၁၉၉၀ (MCMXC) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္လာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၉၀ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၂ ထောင်စုနှစ်၏ ၉၉၀ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၉၀ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၉၀ ဆယ်စုနှစ်၏ ၁ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ဇန်နဝါရီလ
- ၃ ဇန်နဝါရီ - ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ: ယှဉ်ပြိုင် အရွေး ခံမည့်သူ အမည် စာရင်းများ ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းရန် နောက်ဆုံးနေ့ ဖြစ်သည်။ မဲဆန္ဒနယ်ပေါင်း ၄၉၂ ခု အတွက် နိုင်ငံရေး ပါတီ ၁၀၀ မှ ယှဉ်ပြိုင်မည့်သူ ဦးရေ စုစုပေါင်း ၂၀၀၀ ကျော် ရှိသည်။
- ၈ ဇန်နဝါရီ - ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ နိုင်ငံသားနှင့် အိမ်ထောင်ပြုသူ ဖြစ်ပြီး မြေအောက် နိုင်ငံရေး ပါတီများ နှင့်လည်း ဆက်သွယ်မှု ရှိခဲ့သည်ဟု အကြောင်းပြ၍ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မှုကို တစညပါတီက ကန့်ကွက် လိုက်သည်။ ဥရောပ ဘုံဈေး အဖွဲ့ကြီးက နောက်ထပ် ပြင်းထန်သော ကန့်ကွက်စာကို မြန်မာ အာဏာပိုင် များထံ ပေးပို့ ခဲ့သည်။ ထိုစာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ အပါအဝင် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့်သူ အားလုံးကို ပါဝင်ခွင့်ပြုရန် တိုက်တွန်းလိုက်သည်။
- ၁၆ ဇန်နဝါရီ - ရန်ကုန်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်လိုက်သည်။ ထိုဆုံးဖြတ်ချက်ကို ရာပေါင်း များစွာသော လူထုက ကန့်ကွက် ကြသည့် အခါ စစ်တပ်များ ရန်ကုန် မြို့တွင်းသို့ ဝင်ရောက် လာကြသည်။
- ၂၄ ဇန်နဝါရီ - အစိုးရအား ဆန့်ကျင်သော ကျောင်းသားရာပေါင်းများစွာ နေထိုင်လျက် ရှိသည့် ကရင်တော်လှန်ရေးဆိုင်ရာ တပ်ဖွဲ့ အခြေစိုက်စခန်း သေဘောဘိုးကို အစိုးရ တပ်များက သိမ်းလိုက်သည်။
- ၂၅ ဇန်နဝါရီ - ဗြိတိန်နိုင်ငံမှ ကတ်လင်း (Kirkland Resources) ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ စာချုပ်၌ လက်မှတ် ရေးထိုးသည်။
- ၃၁ ဇန်နဝါရီ - ထိုင်းနယ်စပ်ရှိ ကရင်တော်လှန်ရေးတပ်သားများ စခန်း ဝါလေကို အစိုးရ တပ်က သိမ်းယူ လိုက်သည်။ ဖလူး စခန်း တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သော ဒီဇင်ဘာလ ကတည်းက ဝါလေမှ ရွာသား ၆၀၀၀ နှင့် ကျောင်းသားများ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး ကြသည်။
- ဇန်နဝါရီ - ဖေဖော်ဝါရီ - ရန်ကုန်နှင့် အခြား မြို့များရှိ ထောင်နှင့် ချီသော ပြည်သူ များမှာ မြို့ပြင် ဘက်သို့ အတင်းအကြပ် ရွှေ့ပြောင်းခြင်း ခံကြရသည်။ နိုင်ငံရေး သမားများကို တနိုင်ငံလုံး၌ ဆက်လက် ဖမ်းဆီးလျက် ရှိသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ယှဉ်ပြိုင် အရွေး ခံမည့်သူ အမြောက်အမြား အဖမ်း ခံရသည်။ ရန်ကုန်နှင့် မန္တလေး တို့၌ ဆန္ဒပြမှုများ ပြုလုပ် ကြသည်။
ဖေဖော်ဝါရီလ
- ၅-၁၁ ဖေဖော်ဝါရီ - ထိုင်း - မြန်မာ နယ်စပ်ရှိ ဘုရား ၃ ဆူ တောင်ကြား ဒေသ၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ မြန်မာ စစ်တပ်က ထိုင်းနိုင်ငံ အတွင်းသို့ ဖြတ်ကျော် လာကာ မွန်တော်လှန်ရေး ဌာနချုပ် စခန်းကို ဝင်သိမ်း လိုက်သည်။ ကရင်နှင့် မွန် ရွာသူ ရွာသား ၆,၀၀၀ မှ ၁၀,၀၀၀ ခန့်နှင့် ကျောင်းသား ၇၀၀ ခန့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး ကြသည်။
- ၁၃ ဖေဖော်ဝါရီ - ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ဂျီနီဗာ၌ ပြုလုပ် ခဲ့သော ၄၆ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များကို စုံစမ်းရန် အထူးအဖွဲ့ တခုကို ဖွဲ့စည်း ခဲ့သည်။ ထိုကော်မရှင်က နဝတအစိုးရအား နိုင်ငံရေးပါတီအားလုံးနှင့် တသီး ပုဂ္ဂလ များကို ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ခွင့် ပြုရန် တိုက်တွန်း လိုက်သည်။
- ၁၆ ဖေဖော်ဝါရီ - မန္တလေးမြို့တွင် ရဟန်း သံဃာများနှင့် ကျောင်းသားများ ရာချီ၍ နဝတအစိုးရကို ဆန့်ကျင် ဆန္ဒ ပြကြသည်။
မတ်လ
- ၁၃ မတ် - ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချာယွတ်သည် ချစ်ကြည်ရေး ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို ရောက်ရှိ နေချိန် ဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီးနောက် သူ၏ ဒုတိယမြောက် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လတွင် ဖြစ်ပွား ခဲ့သော လက်ဘက်ရည်ဆိုင် အရေးအခင်းနှင့် မောင်ဖုံးမော် ကျဆုံးခဲ့သည့် ဒုတိယမြောက် နှစ်ပတ်လည်နေ့လယ်း ဖြစ်သည်။ ထိုနေ့တွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် ကြိုးစား ခဲ့ကြသော ကျောင်းသား တချို့ အဖမ်း ခံရသည်။ သူတို့ထဲမှ မောင်မောင်ကျော် ဆိုသူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ် လိုက်သည်။
- ၂၁ မတ် - ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် မြန်မာပိုင် လေယာဉ်တစင်းကို ထိုင်းနိုင်ငံသို့ အနုကြမ်း စီးခဲ့သော ကျောင်းသား နှစ်ဦး ဖြစ်သည့် ရဲရင့်နှင့် ရဲသီဟတို့အား ထောင်ဒဏ် ၆ နှစ် ကျခံစေရန် ဘန်ကောက်မြို့ တရားရုံး တခုမှ အမိန့် ချလိုက်သည်။
ဧပြီလ
- ၁၀ ဧပြီ - ကရင်တော်လှန်ရေး ဌာနချုပ် မာနယ်ပလော အနီး တဝိုက်တွင် မြန်မာအစိုးရ လေယာဉ်ပျံဖြင့် ဗုံးလာကြဲသောကြောင့် ဒုက္ခသည်ပေါင်းရာနှင့် ချီ၍ ထိုင်းနိုင်ငံအတွင်း ထွက်ပြေး ကြသည်။
- ၁၁ ဧပြီ - မြို့နယ်ဆယ်မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ဥပဒေ ရုပ်သိမ်း လိုက်ကြောင်း မြန်မာ့အသံမှ ကြေညာသည်။
- ၁၆ ဧပြီ - ပြင်းထန်သော အပြင် မထွက်ရ အမိန့်နှင့် နိုင်ငံရေး လှုပ်ရှားမှု၊ ဆန္ဒပြမှုများ မပြုလုပ်ရ ဟူသော ပိတ်ပင် တားမြစ်ချက်များ အလယ်တွင် သင်္ကြန် ပွဲတော်ကြီး သည်လည်း အေးအေးဆေးဆေး ပြီးဆုံး သွားရသည်။
- ၁၈ ဧပြီ - နဝတအစိုးရ၏ ကြေညာချက်အရ မြန်မာနိုင်ငံတွင် အဖျော်ယမကာ ထုတ်လုပ်ရန် ပက်စီကိုလာ ကုမ္ပဏီက သဘောတူ လက်မှတ် ရေးထိုးကြောင်း သိရှိ ရသည်။
- ၂၄ ဧပြီ - နဝတအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် မြန်မာနိုင်ငံမှ မည်သည့် ကုန်ပစ္စည်းမျှ မတင်သွင်းရ ဟူသော ဥပဒေကို အမေရိကန် ဆီးနိတ် လွှတ်တော်က သဘောတူ ဆုံးဖြတ် လိုက်သည်။
မေလ
- ၂ မေ - မြန်မာပြည်ရှိ အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသားများကို ညှဉ်းပမ်း နှိပ်စက်သည့် ကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International) မှ အစီရင်ခံစာ တစောင် ထုတ်ပြန်သည်။ ထို အစီရင်ခံစာတွင် "တပ်မတော်သည် အချုပ်အချယ် မဲ့သော အာဏာဖြင့် ပြည်သူများကို ထင်သလို ဖမ်းဆီးပြီး ခုံရုံးတင် စစ်ဆေးမှု မပြုဘဲ၊ လနှင့် ချီ၍ အကျဉ်းချထားခြင်း ပြင်ပနှင့် ဆက်သွယ်ခွင့် မပေးခြင်း၊ ညှဉ်းပမ်း နှိပ်စက်၍ စစ်ဆေး မေးမြန်းခြင်း တို့ကို ပြုလုပ်လျက်ရှိသည်" ဟူ၍ ပါရှိသည်။
- ၂၄-၂၆ မေ - မြို့နယ်ပေါင်း ၁၂၃ ခုတွင် စစ်အုပ်ချုပ်ရေး ဥပဒေကို ရုပ်သိမ်း လိုက်သည်။ မေလ ၂၇ ရက် ရွေးကောက်ပွဲနေ့တွင် သတင်း ယူနိုင်ရန် အတွက် နိုင်ငံခြား သတင်းထောက်များကို ဖိတ်ခေါ်မည်ဟု ကြေညာသည်။
- ၂၈ မေ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိကြောင်း နဝတအစိုးရက ကြေညာသော်လည်း အာဏာလွှဲပြောင်းရေးနှင့် ပတ်သက်၍ တိတိကျကျ မကြေညာ သေးပေ။
- ၃၀ မေ - ဗိုလ်ချုပ်ကြီး စောမောင်က "နဝတအစိုးရ အနေနှင့် တရား ဥပဒေနှင့် အညီ အာဏာ လွှဲပေးမည်။ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု များကို အာဏာ လွှဲပေးရေးကို နှောင့်ယှက် နိုင်သည်" ဟု ပြောကြားသည်။
- ၃၁ မေ - အမေရိကန်ပြည်ထောင်စု ပြောရေးဆိုခွင့်ရှိသူက နဝတအစိုးရသည် ရွေးကောက်ပွဲ ရလဒ်များကို မလိုက်နာလျှင် မိမိ အစိုးရအနေနှင့် စစ်အစိုးရကို ကမ္ဘာ့အသိုင်းအဝိုင်းမှ ပယ်ရန် အစီအစဉ်များ လုပ်ဆောင်မည်ဟု ပြောကြားသည်။
ဇွန်လ
- ၆ ဇွန် - ဥရောပ ဘုံဈေး အဖွဲ့ဝင် ၁၂ နိုင်ငံက နဝတအစိုးရအား ရွေးချယ်တင်မြှောက် ခံရသော အမျိုးသားလွှတ်တော်သို့ အာဏာလွှဲပေးရန် တိုက်တွန်းသည်။
- ၈ ဇွန် - နဝတအစိုးရက ရွေးကောက်ပွဲ ကုန်ကျ စရိတ်နှင့် ရွေးကောက်ပွဲ ရလဒ်များ အပေါ် ကိုယ်စားလှယ်များ၏ ကန့်ကွက်ချက်များကို ဖြေရှင်း ပြီးမှသာ အမျိုးသား လွှတ်တော်ကို ခေါ်ယူ ပေးနိုင်မည်ဟု ပြောကြားသည်။
- ၁၇ ဇွန် - ဗိုလ်မှူးချုပ် ခင်ညွန့်က သံတမန်များနှင့် နိုင်ငံခြား အသံလွှင့် ဌာန များအား နိုင်ငံရေး သမားများနှင့် တွေ့ဆုံ၍ ကောလာဟလများ ထုတ်လွှင့်ခြင်းဖြင့် မငြိမ် မသက်မှုများ ဖန်တီးနေသည်ဟု စွပ်စွဲ ပြောကြားသည်။
- ၁၉ ဇွန် - ဗိုလ်ချုပ်ကြီး စောမောင်က အာဏာ (အမြန်) အလျင်စလို လွှဲပေးရန် မဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲရန် လိုကြောင်း၊ ထိုဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်းသည် ခက်ခဲ နက်နဲ၍ အချိန်ယူ လုပ်ကိုင်ရန် လိုကြောင်း အလေးအနက်ထား ပြောကြားသည်။
- ၂၀ ဇွန် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး ပါတီ များနှင့် နဝတအစိုးရတို့ ဆွေးနွေး ညှိနှိုင်းရန် တောင်းဆိုသည်။
- ဇွန်လ - မြို့ကြီး များမှ အတင်းအကြပ် ရွေ့ပြောင်း စေမှုများ ဆက်လက် ဖြစ်ပွားသည်။ ပြည်သူ ထောင်ပေါင်း များစွာကို ပုဂံမှ နှင်ထုတ်၍ ဖုန်ထူသော မြို့ဟောင်း တောင်ဘက်တွင် ပြန်လည် နေရာ ချထားသည်။
ဇူလိုင်လ
- ၃ ဇူလိုင် - ဗိုလ်မှူးချုပ် ခင်ညွန့်က ဗိုလ်ချုပ်ကြီး စောမောင်နှင့် ပတ်သက်၍ မရေမရာ ထင်ကြေး ရေးသားမှုများ သတင်းလွှာ တစောင်တွင် ဖော်ပြသည်ဟု စွပ်စွဲကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နဝတအစိုးရ၏ ပထမဆုံး တိုက်ခိုက် ပြောဆိုမှုကို ပြုလုပ်သည်။
- ၄ ဇူလိုင် - ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး (Gareth Evans) က နဝတအစိုးရအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာ လွှဲပေးရန် တိုက်တွန်း လိုက်သည်။ နဝတအစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဆွေးနွေး ညှိနှိုင်းရန် ငြင်းပယ် လိုက်သည်။
- ၅ ဇူလိုင် - တရုတ် သံအမတ် ချန်ယူရှန်က ရွေးကောက်ပွဲတွင် အောင်ပွဲ ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချီးကျူး လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆို လိုက်သည်။
- ၁၉ ဇူလိုင် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဇာနည်နေ့တွင် သတိပြု ပရိယာယ် သုံးရန် ထုတ်ပြန် သော်လည်း ရန်ကုန်နှင့် အခြား နေရာများတွင် ကျောင်းသား အများစုက ကွက်ကြား ဆန္ဒပြမှုများ ပြုလုပ် ကြသည်။
- ၂၉ ဇူလိုင် - ရွေးချယ် ခံရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံ ကိုယ်စားလှယ်များ ရန်ကုန် ဂန္ဓီ ခန်းမတွင် တွေ့ဆုံ၍ နိုင်ငံတော် ပြန်လည် တည်ဆောက်ရေး အတွက် စိတ်ရင်းကောင်းဖြင့် ရိုးသား ပွင့်လင်းသော ဆွေးနွေးမှု များနှင့် ဒီမိုကရေစီ စနစ်သို့ အလျင်အမြန် ကူးပြောင်းရန် တို့ကို တောင်းဆို လိုက်သည်။ ကိုယ်စားလှယ် များက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် နဝတအစိုးရကို တိုက်တွန်း လိုက်သည်။ လက်နက် အပြည့်အစုံနှင့် စစ်သားများ ရန်ကုန်တွင် ကင်းလှည့် နေသည်။
ဩဂုတ်လ
- ၇ ဩဂုတ် - ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွန့်က နဝတအစိုးရသည် အာဏာ လွှဲပေးရန် အချိန် ဆွဲနေခြင်း မဟုတ်ကြောင်း ပြောကြားသည်။
- ၈ ဩဂုတ် - ရှစ်လေးလုံး နှစ်နှစ်ပြည့် ဆန္ဒပြပွဲများ ဖြစ်ပွားသည်။ မန္တလေးတွင် စစ်တပ်က ဆန္ဒ ပြသူများကို ပစ်ခတ်ရာ သံဃာ နှစ်ပါးနှင့် ကျောင်းသား နှစ်ဦး သေဆုံးသည်။
- ၁၀ ဩဂုတ် - နဝတအစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး သန်းထွန်းက မန္တလေး ပစ်ခတ်မှုတွင် တဦးမျှ မသေကြောင်း ပြောကြားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မငြိမ်မသက်မှုများ ဖန်တီး နေသည်ဟု စွပ်စွဲ လိုက်သည်။ ရိုင်ဖယ် စက်သေနတ် များကို ကိုင်ဆောင် ထားသော စစ်သားများက တရပ်ကား များဖြင့် ရန်ကုန်မြို့တွင် ကင်းလှည့် နေသည်။ တနိုင်ငံလုံးတွင် ပြည်သူ အများအပြား အဖမ်း ခံရသည်။ တရုတ်မှ လက်နက် ခဲယမ်း အမြောက်အမြား သင်္ဘောဖြင့် ရန်ကုန်သို့ ရောက်လာသည်။
- ၂၇ ဩဂုတ် - ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွှန့်က နဝတအစိုးရ အနေနှင့် အမျိုးသား လွှတ်တော် ခေါ်ယူရန် အချိန် အကန့်အသတ် မရှိကြောင်း ပြောကြားသည်။ ဩဂုတ်လ ၈ ရက် မန္တလေး အရေးအခင်းမှ စ၍ လူ ၅၀၀ ကျော် အဖမ်း ခံရသည်။
- ၂၉ ဩဂုတ် - ရွေးကောက်ပွဲတွင် အနိုင်ရသော ပါတီ အနေနှင့် ဥပဒေနှင့် တရားဝင် ရပိုင်ခွင့်ကို အသုံးပြု၍ နဝတအစိုးရ ခွင့်ပြုချက် ရသည် ဖြစ်စေ မရသည် ဖြစ်စေ၊ အမျိုးသား ညီလာခံကို အောက်တိုဘာလတွင် ကျင်းပမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားသည်။
- ၃၁ ဩဂုတ် - အခြေအနေများ ပို၍ တင်းမာ လာသောကြောင့် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ပြည်သူများအား တောင်းဆိုမှုများ၊ ထိပ်တိုက် ရင်ဆိုင်မှုများ မပြုလုပ်ရန် သတိ ပေးထားသည်။
စက်တင်ဘာလ
- ၂ စက်တင်ဘာ- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံကို အုပ်ချုပ်ရန် အဆင်သင့် မရှိကြောင်း တိုင်းမှူး မျိုးညွှန့်က ပြောကြားသည်။
- ၂ စက်တင်ဘာ - နဝတအစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးကြည်မောင်နှင့် အတွင်းရေးမှူး ဦးချစ်ခိုင် တို့ကို မန္တလေးမှ ပါတီ ခေါင်းဆောင် ၄ ဦးနှင့် အတူ ဖမ်းလိုက်သည်။ မန္တလေး ပြည်သူများက ဖမ်းဆီးမှုကို ဆန့်ကျင် ဆန္ဒ ပြကြသည်။ မန္တလေးမှ သံဃာတော် များက နဝတအစိုးရနှင့် အဆက်အသွယ် ဖြတ်ရန် စစ်မှုထမ်းများ ဆက်ကပ်သည့် လှူဖွယ် ပစ္စည်းများကို လက်မခံ တော့ကြောင်း၊ စစ်ဘက်မှ ကျင်းပ ပြုလုပ်သည့် ဘာသာရေး ပွဲများတွင် ပါဝင်မည် မဟုတ်ကြောင်းကို ကြေညာလိုက်သည်။
- ၂၈ စက်တင်ဘာ - မြန်မာ တပြည်လုံးတွင် ဖမ်းဆီးမှုများ ဆက်လက် ဖြစ်ပွားသည်။ အမေရိကန်၊ ဗြိတိန်နှင့် အခြား နိုင်ငံများမှ ၎င်းတို့၏ သံရုံး အမှုထမ်း များအား ဖမ်းဆီးမှုကို ကန့်ကွက် ကြသည်။
ကိုးကား
- ↑ မြဝင်း (၁၉၉၁)။ တပ်မတော် ခေါင်းဆောင်များ သမိုင်း အကျဉ်း (၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ)။ ရန်ကုန်: သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ pp. ၈၆-၈၇။