ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ပုပ်ရဟန်းမင်းကြီး ဖရန်ချစ္စကို(လက်တင်: Franciscus PP., အီတလီ: Papa Francesco, ၁၇ ဒီဇင်ဘာ ၁၉၃၆ ~ ၂၁ ဧပြီ ၂၀၂၅) သို့မဟုတ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်(အင်္ဂလိပ်: Pope Francis)သည် ရိုမန် ကက်သလစ်အသင်းတော်၏ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီး(နန်းစံနှစ်: ၁၃ မတ် ၂၀၁၃ ~ ၂၁ ဧပြီ ၂၀၂၅) ဖြစ်သည်။ အမည်ရင်းမှာ ဟောရ်ဟဲ မာရီအို ဘဲရ်ဂေါလီအို(စပိန်: Jorge Mario Bergoglio) ဖြစ်သည်။ ဖရန်စစ်ဟူသော နန်းစံအမည်ကို ရွေးချယ်ရခြင်းမှာ ခရစ်ယာန်သူတော်စင် စိန့်ဖရန်စစ်(စ်)ကို ဂုဏ်ပြု၍ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဖရန်စစ်သည် ကက်သလစ်ဘာသာ ဂျေရှုအသင်းဂိုဏ်း (Jesuit) ၏ ပထမဆုံး၊ အမေရိကတိုက်မှ ပထမဆုံး၊ တောင်ကမ္ဘာခြမ်းမှ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီး ဖြစ်ပြီး အေဒီ ၈ ရာစုတွင် အုပ်ချုပ်ခဲ့သော ပုပ်ရဟန်းမင်းကြီး တတိယမြောက်ဂရီဂိုရီ ပြီးလျှင် ဥရောပတိုက်ပြင်ပမှ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။ ဘဝသမိုင်းအာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ တွင် မွေးဖွားခဲ့ပြီးနောက် ဘာသာရေးကျောင်းတွင် တက်ရောက်ဆည်းပူးမှု မပြုမီတွင် ဓာတုဗေဒကျွမ်းကျင်ပညာရှင်နှင့် နိုက်ကလပ်ဘောက်ဆာအဖြစ် ခဏတာမျှ လုပ်ကိုင်ခဲ့ဖူးသည်။ ၁၉၆၉ ခုနှစ်တွင် ကက်သလစ်ဘုန်းကြီး ဖြစ်လာခဲ့ပြီး ၁၉၇၃ ခုမှ ၁၉၇၉ ခုနှစ် အထိ အာဂျင်တီးနားရှိ ယေးရှုအသင်းဂိုဏ်း(Society of Jesus (Jesuit))တွင် ဒေသဆိုင်ရာအကြီးအကဲ ဖြစ်လာခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဗျူနိုအေးရိစ်မြို့၏ ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် ဖြစ်လာခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်မှ ကာဒီနယ်ရဟန်းအမတ်ကြီး တစ်ပါးအဖြစ် ရာထူးချီးမြှင့်ပေးခဲ့သည်။ ၂၀၀၁ ခုနှစ် အာဂျင်တီးနား အဓိကရုဏ်းအတွင်း အာဂျင်တီးနားအသင်းတော်များကို ဦးဆောင်ခဲ့ပြီး နက်စတာကစ်ချနာ နှင့် ခရစ်စတီးနား ဖာနန်ဒတ်စ်ဒီကစ်ချနာ အစိုးရမှ သူ့အား နိုင်ငံရေး ပြိုင်ဘက်တစ်ဦး အနေနှင့် သတ်မှတ်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ပုပ်ရဟန်းမင်းကြီး ဘယ်နဒစ် ၁၆ နုတ်ထွက်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး ရွေးကောက်တင်မြှောက်ပွဲမှ ရဟန်းအမတ် ဘာရ်ကော့လီယိုအား မတ်လ ၁၃ ရက်တွင် ဆက်ခံသူအနေနှင့် တင်မြှောက်ခံခဲ့သည်။ ၎င်း၏ ဘဝတစ်လျှောက်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နှိမ့်ချစွာ နေထိုင်မှု၊ ဘုရားသခင်၏ မေတ္တာတော် အပေါ်တွင် အလေးအနက်ထားမှု၊ ဆင်းရဲသားတို့အတွက် ငဲ့ကွက်မှုနှင့် ဘာသာအချင်းချင်းကြား ဆက်ဆံရေးတို့နှင့် ပတ်သက်၍ လူသိများ ထင်ရှားသည်။ ထို့အပြင် ပုပ်ရဟန်းမင်းကြီး ဖြစ်နေစဉ်ကာလတွင် သူ၏ရှေ့ ပုပ်ရဟန်းမင်းကြီးများကဲ့သို့ အစဉ်အလာအတိုင်း နေထိုင်ခြင်း မပြုသူ အဖြစ်လည်း လူသိများကြသည်။ ဥပမာအားဖြင့် သူ၏ ရှေ့အစဉ်အဆက် ပုပ်ရဟန်းမင်းကြီးများနေထိုင်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး၏ နန်းတော်ရှိ အခန်းဆောင်တွင် နေထိုင်ရမည့် အစား စိန့်မာသာတည်းခိုဆောင်၌သာ နေထိုင်သည်။ ထို့ပြင် ဂျေရှုနှင့် အစ်ဂနေးရှန်းအသင်းဂိုဏ်းများ၏ အယူဝါဒအမြင်အတိုင်း အဆောင်အယောင်၊ အခမ်းအနားများထက် ရိုးရှင်းသော အဝတ်အစားများကို ပိုမိုနှစ်သက်တတ်သည်။ ပုပ်ရဟန်းမင်းကြီး အဖြစ် ရွေးချယ်ခံရပြီးနောက် ရိုးရာ မိုဇက်တာဝတ်ရုံကို ဝတ်ဆင်ရန် ငြင်းပယ်ခဲ့ပြီး လက်စွပ်ကိုလည်း ရွှေလက်စွပ်အစား ငွေလက်စွပ်ကိုသာလျှင် ရွေးချယ်ခဲ့ကာ ကာဒီနယ်ဖြစ်စဉ်က အသုံးပြုခဲ့သော လက်ဝါးကပ်တိုင်ကိုသာလျှင် ဆက်လက် အသုံးပြုခဲ့သည်။ သူ့အနေနှင့် ဘုရားကျောင်းတော်သည် ပိုမိုပွင့်လင်းပြီး အများကို လှိုက်လှဲစွာကြိုဆိုသင့်သည်ဟူသော အမြင်ကို စွဲကိုင်ထားသည်။ ၎င်းသည် အထိန်းအကွပ် မရှိသော အရင်းရှင်စနစ်၊ မာ့ခ်ဝါဒ နှင့် မာ့ခ်တို့စွဲကိုင်သော လိုင်ဘရေးရှင်း ကျမ်းစာကို မထောက်ခံပေ။ ဖရန်စစ်သည် အသင်းတော်နှင့်ပတ်သက်သော ကိုယ်ဝန်ဖျက်ခြခြင်း၊ လူမှုရေးရာ သင်ကြားခြင်း၊ အမျိုးသမီးများအား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း နှင့် သာသနာ့ဝန်ထမ်းများ လိင်မှုကိစ္စရှောင်ကြဉ်ခြင်းတို့တွင် ရိုးရာအမြင်ကို စွဲကိုင်ထားသည်။ သူသည် စားသုံးသူဆိုင်ရာဝါဒ၊ အထိန်းအကွပ်မဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆန့်ကျင်ပြီး ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ခြင်းကို ထောက်ခံသည်။ နိုင်ငံတကာ သံတမန်ရေးရာ ကဏ္ဍတွင် အမေရိကန် နှင့် ကျူးဘားနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်ဖြစ်ပေါ်ရန် အကူအညီ ပေးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အမောရစ် လဲတီတာစာတမ်းကို ထုတ်ဝေပြီးနောက် တရားဥပဒေအတိုင်း ကွာရှင်းပြတ်စဲပြီး ပြန်လည်လက်ထပ်ထားသော ကက်သလစ်ဘာသာဝင်များကို ကွန်မျူနီယံပွဲ (ပွဲတော်မင်္ဂလာ)တွင် လက်ခံခြင်းနှင့် ပတ်သက်၍ ရှေးရိုးစွဲများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပထမဆုံးသော ပုပ်ရဟန်းမင်းကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဗုဒ္ဓဘာသာများပြားသော ဤနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်မှာ ၆.၂% ထက်နည်းသော်လည်း သူ၏ ခရီးစဉ်သည် ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူသည် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပြင်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဆရာတော်ကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။[၁] ထို့အပြင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်းတွင် မစ္ဆားတရားဝတ်ပြုပွဲအခမ်းအနားကို ၂၀၁၇ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တရားဒေသနာ ဝေဌခဲ့သည်။ ကက်သာလစ်ဘာသာဝင်နှင့်အတူ ပရိသတ်ထောင်ချီကာ တက်ရောက်ခဲ့ကြသည်။[၂] ကွယ်လွန်ခြင်းပုပ်ရဟန်းမင်းကြီးသည် အီစတာပွဲတော်နေ့ နောက်တစ်ရက်နေ့ ဖြစ်သော ၂၀၂၅ ဧပြီလ ၂၁ ရက်တွင် နမိုးနီးယားရောဂါနှင့် ကွယ်လွန်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ဧပြီလ ၂၆ ရက်နေ့တွင် ဗာတီကန်စီးတီးရှိ စိန့်ပီတာရင်ပြင်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်အကြီးအကဲများနှင့် ထောင်ပေါင်းများစွာသော ဘာသာဝင်ပြည်သူများ တက်ရောက်၍ ဂါရဝပြုခဲ့ကြသည်။ များစွာသော ပုပ်ရဟန်းမင်းကြီးများကိုမူ ဗာတီကန်စီးတီးရှိ စိန့်ပီတာဘုရားကျောင်းတော်ကြီး (St. Peter's Basilica) ၏ မြေအောက်ရှိ အောက်ဂူများတွင် ထုံးတမ်းအစဉ်အလာအရ ဂူသွင်းသင်္ဂြိုဟ်လေ့ရှိပါသည်။ ဈာပနအခမ်းအနား ပြီးမြောက်ပြီးနောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ဗာတီကန်စီးတီး၏ ပြင်ဘက်၊ အီတလီနိုင်ငံ၊ ရောမမြို့ရှိ သူရွေးချယ်ခဲ့သော ဆန်တာ မာရီယာ မဂျောရေ (Santa Maria Maggiore) ဘုရားကျောင်းတော်ကြီးတွင် ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါသည်။ ရဟန်းမင်းကြီးကိုယ်တိုင် မယ်တော် မာရီယာကို အထူးကြည်ညိုလေးစားသည့်စိတ်ဖြင့် ဤဘုရားကျောင်းတွင် ဂူသွင်းရန် ဆန္ဒပြုခဲ့သည်။ ၎င်း၏ ဝိညာဉ်ရေးဆိုင်ရာ မှာတမ်းတွင်လည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။ ဂူသွင်းခြင်း အခမ်းအနားကို မိသားစုဝင်များနှင့် နီးစပ်သူအချို့သာ တက်ရောက်သည့် လျှို့ဝှက်အခမ်းအနားအဖြစ် ကျင်းပခဲ့ပါသည်။ မြှုပ်နှံသည့်နေရာ![]() ပုပ်ဖရန်စစ်သည် ၎င်း မကွယ်လွန်မီ ပြုစုခဲ့သော သေတမ်းစာအရ၊ ဆန်တာမာရီယာမဂျောရေ ဘုရားရှိခိုးကျောင်းတော်၌ သင်္ဂြိုဟ်ပေးရန် ဆန္ဒပြုခဲ့သည်။ ထို့အပြင် ၎င်း၏ အုတ်ဂူတွင်လည်း "Franciscus" ဟူသော နာမည်တစ်လုံးတည်းသာ ရေးထိုးရန် မှာကြားခဲ့သည်။[၃] ဆက်လက် ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia