မြန်မာနိုင်ငံ ကျေးငှက်များ

ဒေါင်းမင်းသည် မြန်မာနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်ပြုငှက်ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း၌ တွေ့ရသော ကျေးငှက်များတွင် မျိုးတူမျိုးကွဲအားဖြင့် မှတ်တမ်းတင်ထားသော ငှက်မျိုးမှာ ၁,၂၄ဝ ခန့်ရှိသည်။ ယင်းတို့အနက် ငှက်မျိုး ၂ဝဝ ခန့်သည် ဆောင်းရာသီတွင်မှ ရောက်လာတတ်သည့် ဧည့်သည်ငှက်မျိုးဖြစ်၍၊ ကျန်ငှက်များကား မြန်မာနိုင်ငံတွင် အမြဲတမ်း နေသော ငှက်များဖြစ်၏။ သို့သော်လည်း ထိုသို့ အမြဲတမ်းနေသော ငှက်များထဲတွင် နိုင်ငံတွင်း၌ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေထိုင်တတ်သည့် ငှက်မျိုးအတော်များများလည်း ပါဝင်ပေသေးသည်။

မြန်မာနိုင်ငံ၏ တည်နေရာသည် တိုတောင်းသည့် နွေရာသီအတွင်း အစာရေစာမရှားပါးလှသော်လည်း ဆောင်းရာသီအတွင်း အခြေအနေများလွန်ကဲပြင်းထန်လှသည့် အာရှတိုက် မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ကုန်းမြေထုကြီး၏ တောင်ဘက်တွင် ရှိနေသည်။ ထို့ကြောင့် ပိုးမွှားနှင့် ဟင်းသီးဟင်းရွက် အစားအစာပေါများရာ မြန်မာနိုင်ငံတွင်းသို့ဆောင်းခိုရန် ငှက်များအုပ်နှင့်ချီ၍ ရောက်လာတတ်သည်မှာ မဆန်းတော့ပေ။ ထိုသို့လာရောက်ရာတွင် ဇူလိုင်လလောက်မှစတင်ကာ တဖြည်းဖြည်း ရောက်လာတတ်ပြီးလျှင်၊ စက်တင်ဘာလလောက်တွင်ကား အများဆုံးဖြစ်လေသည်။ နွေကူးရာသီတွင် ဖေဖော်ဝါရီလမှ စတင်၍ပြန်သွားရာ၊ မေလအကုန်တွင် ဆောင်းရာသီတွင်း ရောက်လာတတ်သည့် ငှက်များအားလုံး မရှိသလောက်ပင်ဖြစ်လေတော့သည်။

ဝီလိုးဝါးဗလား ငှက်တစ်မျိုးသည် ယင်းတို့ပေါက်ပွားရာ ဆိုက်ဗီးရီးယားဒေသများမှ မိုင်ပေါင်း ၄,ဝဝဝ ခန့်ကွာဝေးသည့် အင်ဒိုချိုင်းနားကျွန်းဆွယ် တိုင်းပြည်များသို့ လာရောက် ဆောင်းခိုတတ်သည်မှာ ငှက်၏ သေးငယ်သော ပမာဏနှင့်စာသော် အံ့ဩဖွယ်ဖြစ်၏။ နိုင်ငံတွင်း၌လည်း ငှက်များသည် ထိုသို့ဒေသကူးပြောင်းတတ်ရာ၊ အချို့ငှက်များသည် ဆောင်းရာသီတွင် တောင်ကုန်း တောင်တန်းများမှ အနိမ့်ပိုင်းဒေသများသို့ ပြောင်းရွှေ့လာတတ်ခြင်း၏ အကြောင်းရင်းမှာ ထင်ရှားလေသည်။ သို့သော် ပြောင်းရွှေ့ရခြင်း၏အကြောင်းရင်းကို မသိရသေးသော ငှက်များလည်း ရှိ၏။

ပမာအားဖြင့် နှစ်စဉ် အောက်တိုဘာလတိုင်း စစ်တောင်းလွင်ပြင်သို့ လင်းမြီးဆွဲငှက် အမြောက်အမြားရောက်လာတတ်၍ နွေရာသီတွင် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ပြောင်းရွှေ့သွားတတ်ရာ၊ ထိုသို့ပြောင်းရွှေ့ခြင်း၏ အကြောင်းရင်းကို မသိရချေ။ မြန်မာနိုင်ငံတွင် ငှက်မျိုးပေါင်း တစ်ထောင်ကျော် ရှိသော်လည်း မြန်မာအမည်အားဖြင့် ငှက်မျိုးပေါင်း ၁၆ဝ ကျော်မျှသာရှိ၏။ ငှက်မျိုးကွဲ ရှစ်ကောင်တွေ့တိုင်း မြန်မာအမည်အားဖြင့် တစ်ကောင်ခန့်သာ ရှိနေပေသည်။ ထို့အပြင် မြန်မာစာပေ၌သာထင်ရှား၍ ယခုထက်တိုင် မည်သည့်ငှက်မျိုးဟု မပြနိုင်သော ငှက်များလည်းရှိပေသေးသည်။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya