ဘီရှကက်မြို့
ဘီရှကက်မြို့သည် ကာဂျစ္စတန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်ပြီး ယခင်က ပီရှပက်မြို့ သို့မဟုတ် ဖရန်ဇယ်မြို့ဟူ၍ သုံးနှုန်းခဲ့ကြသေးသည်။ ထို့ပြင် ချူအီဒေသကြီး၏ ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။ မြို့တော်ကို စီရင်စုများဖြင့် ဝန်းရံထားသော်လည်း မြို့တော်ကို၌က စီရင်စုနယ်ထဲတွင် တည်ရှိနေခြင်းမရှိပဲ ကာဂျစ္စတန်နိုင်ငံ၏ စီရင်စုနှင့်တူသော အဆင့်၌ တည်ရှိသည်။ ၁၈၂၅ ခုနှစ်တွင် ခိုကန်းမှ အာဏာပိုင်များသည် ဒေသတွင်း ကုန်သွယ်လမ်းကြောင်းများ ထိန်းချုပ်ရန်နှင့် ဒေသခံကာဂျစ်လူမျိုးတို့ထံမှ အခွန်ဘဏ္ဍာများ ကောတ်ခံနိုင်ရန်အလို့ငှာ "ပီရှပက်" ခံတပ်မြို့အား တည်ဆောက်ခဲ့သည်။ ၁၈၆၀ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဒေသခံ ကာဂျစ်လူမျိုးတို့၏ ထောက်ခံမှုဖြစ် ရုရှားအင်ပါယာတပ်မတော်မှ ဗိုလ်မှူးကြီး ဇင်မာမန်သည် ခံတပ်မြို့အား ဖျက်ဆီးခဲ့သည်။ ၁၈၆၈ ခုနှစ် ထိုခံတပ်မြို့တည်နေရာတွင်ပဲ ရုရှားအခြေချနေထိုင်သူများသည် မူလအမည် "ပီရှပက်"ဟု အမည်ပေးကာ မြို့တည်၍ နေထိုင်ခဲ့ကြသည်။ ထိုမြို့သည် ရုရှားတာကီစတန်ဒေသ ဘုရင်ခံချုပ်၏ လက်အောက်တွင်ရှိပြီး ဆင်းမီးရဲ့ချင်းစကားယား အော့ဗလတ်တွင် ပါဝင်သည်။ ၁၉၂၅ ခုနှစ်တွင် ရုရှားတာကီစတန်ဒေသအတွင်း ကာရာ-ကာဂျစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ပြီး ပီရှပက်မြို့ကို ထိုဒေသ၏ မြို့တော်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၁၉၂၆ ခုနှစ် ဆိုဗီယက် ကွန်မြူနစ်ပါတီတို့ အုပ်ချုပ်သောအခါတွင် ထိုမြို့တွင် မွေးဖွားခဲ့သော ဘော်ရှီဗစ်တပ်မတော်ခေါင်းဆောင် မီခေးလ် ဖရန်ဇယ်(၁၈၈၅ – ၁၉၂၅)အား အစွဲပြု၍ မြို့အမည်အား ဖရန်ဇယ်ဟု ပြောင်းလဲခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုအတွင်း နောက်ဆုံးအဆင့် နိုင်ငံတော်နယ်နိမိတ်ကန့်သတ်ခြင်းကို ၁၉၃၆ ခုနှစ်တွင် ပြုလုပ်ခဲ့ရာ ဖရန်ဇယ်မြို့သည် ကာဂျစ် ဆိုဗီယက် ဆိုရှယ်လစ်နိုင်ငံ၏ မြို့တော် ဖြစ်လာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ကာဂျစ်ပါလီမန်မှ မြို့တော်အမည်အား "ဘီရှကက်"သို့ ပြောင်းလဲခဲ့သည်။ ဘီရှကက်မြို့တော်၏ မြို့လယ်အတွင်းပိုင်းသည် လမ်းမကျယ်များ၊ စကျင်ကျောက်တုန်းတို့ဖြင့် ဆောက်လုပ်ထားသော ဆိုဗီယက်ခေတ်စတိုင် အများပြည်သူ အဆောက်အဦများနှင့် ဝန်းရံထားသည်။ ထောင်ပေါင်းများစွာသော ကိုယ်ပိုင်အိမ်ငယ်ကလေးများသည်လည်း မြို့လယ်အပြင်ဘက်တွင် ဆောက်လုပ်ထားကြသည်။ လမ်းများကို ဂရစ်ကွက်ပုံစံအတိုင်း အကွက်ချထားပြီး လမ်းဘေးဘယ်ညာတွင် ရေသွယ်မြောင်းများပါရှိကာ ပူလှသော နွေရာသီတွင် အရိပ်ပေးနိုင်ရန် အလို့ငှာ များလှစွာသော သစ်ပင်တို့ကို ရေသွယ်၍ ပေးထားသည်။ သမိုင်းကြောင်းခိုကန်းမှ အုပ်ချုပ်စဉ်ကာလမူလက ပိုးလမ်းမကြီးပေါ်မှ ကုန်သည်တို့ နားနေခိုရာ နေရာဖြစ်ခဲ့ပြီး ၁၈၂၅ ခုနှစ်တွင် ဥဇဘတ်ခန်းမှ ရွံသားတမံတို့ဖြင့် ခံတပ်မြို့တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပီရှကက် ခံတပ်မြို့အား ခိုခန်းမှ နောက်ဆုံးအုပ်ချုပ်ခဲ့သူမှာ ဒတ်ကာမျ အာတဘက်ဖြစ်သည်။ ဇာဘုရင်ခေတ်၁၈၆၀ ခုနှစ်တွင် ထိုခံတပ်မြို့အား ဗိုလ်မှူးကြီး ဇင်မာမန်၏ စစ်တပ်မှ အောင်နိုင်ခဲ့ပြီး ခံတပ်မြို့ကို ဖျက်ဆီးခဲ့ကာ ဇာဘုရင်လက်အောက်နယ်မြေအဖြစ် သွတ်သွင်းခဲ့သည်။ ထို့နောက် ဗိုလ်မှူးကြီး ဇင်မာမန်မှ ထိုနေရာတွင်ပင် မြို့တည်ခဲ့ပြီး ပါရူချီ တီတော့အား ရုရှားမြို့စောင့်တပ်၏ ခေါင်းဆောင်အဖြစ် ထားရှိပြီး မြို့အား စောင့်ရှောက်စေခဲ့သည်။ ၁၈၇၇ ခုနှစ်မှစ၍ ရုရှားအစိုးရမှ ထိုဒေသကို ဖွံ့ဖြိုးတိုးတက်စေရန် ရုရှားတောင်သူများအား မြေဩဇာကောင်းသည့် မြေများ ပေးအပ်ကာ ဒေသအား ခိုင်မာတောင့်တင်းစေရန် ဆောင်ရွက်ခဲ့သည်။ ဆိုဗီယက်ခေတ်၁၉၂၆ ခုနှစ်တွင် မြို့အား ကာဂျစ် ဆိုဗီယက် ဆိုရှယ်လစ်နိုင်ငံ၏ မြို့တော်အဖြစ် တိုးမြှင့်ခဲ့ပြီး ၁၉၀၅၊ ၁၉၁၇ တော်လှန်ရေးကာလအတွင်းနှင့် ၁၉၂၀ ခုနှစ်များ အစောပိုင်း ရုရှားပြည်တွင်းစစ်ကာလတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည့်အပြင် လီနင်နှင့်နီးစပ်သော ပီရှကက်မြို့သား မီခေးလ် ဖရန်ဇယ်အား အစွဲပြု၍ ထိုမြို့အား ဖရန်ဇယ်မြို့ဟု ခေါ်တွင်စေခဲ့သည်။ လွတ်လပ်ရေးခေတ်၁၉၉၀ ခုနှစ်အစောပိုင်းကာလများသည် ဝရုန်သုန်းကားဖြစ်သော ကာလကြီး ဖြစ်သည်။ ၁၉၉၀ ခုနှစ် ဇွန်လအတွင်း ကာဂျစ္စတန်နိုင်ငံတောင်ပိုင်းရှိ ပြင်းထန်သော လူမျိုးစု အရေးအခင်းများသည် မြို့တော်ထိ ပျံနှံ ခြိမ်းခြောက်လျက်ရှိခဲ့သဖြင့် နိုင်ငံတော်အရေးကြီးကာလအဖြစ် ကြေညာခဲ့ရသည်။ မြို့တော်အမည်အား ၁၉၉၁ ခုနှဏ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘီရှကက်မြို့ဟု ပြောင်းလဲခဲ့ပြီး ဆိုဗီယက်ယူနီယံ ပြိုကွဲသောအခါ ကာဂျစ္စတန်နိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးမရမီကာလက မြို့တော် ဘီရှကက်၏ အဓိကလူဦးရေမှာ ရုရှားလူမျိုးများ ဖြစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်သို့ ရောက်သောအခါ မြို့တော်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းလောက်သာ ကျန်တော့ပြီး ၂၀၁၁ ခုနှစ် ၇–၈ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။[၅] ယနေ့ခေတ် ဘီရှကက်မြို့သည် များစွာသော စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ခေတ်မီမြို့တစ်မြို့အဖြစ်သို့ ရောက်ရှိနေပြီး ဥရောပနှင့် ဂျပန် တပတ်ရစ်ကားများသည် မြို့တော်၏ လမ်းမများပေါ်တွင် ဥဒဟို သွားလာနေကြသည်။ သို့သော လမ်းမများနှင့် ပလက်ဖောင်းစင်္ကြများသည် ၁၉၉၀ ခုနှစ်များကတည်း တာရှည်စွာ ပြုပြင်မှုမရှိသဖြင့် ယိုယွင်းနေပြီ ဖြစ်သည်။ ထိုသို့ဖြစ်ပွားလျက်ရှိသော်ငြားလည်း ဆိုဗီယက်ခေတ် အဆောက်အဦများ၊ ပန်းခြံများကို အဆောက်အဦအသစ်များကြားမှ ထိန်းသိမ်းထားလျက် ရှိသည်။ ဘီရှကက်မြို့သည် နိုင်ငံ၏ ဘဏ္ဍာရေးမြို့တော်လည်းဖြစ်ပြီး မြို့တော်တွင် နိုင်ငံ၏ ဘဏ် ၂၁ ခုတို့၏ ရုံးချုပ်များ ဖွင့်လှစ်ထားသည်။ ဆိုဗီယက်ခေတ်အတွင်းက မြို့တွင် များလှစွာသော စက်ရုံ၊ အလုပ်ရုံများ တည်ရှိပြီး ၁၉၉၁ ခုနှစ်ကတည်းက အများအပြားကို ပိတ်သိမ်းခဲ့ကာ ယခုအခါတွင် အနည်းငယ်သာ လည်ပတ်လျက် ရှိသည်။ ယခုအခါတွင် ဘီရှကက်မြို့၏ အလုပ်အကိုင်များစွာ ဖန်တီးပေးသော နေရာမှာ ဒိုရ်ဒိုအီးဈေးဖြစ်ပြီး များလှစွာသော တရုတ်ပစ္စည်းများကို လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့ရန် ရောင်းချသော နေရာဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia