သီတဂူဆရာတော်
သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ (အင်္ဂလိပ်: Nyanissara) သည် မြန်မာနိုင်ငံသား ရဟန်းတစ်ပါးဖြစ်၍ ဓမ္မကထိက၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံများ တည်ထောင်သူ၊ သာသနာရေးနှင့် လူမှုရေးရာ အကျိုးပြုဆောင်ရွက်သော ရဟန်းတစ်ပါး စသည်ဖြင့် လူသိများသည်။ လက်ရှိတွင် ရွှေကျင်နိကာယ၏ သောဠသမရွှေကျင်သာသနာပိုင် ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည်။ သဲကုန်းဇာတိဖြစ်သောကြောင့် သဲကုန်းဆရာတော်၊ သပိတ်အိုင်တွင် တောရဆောက်တည်သောကြောင့် သပိတ်အိုင်ဆရာတော်၊ သဒ္ဓမ္မသီတဂူချောင် (စစ်ကိုင်း) ကို တည်ထောင်သောကြောင့် သီတဂူဆရာတော်ဟူ၍ လူသိများ ထင်ရှားသည်။ ပြည်တွင်းသာမကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်ကာ တရားဟောခြင်း၊ တရားပြခြင်း၊ စာပေသင်ကြားခြင်းများနှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာအစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စား တက်ရောက်မှုများ ပြုလုပ်ခဲ့သည်။ စာအုပ်စာပေများစွာကိုလည်း ရေးသားခဲ့သည်။ ငယ်ဘဝဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပေါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ တပ်ကျေးရွာတွင် ဖွားမြင်သည်။ ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘကြီးဘုန်းတော်ကြီးထံတွင် ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။ [ကိုးကားချက်လိုသည်] ၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ သို့သော် ဘွဲ့အခမ်းအနား မကျင်းပဖြစ်တော့သောကြောင့် အောင်မြင်ခဲ့သော်လည်း ဘွဲ့မရခဲ့ပေ။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။[ကိုးကားချက်လိုသည်] တောရဆောက်တည်ခြင်းအနီးစခန်းဆရာတော်ထံတွင် ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာဖြင့် သင်ယူခဲ့ကာ ရန်ကုန်သို့ ကြွချီခဲ့သည်။ စာဝါပြီးချိန်တွင် တောရဆောက်တည်ချင်ခဲ့သည်။ မူလက ပြည်နိဗ္ဗိန္ဒတောရကို စိတ်ကူးခဲ့သော်လည်း လူသူများပြားသည့်အတွက် ရွေးချယ်ခြင်းမပြုခဲ့ပေ။ [ကိုးကားချက်လိုသည်] ဓမ္မဒူတဆရာတော်ကြီးဟု လူသိများသော အရှင်ပညာဇောတနှင့် သီတဂူဆရာတော်တို့သည် ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃတက္ကသိုလ်တွင် စာသင်ဖက်များဖြစ်ကြပြီး အရှင်ပညာဇောတသည် တောရစခန်းအချို့ကို ဝင်ရောက်၍ တရားအားထုတ်နေပြီး ကျန်းမာရေးကြောင့် ရွှေဥမင်တောရတွင် ခေတ္တနေစဉ် သီတဂူဆရာတော်နှင့် ဆုံမိကြပြီး ထိုနှစ်ပါးသည် သထုံခရိုင်ရှိ သပိတ်အိုင်သို့ ၁၉၇၁ ၌ သွားခဲ့ကြသည်။[ကိုးကားချက်လိုသည်] သပိတ်အိုင်တောရကို လေ့လာသည့်သဘောဖြင့် နှစ်ရက်တာ တောရကျောင်းကလေး၌ သီတင်းသုံးခဲ့ပြီး အရှင်ပညာဇောတနှင့်အတူ ရန်ကုန်ပြန်ကြွ၍ သီတဂူဆရာတော်က ထိုမှ စစ်ကိုင်းသို့ ပြန်လည်သွားရောက်၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို အသေးစိတ် ပြန်လှန်လေ့လာသည်။ [ကိုးကားချက်လိုသည်] တစ်နှစ်ကြာသောအခါမှ သပိတ်အိုင်သို့ ပြန်လည်သွားနိုင်ခဲ့သည်။ တောရကျောင်းသို့ရောက်သောအခါ ဖားအောက်ဆရာတော် အရှင် အာစိဏ္ဏ၊ ဓမ္မဒူတဆရာတော် အရှင်ပညာဇောတနှင့် အရှင်ကေလာသတို့ ရှိနှင့်နေပြီးဖြစ်သည်။ ထိုမှာပင် တရားအားထုတ်ခဲ့၏။ ဖားအောက်ဆရာတော်သည် ထို၌ တောရခေတ္တဆောက်တည်၍ ရေးမြို့နယ်ရှိ အစင်တောရသို့ ပြောင်းခဲ့၏။ တစ်နှစ်ခန့်အကြာ အရှင်ပညာဇောတနှင့် အရှင်ကေလာသတို့လည်း အစင်တောရသို့ ပြောင်းရွှေ့ခဲ့ကြ၍ တစ်ပါးတည်းသာ ကျန်ခဲ့သည်။ [ကိုးကားချက်လိုသည်] ထိုသို့သီတင်းသုံးတောရဆောက်တည်နေစဉ် မုဒုံဘက်က တစ်ဦးက အရှင်ဉာဏိဿရအားပင့်သောကြောင့် တရားဟောခဲ့ရသည်။ ဝါကျွတ်ချိန်များတွင် ပုံမှန်ကြွရောက်၍ မွန်ပြည်နယ်ရှိ အချို့မြို့များကို တရားဟောကြွခဲ့သည်။ ထိုမှတဆင့် သဲကုန်းဆရာတော်အပြင် သပိတ်အိုင်ဆရာတော်ဟုလည်း လူသိများလာခဲ့သည်။[ကိုးကားချက်လိုသည်](သပိတ်အိုင်ဆရာတော်ကြီးနှင့် မရောထွေးရန်) တရားဟောပြောခြင်းသပိတ်အိုင်တောရတွင် လေးနှစ်ကြာမြင့်သောအခါ အနီးစခန်းဆရာတော်ကြီး လေဖြတ်၍ စစ်ကိုင်းသို့ပြန်ကြွခဲ့သည်။ သပိတ်အိုင်သို့ ပြန်မကြွဖြစ်ပဲ ဆရာတော်ကြီးကို ပြုစု၍ ဆရာတော်ကြီးသက်သာလာသောအခါ တရားပွဲများ၌ အနီးစခန်းဆရာတော်က မိနစ်အနည်းငယ်ဟောပြီး အရှင်ဉာဏိဿရကို ဆက်လက်ဟောခိုင်းလေ့ရှိသည်။ ဤသို့ဖြင့် မန္တလေးမြို့ မလွန်ဆန်လှူအသင်းကြီး၏ ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်လာခဲ့သည်။[၃] သာသနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများ၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး ၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီး အစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။[ကိုးကားချက်လိုသည်] ၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် သီတဂူ ရေအလှူတော်စီမံကိန်းကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝ ကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။[ကိုးကားချက်လိုသည်] ၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ [ကိုးကားချက်လိုသည်] ပြည်ပမှ မျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။[ကိုးကားချက်လိုသည်] ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။[ကိုးကားချက်လိုသည်] ၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။[ကိုးကားချက်လိုသည်] ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။[ကိုးကားချက်လိုသည်] ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီ ပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။[ကိုးကားချက်လိုသည်] ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။[ကိုးကားချက်လိုသည်] မြို့နယ်/ ကျေးလက်ဆေးရုံများသို့ လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။[ကိုးကားချက်လိုသည်] ၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီး ဒေသခံများနဲ့အတူ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန် နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။[ကိုးကားချက်လိုသည်] မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။[ကိုးကားချက်လိုသည်] ပြည်ပသာသနာပြုခရီး၁၉၈၁ နှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့သည်။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ဝါကပ်ဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ဝါဆိုစဉ် တက္ကသိုလ်ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့သည်။[ကိုးကားချက်လိုသည်] ပြည်ပတွင်လည်း ဒါနပြုခဲ့သည်။ သက္ကရာဇ်-၁၃၅၄ - ဝါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ယောက်တို့ဖြင့် ထေရဝါဒဓမ္မအသင်းကို တည်ထောင်ခဲ့သည်။ [ကိုးကားချက်လိုသည်] ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့သည်။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့သည်။[ကိုးကားချက်လိုသည်] ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့သည်။[ကိုးကားချက်လိုသည်] ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ခရစ်နှစ်-၁၉၉၁ - ၎င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့သည်။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D ဘွဲ့များအပ်နှင်းနိုင်ခဲ့သည်။[ကိုးကားချက်လိုသည်] ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထောင်စု၊ အော်စတင်မြို့၌ သီတဂူ ဗုဒ္ဓဝိဟာရကျောင်းတိုက် တည်ထောင်ခဲ့သည်။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မစာစောင်များထုတ်ဝေခဲ့ပြီး ဓမ္မသင်တန်း များလည်းပို့ချခဲ့သည်။[ကိုးကားချက်လိုသည်] ၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေပို့ချခဲ့သည်။[ကိုးကားချက်လိုသည်] ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခံရသည်။[ကိုးကားချက်လိုသည်] [ကိုးကားချက်လိုသည်] ရွှေကျင်နိကာယသီတဂူဆရာတော်သည် ၂၀၁၅ ခုနှစ်တွင် ကျင်းပသော ဗုဒ္ဓသာသနာလုံးဆိုင်ရာရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်အစည်းအဝေးကြီးတွင် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ (တွဲဘက်ရွှေကျင်သာသနာပိုင်) အဖြစ်တင်မြှောက်ခြင်းခံရသည်။ ၂၀၂၂ခုနှစ်၊ မတ်လ၂၀ ရက်နေ့တွင် ပန္နရသမ ရွှေကျင်နိကာယဥက္ကဋ္ဌဓမ္မသေနာပတိ (ရွှေကျင်သာသနာပိုင်) ပဇ္ဇောတာရုံကျောင်းတိုက်ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူပြီးနောက် သောဠသမရွှေကျင်နိကာယဥက္ကဋ္ဌ ဓမ္မသေနာပတိ (ရွှေကျင်သာသနာပိုင်) အဖြစ်တင်မြှောက်ခံရသည်။ [၄] ဘွဲ့တံဆိပ်နှင့် ဂုဏ်ပြမှုများ၁၉၉၃ ခုနှစ်တွင် "မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်" ဘွဲ့ကို လည်းကောင်း ၊ ၁၉၉၅ ခုနှစ်တွင် "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်"ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် "အဂ္ဂမဟာပဏ္ဍိတဘွဲ့" ဘွဲ့ကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။ [ကိုးကားချက်လိုသည်]၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့(D.Litt) ကို လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်" ဘွဲ့ကို လည်းကောင်း ဆက်ကပ်ပူဇော်ခဲ့သည်။[ကိုးကားချက်လိုသည်] ၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သော သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး သီတဂူဆရာတော်အား သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခဲ့သည်။[၅] ၂၀၂၀ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ကို ဆက် ကပ်ခဲ့သည်။ ၂၀၂၀ခု ဒီဇင်ဘာလတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)က အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်ခြင်းခံရသည်။[၆] ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ချ်ဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့၍ ၂၀၀၈ ၌ အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ချ်ဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။[ကိုးကားချက်လိုသည်] ၂၀၀၉ တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ချ်ဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။[ကိုးကားချက်လိုသည်] ၂၀၁၉ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ Pali and Buddhist University မှ စာပေဆိုင်ရာ ဒေါက်တာဘွဲ့ဖြစ်သည့် Ph.D (D.Litt) ကို အပ်နှင်းခဲ့သည်။[ကိုးကားချက်လိုသည်] အငြင်းပွားဖွယ် ကိစ္စများနှင့် ဝေဖန်ခံရမှုများရှင်ဉာဏိဿရသည် မကြာသေးမီက နှစ်များအတွင်း၌ ဗမာမျိုးချစ်အဖွဲ့ဖြစ်သော မဘသအဖွဲ့ဖြင့် ဆက်နွယ်မှုရှိခဲ့သည်။[၇] သူသည် ရိုဟင်ဂျာမျိုးသုဉ်းသတ်ဖြတ်မှုတွင် ပါဝင်ဖွယ်ရှိသော စစ်တပ်အရာရှိများကို ၂၀၁၇ မေလအတွင်း ကရင်ပြည်နယ်မှာ တရားဟောပြောခဲ့ပါတယ်။ [၈] ၎င်း ဟောပြောမှုတွင် ရိုဟင်ဂျာလူမျိုးများအား လူသားအဆင့်ထက် နိမ့်ကျသူများအဖြစ် ရည်ညွှန်းပြောဆိုခြင်းအားဖြင့် စစ်တပ်မှာ ရိုဟင်ဂျာများအပေါ်ကျူးလွန်သော သူတပါးအသက်ကိုသတ်ဖြတ်သောအမှုသည် အပြစ်မကြီးလေးသယောင် ပြောဆိုခဲ့ပါသည်။[၉] ထိုပြင် ၎င်းတရားပွဲ၌ပင် "ဒုဌာဂါမဏိမင်းလို၊ အဇာတသတ်မင်းလို တိုင်းပြည်အတွက်သာလျှင် စစ်တိုက်တာမဟုတ်ဘူး၊ ဘုရားသာသနာအတွက် စစ်တိုက်ရတယ်၊ ဒီလိုဖြစ်ရတယ်" ဟုထည့်သွင်းပြောကြားခဲ့သည်။[၁၀] ၂၀၁၉ မေလ ၂၈ ရက်နေ့တွင်လည်း တရားပွဲတစ်ခုအပြီးတွင် "ဝီရသူဘယ်ရောက်သွားလဲ စောစောက လာတယ်ကွ၊ ငါ့ရဲဘော်(ပဲ)" ဟု ပြောဆိုခြင်းဖြင့် ဦးဝီရသူအား မြှောက်စားမှု ပြုလုပ်ခဲ့ပါသည်။[၁၁] ၂၀၁၉ ခုနှစ် ဇူလိုင်က ၂၇ ရက်နေ့ ပြင်ဦးလွင်မြို့တွင် "မြန်မာ့အမွေအနှစ်ကို မြန်မာက ထိန်းနိုင်ရင် မြန်မာက ဂုဏ်ယူဖို့ပဲ၊ မြန်မာ့အမွေအနှစ်ကို တခြားပေးပြီးတော့၊ ဟိုဘက်ကလူတွေ ထိန်းပေးတာကို ဂုဏ်ယူနေခြင်းဟာ ဘာဂုဏ်မှမရှိတဲ့ကိစ္စ" ဟု ဟောပြောခဲ့ပါသည်။ ထိုပြင် ပုဂံမြို့ဟောင်းအား ထိန်းသိမ်းစောက်ရှောက်ရန်အတွက် ယူနက်စကိုက ထောက်ပံ့ပေးသည်ကို မူစလင်နိုင်ငံတစ်ခုဖြစ်သည့် အဇာဘိုင်ဂျန်က ထောက်ပံ့ပေးသည်ဟု အချက်အလက် ပုံဖျက်ပြောဆိုခဲ့ပါသည်။ [၁၂] ရေးသားပြုစုခဲ့သည့် စာပေများ
ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း ၃ဝ ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။[ကိုးကားချက်လိုသည်]
ကိုးကား
|
Portal di Ensiklopedia Dunia