ဝေါမြို့
ဝေါမြို့သည် အောက်မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၏ ပဲခူးခရိုင်ခွဲအတွင်းပါဝင်သည့် ဝေါမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန် မော်လမြိုင်သွား ကားလမ်းမပေါ်တွင် တည်ရှိပြီး ပဲခူးမှ မိုင် ၂ဝ ခန့်အကွာတွင်ရှိသည်။ ပဲခူးမြို့၏ အရှေ့မြောက်ယွန်းယွန်း ပဲခူး-စစ်တောင်းတူးမြောင်းပေါ်တွင် တည်ရှိသော မြို့ဖြစ်သည်။ ရန်ကုန်-မုတ္တမ(မော်လမြိုင်) မီးရထားလမ်းသည်လည်း ဝေါမြို့ကိုဖြတ်သန်းသွားသည်။ ထိုမြို့သည် ရန်ကုန်မြို့မှ မီးရထားလမ်းအားဖြင့် ၅၄ မိုင်၊ မော်တော်ကားလမ်းအားဖြင့် ၇၁ မိုင် ကွာဝေး၍ ပဲခူးမြို့မှမူကား မီးရထားလမ်းအားဖြင့် ၂၂ မိုင်၊ မော်တော်ကားလမ်းအားဖြင့် ၁၇ မိုင် ကွာဝေးသည်။ ဝေါမြို့၏ အလားလေးရပ်မှာ အရှေ့ဘက်တွင် သပြေကန်ရွာ (စစ်တောင်းမြစ်၊ ကျောက်ညှပ်ကမ်းခြေ)၊ အနောက်ဘက်တွင် နောင်ပတ္တရာရွာ၊ တောင်ဘက်တွင်ညောင်သုံးခွ၊ မြောက်ဘက်တွင် သူရဲသမိန်ရွာတို့ဖြစ်သည်။ မူလအစက မွန်ဒေသဖြစ်ခဲ့သော်လည်း ယခုအခါ မွန်အဆက်အနွယ် မြန်မာလူမျိုးတို့အများစု နေထိုင်လျက်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၇၆,၀၂၄ ဦးဖြစ်သည်။[၁] မြို့ပေါ်၌ မြို့နယ်ရုံးစိုက်အဆင့်အတန်းအလိုက် မြို့ပိုင်ရုံး၊ တရားမနှင့် ရာဇဝတ် တရားသူကြီးရုံးစသော အစိုးရအဆောက်အအုံ၊ ဈေး၊ ကျောင်း စသည်တို့ရှိလေသည်။ အမည်ရင်းမြစ်ဝေါ ဟူသောအမည်နှင့် စပ်လျဉ်း၍ မွန်ဘာသာ ဝေါဟာရ ကွာန် အစွေဝံ (မြန်မာအသံနှင့် အနီးစပ်ဆုံးဖော်ပြရသော် ကွာန်အကျဝေါ့)မှ ဆင်းသက်လာသည်ဟု ဆိုရာ(ကွာန်-ရွာ၊ အစွေဝံ-သက်ငယ်ကျင်း) သက်ငယ်ကျင်းရွာဟု အဓိပ္ပာယ်ရသည်။ တစ်နည်းအားဖြင့်ဆိုရသော် သက်ငယ်များ ပေါက်ရာအရပ်ဟူလို။ ကာလရှည်ကြာသော် ကွာန်ကိုဖြုတ်ထားခဲ့၍ မြန်မာအသံဖြင့် မပီမသခေါ်ဝေါ်ရာ၊ အကျဝေါ့မှ ဝေါဟူ၍ဖြစ်လာသည် ဆိုလေသည်။ သမိုင်းကြောင်းဝေါမြို့၏ အနောက်မြောက်ဘက် တစ်မိုင်ကွာတွင် တည်ရှိသော ယခုခေတ်အခေါ် ကြုံတူဘုရားမှ တူးဖော်တွေ့ရှိရသည့် စဉ့်အိုး၊ စဉ့်ခွက်များ၊ ဆေးခြယ်နိပါတ်ရုပ်လုံးများသည် ဟံသာဝတီ ဒုတိယခေတ်(ဗညာဦး-ရာဇာဓိရာဇ်ခေတ်)၏ အသုံးအဆောင်ပစ္စည်းမျိုးဖြစ်သည်ကို ထောက်ဆ၍ ဝေါမြို့တည်ရာဌာနတွင် မြန်မာသက္ကရာဇ် ၇၃ဝ မှ ၉ဝဝ ပြည့်နှစ်အတွင်း အိမ်ခြေရွာခြေ စတင်ပေါ်ပေါက်ခဲ့သည်ဟုယူဆရသည်။ ကြုံတူ ဘုရားသမိုင်းအရ ရာမညမွန်တိုင်းတွင် အခါတစ်ပါး၌ စစ်မက်ရေးရာ မငြိမ်မသက်ရှိမှုကြောင့် မုတ္တမဖက်မှ သူဌေးနှစ်ဦးခေါင်းဆောင်သော မွန်တစ်စုတို့သည် မိမိတို့ဌာနေမှ တိမ်းရှောင်လာပြီးလျှင် ယခု ရွှေလင်းယုံဆီစက်နေရာ၌ စတင်ရွာတည်ခဲ့သည်ဟု ဆိုလေသည်။ နောင်အခါ ဗြိတိသျှတို့ခေတ်၌ ခရစ် ၁၈၇၃ ခုနှစ်တွင် ဘုံဘေဘားမားသစ်ကုမ္ပဏီသည် တောင်ငူနယ်မှ သစ်များကို ပေါင်းလောင်း (စစ်တောင်း)မြစ်မှထုတ်ယူရာ၊ လမ်းရှည်သဖြင့် မြစ်ကျိုး-တာဝ တူးမြောင်းကို ဖောက်လိုက်သည်။ ၁၉ဝ၇ ခုနှစ်၌ ပဲခူး-မော်လမြိုင် မီးရထားလမ်းကို ဖောက်လိုက်ပြန်သည်။ ယင်းအချက်များကြောင့် ဝေါရွာသည် လူနေအိမ်ခြေ တိုးတက်စည်ကားလာသည်။ ထို့ကြောင့် လူနေရပ်ကွက်များ တိုးချဲ့၍ မြို့တစ်မြို့အဖြစ်သို့ ရောက်ရှိလာခဲ့ကာ ပဲခူးခရိုင်၊ ပဲခူးခရိုင်ခွဲအတွင်း၌ ဝေါမြို့နယ်ဟူ၍ သတ်မှတ်ပိုင်းခြားပြီးလျှင် ဝေါမြို့ကို ရုံးစိုက်မြို့အဖြစ် ထားရှိခဲ့လေသည်။ လူမှုပထဝီဝင်ဝေါမြို့နယ်သည် ၁၉၃၁ ခုနှစ် သန်ခေါင်းစာရင်းအရ အကျယ်အဝန်း ၃၅၉ စတုရန်းမိုင်ရှိ၍ ကျေးရွာအုပ်စုပေါင်း ၄၈ ခုရှိသည်။ အကြမ်းဖျင်းအားဖြင့် ဝေါမြို့နယ်၏အရှေ့ဘက်၌ သထုံခရိုင်၊ အနောက်ဘက်၌ ပဲခူးမြို့နယ်၊ တောင်ဘက်၌ သနပ်ပင်မြို့နယ်၊ မြောက်ဘက်၌ ဒိုက်ဦးမြို့နယ်တို့ရှိသည်ဟု ဆိုရပေမည်။ ပဲခူးမှ ဘုရားကြီး ၁၁ မိုင်၊ ဘုရားကြီးမှ ဝေါ ၁၁ မိုင်ခန့် ကွာဝေးသည်။ မိုးကောင်းပြီးလျှင် မြေဩဇာထက်သန်ကောင်းမွန်သော ပဲခူးခရိုင်အတွင်း၌တည်ရှိသဖြင့် မြို့နယ်အတွင်းနေထိုင်ကြသူများ၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်ရာ ဆန်စပါးကို အများဆုံးစိုက်ပျိုးကြ၍ မြေပဲ(သီးထပ်) လည်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြို့နယ်အတွင်း အင်းများပေါများ၍ အင်းလုပ်ငန်းလည်း ကြီးကျယ်သည်။ စုစုပေါင်း အင်း ၆၄ အင်းရှိသည်အနက် မိုးအင်းကြီးသည် ဝေါမြို့နယ်အတွင်း အကြီးဆုံးအင်းကြီးဖြစ်သည်။ မြို့နယ်အတွင်း သယ်ယူပို့ဆောင်ရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကားလမ်းကိုအားထားကြရလေသည်။ ကြုံတူဘုရားသည် မြို့နယ်အတွင်း အထင်ရှားဆုံးသော စေတီတစ်ဆူဖြစ်သည်။[၂] ဝေါမြို့တွင်
အထင်ကရပုဂ္ဂိုလ်
ကိုးကား
|
Portal di Ensiklopedia Dunia