မွန်တားနားပြည်နယ်
မွန်တားနားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် တက္ကဆပ်ပြည်နယ် နှင့် ကာလီဖိုးနီးယားပြည်နယ်တို့မှ လွဲလျှင် အကြီးဆုံးပြည်နယ်ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၁၄၇,၀၄၀ စတုရန်းမိုင်မျှရှိ၏။ လူဦးရေမှာ ၁,၀၁၅,၁၆၅ (၂၀၁၃ ခန့်မှန်း) ဖြစ်သည်။ မြောက်ဘက်တွင် ကနေဒါနိုင်ငံနှင့် နယ်ချင်းစပ်လျက် တည်ရှိသည်။ ပြည်နယ် အနောက်ဘက်ပိုင်းတွင် ရော့ကီးတောင်တန်းများရှိ၍ တောင်ထူထပ်လျက် အရှေ့ဘက်သို့ ပြေဆင်းသွားသည်။ မွန်တားနားဟူသော အမည်မှာ တောင်ထူထပ်သောဒေသဟု အဓိပ္ပာယ်ရသည်။ မစ်ဇူရီမြစ်သည် မွန်တားနားပြည်နယ် အနောက်တောင်ပိုင်းတွင် မြစ်ငယ်သုံးသွယ်ပေါင်း၍ မြစ်ဖျားခံလျက် အရှေ့ဘက်သို့ ဖြတ်သန်းစီးဆင်းသည်။ ဤပြည်နယ်၌ မီဇူးရီမြစ်နှင့် ယင်း၏ မြစ်လက်တက်များမှ ရေသွယ်၍ စိုက်ပျိုးခြင်းလုပ်ငန်းသည် အလွန်ကြီးကျယ်၏။ ရာသီဥတု ညီညွတ် မျှတသည်။ မွန်တားနားပြည်နယ်တွင် စိုက်ပျိုးခြင်းနှင့် တိရစ္ဆာန် မွေးမြူခြင်းလုပ်ငန်းတို့သည် အဓိကလုပ်ငန်းများ ဖြစ်၏။ ဂျုံအများဆုံး စိုက်ပျိုးသည်။ အခြားကောက်ပဲသီးနှံပင်များမျာ အာလူး၊ ပိုက်ဆံပင်၊ မုန်လာဥနီ၊ ကျွဲစာ၊ နွားစာတို့ဖြစ်သည်။ သစ်သီးပင်များကိုလည်း စိုက်ပျိုးကြသည်။ ပြည်နယ် အရှေ့ပိုင်း မြေနိမ့်ဒေသတွင် တိရစ္ဆာန်များကို မွေးမြူသည်။ တက္ကဆပ်ပြည်နယ်မှ လွဲလျှင် မွန်တားနား ပြည်နယ်သည် သိုးအများဆုံး မွေးမြူသော ပြည်နယ်ဖြစ်၍ သိုးမွေးသည် ထင်ရှားသော ထွက်ကုန် ဖြစ်၏။ မွန်တားနားပြည်နယ်တွင် တွင်းထွက်ပစ္စည်း ကြွယ်ဝသော ပြည်နယ်ဖြစ်၍ ကြေးနီအများဆုံး ထွက်သည်။ ရွှေ၊ ငွေ၊ သွပ်၊ ခဲ၊ ရေနံ၊ ကျောက်မီးသွေးနှင့် မန်ဂနိတို့ကိုလည်း တူးဖော် လုပ်ကိုင်ကြသည်။ နီလာတွင်းများ လည်း ရှိလေသည်။ မွန်တားနားပြည်နယ်၏ မြို့တော်မှာ ဟယ်လီးနားမြို့ဖြစ်၍ လူဦးရေ ၁၇၅၈၁ ယောက်ရှိသည်။ အခြား ထင်ရှားသော မြို့ကြီးများမှာ ဗတ်မြို့၊ ဂရိတ်ဖောမြို့၊ ဗီးလင်းမြို့နှင့် မစ္စူလာမြို့များ ဖြစ်လေသည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia