မောင်တောမြို့နယ်
မောင်တောမြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မောင်တောမြို့နယ်တွင် မောင်တောမြို့၊ တောင်ပြိုလက်ဝဲမြို့၊ ခမောင်းဆိပ်မြို့နှင့် မြင်းလွှတ်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ မောင်တောမြို့ ဖြစ်သည်။ နယ်နမိတ်မောင်တောမြို့နယ်၏ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နတ်မြစ်၊ တောင်ဘက်တွင် ရသေ့တောင်မြို့နယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်နေသည်။ မောင်တောမြို့နယ်၏ အနောက်ဘက်နှင့် မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နတ်မြစ်ရေမိုင် ၄၁ မိုင်၊ ကုန်းမိုင် ၄၂ မိုင် ဖြင့် နယ်စပ်ထိစပ်လျက်ရှိသည်။ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကမ်းရိုးတမ်း ၂၅ မိုင် အရှည်တည်ရှိပြီး ရသေ့တောင်မြို့နယ်နှင့် ကုန်းမိုင် ၁၂ မိုင်ခန့်၊ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့နယ်နှင့် ၆၃ မိုင်ခန့် ထိစပ်လျက်ရှိသည်။[၃] ပထဝီဝင်မောင်တောမြို့နယ်၏ ဧရိယာ အကျယ်အဝန်းမှာ ၅၈၅.၉၂ စတုရန်းမိုင် (၁,၅၁၇.၅ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၃] မောင်တောမြို့နယ်၏ အရှေ့ဘက်တွင် မေယုတောင်တန်း တည်ရှိပြီး နတ်မြစ်၏ ချောင်းလက်တက်များသည် ယင်းမှ မြစ်ဖျားခံကာ အနောက်ဘက်သို့ စီးဆင်းသည်။ မောင်တောမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပျမ်းမျှ ၁၀ ပေတွင် ရှိသည်။ အရှေ့ဘက်ရှိ မေယုတောင်တန်းရှိ အမြင့်ဆုံးတောင်ဖြစ်သော မင်္ဂလာကြီးတောင်မှာ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၀၀၀ ခန့်မြင့်သည်။ ရာသီဥတုမောင်တောမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၉ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။[၃] စီးပွားရေးမောင်တောမြို့နယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ ပုဇွန်မွေးမြူရေးလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြသည်။ ပညာရေးမောင်တောမြို့နယ်အတွင်းတွင် တက္ကသိုလ်၊ ကောလိပ် စသော အဆင့်မြင့် ပညာရေးကျောင်းများ မရှိပေ။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ စာရင်းများအရ မောင်တောမြို့နယ်တွင် အထက်တန်းကျောင်း ၈ ခု၊ အထက်တန်းကျောင်းခွဲ ၈ ခု၊ အလယ်တန်းကျောင်း ၃ ခု၊ အလယ်တန်းကျောင်းခွဲ ၁၄ ခု၊ မူလတန်းလွန်ကျောင်း ၉၅ ခု၊ မူလတန်းကျောင်း ၅၇ ခုနှင့် မူလတန်းကြိုကျောင်း ၁ ခု တည်ရှိသည်။ ကျန်းမာရေးမောင်တောမြို့နယ်တွင် ကုတင် ၅၀ ဆံ့ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ၊ ၁၆ ကုတင်ဆံ့ တောင်ပြိုလက်ဝဲမြို့ဆေးရုံ နှင့် ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၃ ရုံ ရှိသည်။ မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာန ၉ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၄ ခု တည်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia