ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လက်ထက်တွင် အသစ်ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနဖြစ်သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲနိုင်ရန်ဖြစ်သည်။[၁] ပြည်ထောင်စုဝန်ကြီးမှ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ဒေါက်တာကံဇော်ဖြစ်သည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ဦးတင်ထွန်းနိုင်အား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂][၃] သမိုင်းကြောင်း၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဒသမပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ တင်ပြလာသည့် ပြည်ထောင်စုဝန်ကြီးဌာန အသစ် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းသည်များကို လွှတ်တော်ထံသို့ တင်ပြခဲ့သည်။ ပြည်ထောင်စုရှေ့နေချုပ်မှ ရှင်းလင်း တင်ပြရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလ သမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာကပေးအပ်သည့် ကူညီထောက်ပံ့မှု များကို နိုင်ငံတော်၏ မူဝါဒစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါသည့်အခန်းကဏ္ဍကို ထိရောက်စွာ မြှင့်တင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့တွင် "ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန" ကို ဖြည့်စွက်ဖွဲ့စည်းရန် လိုအပ်လျက် ရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုရှေ့နေချုပ်၏ ပြောကြားချက်အရ ဝန်ကြီးဌာနအသစ်ကို လက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်၌ ဖွဲ့စည်းထားသည့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနတို့ကို ခွဲထုတ်ဖွဲ့စည်းသွားခြင်းဖြစ်၍ လတ်တလောတွင် ဝန်ထမ်းအင်အား၊ အဆောက် အဦး၊ မော်တော်ယာဉ်၊ ဘဏ္ဍာငွေလျာထားချက်စသည်တို့ ထပ်မံတိုးချဲ့ရန် လိုအပ်မည် မဟုတ်ကြောင်း အစိုးရအဖွဲ့၏ တင်ပြချက်များကို တွေ့ရသည်။ ထိုသို့မတိုင်မီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၃၃ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ရောက်ရှိနေစဉ် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေး-၂၀၁၈ တွင် ပြောကြားသည့် မိန့်ခွန်းတွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနီးမြှုပ်နှံခြင်းဖြင့် မြန်မာပြည်သာမက ရင်းနှီးမြှုပ်နှံသူများပါ အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၄] ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် လွှတ်တော်အတွင်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ၁၉ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်က လာရောက်ရှင်းလင်းခဲ့သည်။ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းသည့်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ကန့်ကွက်သူမရှိ၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်းကို နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာအမှတ် ၈၇/၂၀၁၈ ဖြင့် ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး အမိန့်အမှတ် ၄၀/၂၀၁၈ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့သည်။ ဝန်ကြီးဌာနအသစ်သည် ဦးဝင်းမြင့်အစိုးရ၏ ပထမဆုံး ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်ကာ စုစုပေါင်း ဝန်ကြီးဌာန ၂၅ ခုရှိလာခဲ့သည်။ ပြည်ထောင်စုဝန်ကြီးစာရင်း
ကိုးကား
|
Portal di Ensiklopedia Dunia