ရာဇသင်္ကြံ (ပုဂံ)
ကဝိလက္ခဏာ သတ်ပုံကျမ်းတွင်ရာဇသင်္ကြံ၊ ပညာလျှံ၊ ပုဂံပြည်လုံးကဲ။ဟူ၍ အမတ်ကြီး ရာဇသင်္ကြံ၏ ပညာဂုဏ်ရည်ကို ထုတ်ဖော်ခြီးကျူးထားသည်။ သခင်မျက်သော် ခံ၊ သခင်ကြည်သာလျှင် အမှုထမ်းပြန်သော ကျန်စစ်သားမင်းသားကဲ့သို့ ကျေးဇူးသစ္စာ စောင့်သိသည့် နှလုံးရည်နှင့် ပြည့်စုံသော အမတ် ကြီးလည်း ဖြစ်ပေသည်။ ထိုမျှသာမကသေး၊ လက်ရုံးရည်နှင့်လည်း ပြည့်စုံသော စစ်သူကြီးအမတ်ဖြစ်၏။ ပညာရှိအမတ်ကြီး ရာဇသင်္ကြံသည် ပုဂံခေတ် ဥဇနာမင်း(မြန်မာ ၆၁၂-၆၁၇)လက်ထက်မှစ၍ နာမည် ထင်ရှားသော အမတ်ကြီး ဖြစ်သည်။ ဥဇနာမင်းလွန်သော် ရာဇသင်္ကြံအမတ်ကြီးသည် ဥဇနာမင်း၏ သားတော်အကြီး သီဟသူအား နန်းမအပ်ဘဲ၊ သားတော်အငယ် နရသီဟပတေ့ကို နန်းတင်သည်။ တစ်ခါက သားတော်ကြီးသီဟသူသည် မင်းသားဘဝ၌ ရှိစဉ် အမတ်ကြီးရာဇသင်္ကြံအား မိမိကြွလာသည်ကို မြင်လျက်နှင့် အင်္ကျီလက်ကို မသိမ်းရာသလောဟု အင်္ကျီလက်ပေါ်သို့ ကွမ်းသွေး ထွေးချခဲ့ဖူးလေသည်။ ထို့ကြောင့် ဥဇနာမင်း လွန်သော် အခြားမှူးမတ်များနှင့် တိုင်ပင်၍ သားတော်အကြီး သီဟသူ အစား သားတော်အငယ်နရသီဟပတေ့အား နန်းအပ်ခြင်း ဖြစ်သည်။
ရာဇသင်္ကြံအမတ်ကြီး ဘုရင့်အပါး၌ မရှိတော့ပြီဟု ကြားလျှင် တိုင်းရေးပြည်မှု၌ ကျွမ်းကျင်သူမရှိပြီဟု မုတ္တမစားသည်လည်းကောင်း၊ ရခိုင်ပြည်မြောက်ပိုင်း မစ္ဆဂီရိစားသည်လည်းကောင်း ခြားနားပုန်ကန်ကြလေသည်။ ထိုအခါ နရသီဟပတေ့မင်းလည်း မိဖုရားစောနှင့်တိုင်ပင်၍ မိဖုရားကြီး၏ အကြံပေးချက်အရ ရာဇသင်္ကြံကို ဒလမှ ပြန်ခေါ်၍ အဆောင်အယောင်များ ပြန်လည်အပ်နှင်းပြီးလျှင် မုတ္တမသို့ စေလွှတ်သည်။ ရာဇသင်္ကြံ၏ စွမ်းရည်ကြောင့် မုတ္တမကို အလွယ်တကူနှင့် ပြန်လည်ရရှိသည်။ သရေပစ္စပတေ့သည် အအုပ်အချုပ် အကွပ်အကဲ ညံ့ဖျင်းသဖြင့် မစ္ဆဂီရိသို့ မရောက်မီကပင် တပ်ပျက်၍ ဆုတ်ပြေးခဲ့ရသည်။ သရေပစ္စပတေ့၏ အရေး၌လည်း ရာဇသင်္ကြံ အလျှောက်ကောင်း၍ မင်းမျက်မင်းဒဏ်မှ အသက်လွတ်ခဲ့ရသည်။ ထို့နောက် မင်းကြီးသည် အမတ်ကြီးရာဇသင်္ကြံကို မစ္ဆဂီရိသို့ စေလွှတ်နှိမ်နင်းစေ၏။ ရာဇသင်္ကြံလည်း ရခိုင်ပြည်မြောက်ပိုင်းကို အောင်မြင်ပြီးနောက် မစ္ဆဂီရိစားနှင့်တကွ ခေါင်းဆောင်တို့ကို ခေါ်ဆောင်ခဲ့သည်။ သို့ရာတွင် ရခိုင်မှ အပြန်တွင် နာမကျန်းဖြစ်၍ ဒလ အရောက်၌ ကွယ်လွန်လေသည်။ ယင်းသို့အားဖြင့် နှလုံးရည်၊ လက်ရုံးရည်တို့နှင့် ပြည့်စုံသောအမတ်ကြီးရာဇသင်္ကြံသည် အသက် ၆၂ နှစ် အရွယ်တွင် အနိစ္စရောက်လေ၏။ ရာဇသင်္ကြံတွင် သားနှစ်ယောက် ကျန်ရစ်ခဲ့၏။ နရသီဟပတေ့မင်းလည်း သားအကြီးအား အနန္ဒပစ္စည်း၊ သားအငယ်ကား၊ ရန္တပစ္စည်းဟူသော ဘွဲ့များကို အပ်နှင်းချီးမြှောက်တော် မူလေသည်။[၂] ကိုးကား |
Portal di Ensiklopedia Dunia