သာမညဖလ အခါတော်နေ့မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။ ယင်းတို့အနက် သာမညဖလ အခါတော်နေ့ ပွဲတော် ကျင်းပခြင်း၏ အကြောင်းရင်းကို တင်ပြလိုသည်။ အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။ သို့ရာတွင် တိတ္ထိဆရာကြီး ၆-ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလ တရားတော်ကို ဟောပြောတော်မူသည်။ သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာ နောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာသည်။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။ ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။ ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။ သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။ ရဟန်းပြုခြင်းဖြင့်-
ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။ ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။ ထို သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။ ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။ ကိုးကား
|
Portal di Ensiklopedia Dunia