မဟာဗောဓိစေတီ
မဟာဗောဓိစေတီ (Mahabodhi Temple; महाबोधि मंदिर; တစ်နည်းအားဖြင့် "Great Awakening Temple")သည် ဗုဒ္ဓဂါယာအတွင်း တည်ရှိပြီး သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာ အရပ်ကို အထိမ်းအမှတ်ပြု တည်ထားကိုးကွယ်သည့် စေတီတစ်ဆူဖြစ်သည်။ ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိသည်။ အရင်းကားပြီးလျှင် အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာ ထူးခြားကောင်းမွန်လှသည်။ စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။ အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။ မဟာဗာဓိစေတီ၏ အမိုးခုံးကို ထိုင်းနိုင်ငံ အစိုးရမှ ၂၉၀ ကီလိုဂရမ်ရှိ ရွှေပြားများ ကပ်လှူထားသည်။[၁] မဟာဗောဓိစေတီ၏ အနောက်ဘက်ခြမ်းတွင် မဟာဗောဓိပင် တည်ရှိသည်။ ၂၀၀၂ ခုနှစ် ဇွန်လတွင် မဟာဗောဓိစေတီကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။[၂] ၂၀၁၃ တိုက်ခိုက်မှု၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် မဟာဗောဓိစေတီ အနီးတဝိုက်တွင် ဗုံး ၁၀ လုံးခန့် ဆက်တိုက်ကွဲခဲ့ကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ဗုံးတစ်လုံးမှာ ဗုဒ္ဓရုပ်ပွားတော် အနီးတွင် ဖြစ်ပြီး အခြားတစ်လုံးမှာ မဟာဗောဓိပင်အနီးတွင် ပေါက်ကွဲခဲ့သည်။ မပေါက်ကွဲသေးသော ဗုံး ၃ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး မပေါက်ကွဲအောင် ပြုလုပ်နိုင်ခဲ့သည်။ ပေါက်ကွဲမှုများမှာ မနက် ၅ နာရီခွဲမှ မနက် ၆ နာရီအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[၃][၄] မဟာဗောဓိစေတီမှာ ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။[၃] ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ ဗုံးပေါက်ကွဲမှုများအတွက် အိန္ဒိယမူဂျာဟစ်အဖွဲ့တွင် တာဝန်ရှိသည်ဟု ကြေညာခဲ့သည်။[၅][၆]
ဓာတ်ပုံများ
ဆက်စပ်ဖတ်ရှုရန်ကိုးကား
ပြင်ပလင့်ခ်များဝီကီမီဒီယာ ကွန်မွန်းစ်တွင် Mahabodhi Temple
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
|
Portal di Ensiklopedia Dunia