တီးတိန်မြို့
တီးတိန်မြို့ (တိမ်ညင်းမြို့။ ဒေသစကားအသံထွက်အမှန် သဲဒိမ် ဟုဖတ်ရန်၊ ရေးရန်) သည် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ တီးတိန်ခရိုင်တွင် တည်ရှိပြီး တီးတိန်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြောက်ဘက်၌ အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်နှင့် ဆက်စပ်နေ၍ တောင် ဖလမ်းမြို့နယ်နှင့် ဆက်နေ၏။ အင်္ဂလိပ်အစိုးရလက်ထက်က လက်ထောက်နယ်ခြားဝန်ထောက် အုပ်ချုပ်သော နယ်ဖြစ်သည်။ ယင်းမြို့နယ်တွင် ကုကီ သို့မဟုတ် သာဒိုး၊ ဇို(Jo)၊ ကမ်ဟောင်၊ စုတ်တေးနှင့် စိယင်ချင်းလူမျိုးများ နေထိုင်၏။ ကုကီချင်းမျိုးမှာ အာသံနယ်စပ်ဒေသတွင် အများအပြားနေထိုင်ကြလေသည်။ တီးတိန်မြို့နယ်တွင် ရွာပေါင်း ၇၅ ရွာပါဝင်သည့်အနက် စိယင်လူမျိုးတို့နေထိုင်သော ရွာ ၅ ရွာ၊ စုတ်တေးလူမျိုးတို့ နေထိုင်သောရွာ ၂၆ ရွာ၊ ကမ်ဟောင်လူမျိုးတို့နေထိုင်သော ရွာ ၃၃ ရွာ၊ သာဒိုးလူမျိုးတို့ နေထိုင်သောရွာ ၁၁ ရွာရှိလေသည်။ အကြီးဆုံးသော ရွာများမှာ တီးတိန်၊ လိုဆိုး၊ တွန်းဇံရွာ တို့ဖြစ်လေသည်။ တီးတိန်မြို့ကို တောင်ပိုင်မင်းမျိုး ဂွီးသဲမျိုးရိုးမှ ကျိမ်နွဲအိမ်တော်အဆက် ဒုတိမြောက်ဂွီးမာန်က ခရစ်နှစ် ၁၅၅၀ ခန့်တွင် မြို့တည်ခဲ့သည်။[၁] ၁၈၂၀ ဝန်းကျင်တွင် ဆုတ်တဲမျိုးဆက် ကမ်ဟောက်က ဆက်လက်ဆက်ခံခဲ့ပြီး၊ ၁၈၉၀ နောက်ပိုင်း အိင်္ဂလိပ်အစိုးရလက်ထက်တွင် လက်ထောက်နယ်ခြားဝန်ထောက်ရုံးစိုက်ရာမြို့ဖြစ်လာသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကာလနှောင်းပိုင်းတွင် တွန်းဇံမြို့နယ်နှင့် ယခင်တပ်မတော်အစိုးလက်ထက်တွင် ကျီခါးမြို့တို့ကို မြို့နယ်ခွဲပေးခဲ့သည်။ ၂၀ ရာစုအစလောက်က ဤမြို့နယ်တွင်လူဦးရေ ၁၆၄၃၅ ယောက်မျှသာရှိ၍၊ စာရေးစာဖတ်တတ်သူ ၂၄၇ ယောက်သာ ရှိခဲ့သော်လည်း၊ ၁၉၅၃ ခုနှစ်သန်ကောင်စာရင်းအရ လူဦးရေ ၅၁၁၅၂ ယောက်ရှိ၍၊ အနောက်တိုင်းခရစ်ယာန်သာသနာပြုဆရာတော်ကြီးများ၏ ကနဦးကြိုးစားအားထုတ်မှုနှင့် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှ စေလွှတ်သော လူထုပညာရေးမှူး၊ နှောင်းပိုင်းစေလွှတ်သော ဗုဒ္ဓသာသနာပြုအဖွဲ့ စသည်တို့၏ ကျေးဇူးကြောင့် ယခု အခါ စာရေးစာဖတ်တတ်သူ အတော်များလာလေပြီ ဖြစ်သည်။ တီးတိန်မြို့သည် ဖလမ်းမြို့နှင့် လမ်းပန်းအဆက် အသွယ်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia