသပညာရှင် ဇာဂနာတည်ထောင်သော HIV ကူးစက်ခံမိဘမဲ့ကလေးများအတွက် ရန်ပုံငွေရှာဖွေခြင်းကို ကဗျာဆရာ စောဝေနှင့် အောင်ဝေးတို့နှင့်တူ ပါဝင်လုပ်ဆောင်ခဲ့သည်။ ဇေယျာသော်၏ ဟစ်ဟော့မိတ်ဆွေများဖြစ်သော ငယ်ငယ်နှင့် အတူ ဇဂနာ၏ မိဘမဲ့ကလေးများအား အင်္ဂလိပ်စာ သင်ကြားပေးခဲ့သည်။[၇] နိုင်ငံရေးလှုပ်ရှားမှုများမျိုးဆက်သစ်လူငယ်များအစည်းအရုံး လှုပ်ရှားမှုနှင့် ဖမ်းဆီးခံရခြင်းမြန်မာစစ်အုပ်ချုပ်သူများဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကို ဆန့်ကျင်သော လူငယ်လှုပ်ရှားမှုအဖြစ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (generation wave) ကို တည်ထောင်သူလေးဦးတွင် ဇေယျာသော်သည် တစ်ဦးအပါအဝင် ဖြစ်သည်။[၇] ရွှေဝါရောင်တော်လှန်ရေးပြီးနောက် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် မျိုးဆက်သစ်လူငယ်များအစည်းအရုံးကို တည်ထောင်ခဲ့ပြီး ဒီမိုကရေစီအရေး လှုံ့ဆော်စာများကို ဂရပ်ဖီတီများ၊ လက်ကမ်းစာစောင်များဖြင့် ဖြန့်ဝေခဲ့သည်။[၇] ထိုအဖွဲ့သည် ရမ်ဘိုဇာတ်ကားအပါအဝင် အစိုးရဆန့်ကျင်ရေး ရုပ်ရှင်ဇာတ်ကားများကို ဝေငှခြင်းများ ပြုလုပ်ခဲ့သည်။[၈][၉] ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဆရာစံလမ်းမရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဇေယျာသော်နှင့် အပေါင်းပါ ၆ ဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းအပါအဝင်[၈] ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ မျိုးဆက်သစ်လူငယ်များအစည်းအရုံးဝင် သုံးဆယ်ကျော် အကျဉ်းကျခံခဲ့ရသည်။[၁၀] ဧပြီလတွင် အက်ဆစ်အဖွဲ့ဝင် ရန်ရန်ချမ်းသည်လည်း ဖမ်းဆီးခံခဲ့ရသည်။[၁၁] တရားစီရင်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခံရခြင်းစစ်ဆေးမေးမြန်းခံရစဉ်ကာလအတွင်း ဇေယျာသော်သည် ရိုက်နှက်ခြင်း ခံခဲ့ရသည်။[၁၂] ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈ အားချိုးဖောက်မှုဖြင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခံခဲ့ရသည်။ [၈][၁၃] ဖမ်းဆီးခံရစဉ်အချိန်က အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင်တန်ဖိုးရှိ ထိုင်းဘတ်ငွေ၊ စင်္ကာပူဒေါ်လာနှင့် မလေးရှားရင်းဂစ်ငွေများ ကိုင်ဆောင်သဖြင့် တရားမဝင်နိုင်ငံခြားငွေ ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ထပ်တိုးချမှတ်ခံခဲ့ရသည်။[၁၂] လွတ်မြောက်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများကော့သောင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရာမှ ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။[၈][၁၄] ၂၀၁၁ ခုနှစ် ဩဂုတ်လတွင် ဇေယျာသော်အား ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်သော ဖျော်ဖြေပွဲတွင် ပါဝင်ခွင့်အား မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက တားမြစ်ခဲ့သည်။[၁၅] ဇေယျာသော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၁၆] ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ၂၀၂၀-၂၂ ကာလများ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွင် ပါဝင်ကူညီခဲ့သော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။[၁၇] ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းလိုက်ပြီးနောက် ဇေယျာသော်သည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ ဆန္ဒပြသူများအား စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်လာခဲ့သောကြောင့် ဇေယျာသော်သည် မြေအောက်လှုပ်ရှားများအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလတွင် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပြီးနောက် ဇေယျာသော်သည် NUG ၏ ရန်ကုန်ကိုယ်စားလှယ်နှင့် စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်ရန် ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်ဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲခဲ့သည်။[၁၇][၁၈] နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာတွင် ဇေယျာသော်အား လက်နက်များနှင့် အတူ စစ်ကောင်စီက ဖမ်းဆီးခဲ့ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုခဲ့သည်။[၁၈] ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဇေယျာသော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည)တို့အရ သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။[၁၉] ယင်းနောက် ၄လကျော်အကြာတွင် ၎င်းအပေါ် ချမှတ်ထားသည့် သေဒဏ်ကို အတည်ပြုကြောင်း စစ်ကောင်စီဘက်က ကြေညာသည်။[၂၀] [၂၁] [၂၂] [၂၃] ယင်းနောက် ထောင်အာဏာပိုင်များက ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၂ရက် ညနေ၆နာရီတွင် ဖြိုးဇေယျာသော်အား မိသားစုဝင်အချို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံခွင့်ပေးခဲ့သည်။[၂၄] ၂၀၂၂နှစ် ဇူလိုင်လ ၂၅ရက်အရောက်တွင် ဖြိုးဇေယျာသော်(ခ) မောင်ကျော်၊ ကျော်မင်းယု (ခ)ဂျင်မီ ၊လှမျိုးအောင် (ခ) ကိုမျိုး နှင့် အောင်သူရဇော် (ခ) ကိုကတုံး တို့ လေးဦးအား အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများနှင့် အညီ သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ [၂၅] [၂၆] မိသားစုဝင်များက အကျဉ်းထောင်အာဏာပိုင်တို့ထံ သွားရောက်မေးမြန်းခဲ့ရာတွင်လည်း ပြစ်ဒဏ်စီရင်ပြီးတာ အတည်ဖြစ်ကြောင်း တုံ့ပြန်စကားရရှိခဲ့ကာ စီရင်ခဲ့သည့် ရက်အတိအကျအား မပြောကြားခဲ့သည့်သဖြင့် ရုပ်အလောင်း၊အရိုးပြာ ရယူလိုမှုကို လက်မခံပယ်ချခဲ့သည်။[၂၇] ကိုးကား
|
Portal di Ensiklopedia Dunia