ရှမ်းပြည်နယ်ရှိ အထူးဒေသများရှမ်းပြည်နယ်တွင် သတ်မှတ်ထားသည့် “အထူးဒေသများ” (Special Regions) သည် ၁၉၈၉ ခုနှစ်မှစ၍ မြန်မာ့တပ်မတော် (နဝတအစိုးရ) နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်လာသော လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချုပ်ဆိုမှုအပေါ် မူတည်၍ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။ ဤဒေသများတွင် တချို့အဖွဲ့အစည်းများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စနစ်များကို သီးခြားတည်ဆောက်နိုင်ခဲ့သည်။ ထိုအဖွဲ့အစည်းများသည် မြန်မာ့တပ်မတော်၏ ချမှတ်ချက်များနှင့် တခါတရံ တင်းမာမှုရှိခဲ့သော်လည်း မိမိတို့ထိန်းချုပ်နေသည့်ဒေသများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။ ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၁)အဆိုပါဒေသသည် ကိုးကန့်ဒေသတွင် တည်ရှိပြီး၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ထိန်းချုပ်သည်။ MNDAA သည် ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်တွင် ဗကပမှ ခွဲထွက်လာသော တပ်ဖွဲ့ဝင်များက ဖုန်ကြားရှင် ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ [၁] ၎င်းအဖွဲ့သည် မြန်မာ့တပ်မတော်အစိုးရနှင့် ပထမဆုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုခဲ့သည်။ ထိုသဘောတူညီချက်အရ ကိုးကန့်ဒေသကို ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၁) အဖြစ် သတ်မှတ်ခဲ့သည်။[၂] ၂၀၀၉ ခုနှစ်တွင် တပ်မတော်၏ နယ်ခြားစောင့်တပ် (BGF) စနစ်သို့ ပူးပေါင်းရန် ဖိအားပေးမှုကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး MNDAA သည် ဒေသအချို့မှ နောက်ဆုတ်ခဲ့ရသည်။ [၃] သို့သော် ၂၀၁၅ ခုနှစ်တွင် ပြန်လည်တိုက်ခိုက်မှုများဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်တွင် "၁၀၂၇ စစ်ဆင်ရေး" အတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ပံ့ပိုးမှုဖြင့် ထိန်းချုပ်မှုအများစုကို ပြန်လည်ရရှိနိုင်ခဲ့သည်။[၄] ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၂)ဤဒေသကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ထိန်းချုပ်ထားသည်။ ၎င်းအဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဗကပ၏ ဝဒေသရှိ တပ်ဖွဲ့ဝင်များက ပေါက်ယူချန်း ဦးဆောင်၍ ခွဲထွက်ဖွဲ့စည်းခဲ့သည်။ [၅] UWSA သည် မြန်မာ့တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ချုပ်ဆိုပြီးနောက် ဝဒေသကို ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၂) အဖြစ်သတ်မှတ်ခဲ့သည်။ ယနေ့တွင် UWSA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပြီး တရားရေး၊ စီးပွားရေး၊ စစ်ရေးတို့ပါဝင်သော ကိုယ်ပိုင်စနစ်တကျအုပ်ချုပ်မှုကို တည်ဆောက်ထားသည်။[၆] ၂၀၁၀ ပြည့်နှစ်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် ဖိအားပေးမှုကို ငြင်းဆိုခဲ့ပြီး မိမိတို့၏ စစ်ရေးဖွဲ့စည်းပုံအတိုင်း ဆက်လက်ရပ်တည်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၃)ဤဒေသကို ရှမ်းပြည်တိုးတက်ရေးပါတီ (Shan State Progress Party - SSPP) နှင့် ၎င်း၏ တပ်ဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (Shan State Army - North, SSA-N) မှ ထိန်းချုပ်သည်။ SSPP/SSA-N သည် ဗကပမှ တိုက်ရိုက်ခွဲထွက်ခြင်းမဟုတ်ဘဲ ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ ၎င်းတို့သည် ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် မြန်မာ့တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုခဲ့သည်။ ထိုသဘောတူညီချက်အရ မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့နယ်များပါဝင်သော ဒေသကို အထူးဒေသ (၃) အဖြစ် သတ်မှတ်ခဲ့သည်။ SSPP သည် တပ်မတော်နှင့် တခါတရံ တိုက်ပွဲဖြစ်ပွားခြင်းများရှိသော်လည်း ထိန်းချုပ်နယ်မြေများကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။[၇][၈] ၂၀၂၃ ခုနှစ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းပြီး စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)ဤဒေသမှာ မိုင်းလားဒေသတွင် တည်ရှိပြီး၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (National Democratic Alliance Army - NDAA) မှ ထိန်းချုပ်သည်။ NDAA သည် ၁၉၈၉ ခုနှစ် ဧပြီ ၁၉ ရက်တွင် ဗကပမှ ခွဲထွက်လာသော မိုင်းလားဒေသရှိ တပ်ဖွဲ့ဝင်များက လင်းမင်းရှန် ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့သည် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုပြီးနောက် မိုင်းလားဒေသကို အထူးဒေသ (၄) အဖြစ် သတ်မှတ်ခဲ့သည်။ NDAA သည် မိမိဒေသအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ အထူးဒေသ (၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့ ပါဝင်သည်။[၉] ရှမ်းပြည်တောင်ပိုင်း အထူးဒေသ (၆)ရှမ်းပြည်အထူးဒေသ (၆) သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (Pa-O National Organisation - PNO) နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားတပ်မတော် (Pa-O National Army - PNA) တို့က အုပ်ချုပ်သည့် နယ်မြေဒေသဖြစ်သည်။ ဤဒေသသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ "ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ" အဖြစ် တရားဝင် သတ်မှတ်ထားသော နယ်မြေလည်း ဖြစ်ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အဓိကအားဖြင့် ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်း မြို့နယ်များ၏ အစိတ်အပိုင်းများကို စုစည်းဖွဲ့စည်းထားသည်။ အထူးဒေသ (၆) ၏ အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုဌာနချုပ်သည် ဟိုပုံးမြို့ တွင် တည်ရှိသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သည်။ ထိုသဘောတူညီချက်အရ PNO/PNA အား ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၎င်းတို့၏ လွှမ်းမိုးရာနယ်မြေများကို အထူးဒေသ (၆) အဖြစ် သတ်မှတ်ပေးခဲ့သည်။ နောက်ပိုင်းတွင် PNA သည် အစိုးရ၏ အသွင်းပြောင်ပြည်သူ့စစ် (People's Militia Force - PMF) အဖြစ် အသွင်ပြောင်းခဲ့ပြီး တပ်မတော်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။[၁၀] ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနှင့် လက်ရှိအခြေအနေ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထူးဒေသ (၆) ၏ အခြေအနေမှာ အလွန်ရှုပ်ထွေးပြီး သိသာသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းပြီးချိန်တွင် PNO/PNA သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နှင့် မဟာမိတ်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး တပ်မတော်နှင့် ပူးပေါင်း၍ ဒေသတွင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း၊ အပစ်အခတ်ရပ်စဲရေး မယူထားသည့် အခြားပအိုဝ်းလက်နက်ကိုင်အဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (Pa-O National Liberation Army - PNLA) နှင့် တော်လှန်ရေးမဟာမိတ်တပ်များက SAC နှင့် PNA ကို စတင်တိုက်ခိုက်ခဲ့သည်။ အထူးသဖြင့် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ဆီဆိုင်မြို့ကို PNLA နှင့် မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် PNO/PNA ၏ ရပ်တည်ချက်မှာ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ တိုက်ပွဲများကြောင့် ပအိုဝ်းပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေးကို အကြောင်းပြကာ PNO/PNA သည် ကြားနေရေးဝါဒ ကို ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ နယ်မြေအတွင်း တပ်မတော်အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမျှ ဝင်ရောက်လှုပ်ရှားခွင့် မပြုတော့ကြောင်း ကြေညာခဲ့သည်။ ဤကြေညာချက်သည် PNO/PNA ၏ တပ်မတော်နှင့် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော မဟာမိတ်ဆက်ဆံရေးမှ ခွဲထွက်ပြီး၊ ဒေသတွင်း ပဋိပက္ခများတွင် တိုက်ရိုက်မပါဝင်ဘဲ မိမိဒေသနှင့် လူမျိုးကို ကာကွယ်သည့် အနေအထားသို့ ကူးပြောင်းသွားခြင်းကို ပြသနေသည်။
ကိုးကား
|
Portal di Ensiklopedia Dunia