စခုန်တိန့်ယိန်း
စခုန်တိန့်ယိန်း (၂၂ ဧပြီ ၁၉၄၀ မွေးဖွား) သည် ကချင်မျိုးနွယ်စုဝင် လာချိဒ်လူမျိုး ဖြစ်ပြီး ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) ၏ တည်ထောင်သူ နှင့် ကချင်အထူးဒေသ (၁) ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ၂၀၁၁ မှ ၂၀၁၆ အထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံရေးတွင် ပါဝင်ခဲ့သည်။၂၀ ၂၄ ခုနှစ် နောက်ပိုင်းတွင် ကချင်အထူးဒေသ (၁) ကို ကချင်လွတ်မြောက်ရေး တပ်မတော် ထံသို့ အာဏာလွှဲပြောင်းလိုက်ရသူလည်း ဖြစ်သည်။ ငယ်ဘဝ၁၉၄၀ ပြည့်နှစ် ဧပြီ ၂၂ ရက် တွင် စခုန်တိန့်ယိန်း သည် ကချင်ပြည်နယ်၊အရှေ့ မြောက်ပိုင်းရှိ ဝေးလံခေါင်ပါးသော ကန်ဖန်ရွာတွင် မွေးဖွားခဲ့သည်။ ၎င်းမွေးဖွားခဲ့သည့် ရွာသည် ၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံ သို့ လွှဲပြောင်းလိုက်ရသည့် ကချင် ဖီဖော်-ဂေါ်လမ်-ကမ်ဖန် ရွာ(၃)ရွာထဲမှ တစ်ရွာဖြစ်သည်။ [၁] မိဘများသည် လာချိဒ် တိုင်းရင်းသားမျိုးနွယ်ဝင် ငေါ့ချမ်း လူမျိုးစုငယ်မှ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြ၏။ ပညာရေး၎င်းသည် ဝေးလံခေါင်ပါးသောဒေသတွင် မွေးဖွားခဲ့လင့်ကစား ငယ်စဉ်ကတည်းက စာပေပညာ တွင် ထူးချွန်ခဲ့သည်။မွေးရပ်မြေမှ မြစ်ကြီးနားမြို့သို့ တက်ရောက်၍ အခြေခံပညာများ သင်ယူပြီးမြောက်ခဲ့သည်။ ၁၉၅၆ ခုနှစ် နောက်ပိုင်းကာလများတွင် စခုန်တိန့်ယိန်း သည် ရန်ကုန်တက္ကသိုလ် ၌ ဘီအိုစီ (Burma Oil Co) က တည်ထောင်ဖွင့်လှစ်ထားသည့် အင်ဂျင်နီယာကောလိပ် သို့ တက်ရောက်ခဲ့သည်။ထိုကောလိပ် တွင် တက်ရောက်နေစဉ် သူသည် တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်) သို့ပါ တစ်ပါတည်း တက်ရောက်ခဲ့ပြီး စစ်ပညာကို လေ့လာသင်ယူခဲ့သည်။[၂] ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံ ကာလအရောက်တွင် သူတက်ရောက်နေသည့် ကောလိပ်ပိတ်လိုက်သည့်အတွက် မြစ်ကြီးနားမြို့ သို့ ပြန်လာခဲ့သည်။အချိန်ပိုင်း ကျောင်းဆရာအလုပ်ကို မြစ်ကြီးနားမြို့တွင်ပင် တစ်နှစ်ခန့် လုပ်ကိုင်ခဲ့သေးသည်။ တော်လှန်ရေးခရီး၁၉၆၃ ခုနှစ် တွင် ကချင်လူငယ် စခုန်တိန့်ယိန်း သည် ဖွဲ့စည်းချိန် နှစ်နှစ်ကျော် သက်တမ်းသာရှိသေးသည့် ကချင်လွတ်မြောက်ရေး တပ်မတော် သို့ ခြေစုံပစ် ဝင်ရောက်၍ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်း ကို စတင်လျှောက်လှမ်းခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းဆင်း နှင့် တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်) စစ်ပညာ အတွေ့အကြုံရှိ အသက် ၂၃ နှစ်အရွယ် ပညာတတ်လူငယ် စခုန်တိန့်ယိန်း ကို KIO/KIA စတင်တည်ထောင်ခဲ့ကြသည့် ဒူဝါလဖိုင်းနော်ဆိုင်း၊လထော်ဇော်ဆိုင်း၊လထော်ဇော်ထူး၊လထော်ဇော်ဒန် တို့က အနီးကပ်လူယုံအဖြစ် ထားရှိခဲ့ကြသည်။KIA တပ်ခွဲမှူးရာထူးအထိ ပေးအပ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနား အထက်ပိုင်း၊ မေခ နှင့် မလိခ မြစ်ကြား၊ တြိဂံဒေသ ရှိ စစ်စခန်းကို ကြီးကြပ်စီမံခိုင်းသည်။ထိုစခန်းသည် တိုက်ပွဲကြောင့် တိမ်းရှောင်လာခဲ့ရသည့် လထော်ဇော်ထူး နှင့် လထော်ဇော်ဒန် တို့ ခိုလှုံခဲ့ရသည်အထိ စစ်ရေးအရအရေးပါခဲ့သည်။ [၃] ၁၉၆၇ ခုနှစ် တွင် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်များ နှင့် ထိပ်ပိုင်းခေါင်းဆောင် လထော်ဇော်ထူး ဦးဆောင်သည့် KIA ကိုယ်စားလှယ်အဖွဲ့ တို့ တရုတ်နိုင်ငံထဲ ဆွေးနွေးပွဲ ပြုလုပ်ကြသည်။ဆွေးနွေးပွဲပြီး အပြန်ခရီးတွင် လထော်ဇော်ထူး နှင့် လမ်းခရီးအတူ လုံခြုံရေးလိုက်ပါလာသည့် ဇခုန်တိန့်ယိန်း တို့အကြား ဗကပ နှင့် တွဲရေး၊မတွဲရေးသဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့သည်။ဆက်၍ တပ်ဖွဲ့အတွင်း မျိုးနွယ်စု သဘောထားကွဲလွဲမှုများလည်း ပေါပေါက် ဖြစ်ပေါ်ခဲ့ကြသည်။ ၁၉၆၈ ခုနှစ် တွင် ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ပူးပေါင်းလိုသည့် စခုန်တိန့်ယိန်း သည် မရူမျိုးအနွယ်ဝင် KIA တပ်ရင်း ၄ တပ်ခွဲမှူး လယောက်ဇလွန်း နှင့်အတူ တပ်ခွဲနှစ်ခုတို့သည် KIA မှ ခွဲထွက်ခဲ့ကြပြီး ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ပူးပေါင်းလိုက်ကြသည်။ ၁၉၆၉ ခုနှစ် တွင် ဇခုန်တိန့်ယိန်းသည် ၁၀၁ စစ်ဒေသတပ်မှူး အဖြစ်ဖြင့် တပ်ခွဲနှစ်ခုကို ဦးဆောင်ပြီး တရုတ်-မြန်မာနယ်စပ်မျဉ်းကိုဖြတ်ကာ ကချင်ပြည်နယ်၊ ပန်ဝါမြို့၊ ကံပိုင်တည်မြို့ နှင့် ဖီမော်မြို့ များသို့ ဝင်ရောက်အခြေချ တပ်စွဲခဲ့သည်။သူသည် တပ်မတော် နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့၏ ထော့ကော်တိုက်ပွဲ (၁၉၇၉) တွင် တိုက်ရည်ခိုက်ရည်ကောင်းသူအဖြစ် ထင်ရှားခဲ့သည်။ ကိုယ်ပိုင်တပ်တည်ထောင်ခြင်းဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလတွင် စခုန်တိန့်ယိန်း သည် ၁၀၁ စစ်ဒေသနယ်မြေမှာပင် ကချင်ဒီမိုကရေစီသစ် တပ်မတော် ကို ဦးဆောင်ထူထောင်လိုက်သည်။၎င်းသည် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် NDA တပ်ဖွဲ့ဝင်အင်အား ၁၂၈၆ ဦး နှင့်အတူ လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်လျက် တရားဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာဝင်ရောက်လာသည်။ ၁၉၉၀ ပြည့်နှစ်၊ဇန်နဝါရီလ ၁၅ ရက် တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ငြိမ်းချမ်းရေးစာချုပ်အရ ၁၉၉၄ ခုနှစ် တွင် နိုင်ငံတော်အစိုးရမှ ကချင်ပြည်နယ်၊ ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော် (မြို့နယ်မြောက်ခြမ်း) ဒေသများအား ကချင်အထူးဒေသ(၁)အဖြစ် နယ်မြေသတ်မှတ်ပေးခဲ့သည်။သူသည် ကချင်အထူးဒေသ(၁) ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် အပြင်၊ ကချင်ဒီမိုကရေစီသစ် တပ်မတော် ခေါင်းဆောင် အဖြစ် နှင့် ထိုဒေသကို နှစ် ၂၀အကြာ တစ်ဦးတည်းစိတ်ကြိုက် စီမံခန့်ခွဲအုပ်ချုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ် မေ ၂၉ ရက် တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို အတည်ပြုပြဋ္ဌာန်းပြီးနောက် အပစ်ရပ်အဖွဲ့များ အား နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖွဲ့ပြောင်းရန် ဆက်တိုက်ဖိအားပေးလာခဲ့သည်။ဝ၊ မိုင်းလား၊ ကိုးကန့် နှင့် KIA တို့က နယ်ခြားစောင့် ပြောင်းရန် လက်မခံကြ၍ တပ်မတော် နှင့် ထိုအဖွဲ့အကြား စစ်ရေးတင်းမာနေချိန် [၄] NDAK ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ကမူ နယ်ခြားစောင့်တပ် ပြောင်းရန် လက်ခံသဘောတူပေးခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၈ရက် တွင် ၎င်းဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် ချီဖွေမြို့အရှေ့ဘက် ဝေါ်ချုံးဒေသ ဖီမော်ကျေးရွာအနီးတွင် တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးတွင် တပ်ရင်း ၁၀၀၂၊ ချီဖွေမြို့နယ် ကံပိုင်တည်မြို့ အနီးရှိ ဂမ်ခွန်းကျေးရွာအနီးတွင် တပ်ရင်း ၁၀၀၃ ဟူ၍ တပ်ရင်း ၃ ရင်း ဖြင့် နယ်ခြားစောင့်တပ်ကို တရားဝင်ထူထောင်သတ်မှတ်ခဲ့သည်။သူသည် ထိုအချိန်တွင် ကချင်အထူးဒေသ (၁) ၏ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဖြစ်လာသည်။[၅] [၆] စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှုဦးစခုန်တိန့်ယိန်း စီမံခန့်ခွဲရာ ကချင်ပြည်နယ် အထူးဒေသ (၁) အတွင်းရှိ ချီဖွေ၊ ပန်ဝါ နှင့် ဝိုင်းမော်မြို့နယ် တို့သည် ဘိန်းစိုက်ပျိုးမှု ဖြင့် နာမည်ကျော်ကြားသည်။ [၇] ၎င်းသည် မူးယစ်ဆေးဝါး နှင့် ပတ်သတ်၍ ၎င်းတို့ နယ်မြေအနေဖြင့် ဘိန်းစိုက်ပျိုးမှု တားမြစ်ထားပြီး၊ တွေ့ရှိပါက ဒဏ်ငွေ ၊ ပြစ်ဒဏ်များ ပေးကြောင်း အကြိမ်ကြိမ်ပြောဆို ငြင်းချက်ထုတ်ထားခဲ့သော်လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) ၏ အာရုံစိုက်ခြင်းကို ခံရသည့် နယ်မြေတစ်ခု ဖြစ်ခဲ့သည်။[၈] ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလကစပြီး ဦးဇခုန်တိန့်ယိန်း သည် တပ်မတော် နှင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးရယူပြီးနောက် ကုမ္ပဏီထောင်ပြီး ၁၂ ရာသီနှင်းလွှမ်းနေသည့် ၎င်း၏ နယ်မြေဒေသတွင် စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်သည်။၎င်း၏ မြန်မာမျိုးကိုကို ကုမ္ပဏီ မှာ ထင်ရှားသည်။ သစ်လုပ်ငန်း နှင့် မြေရှားဒြပ်စင်များ ထုတ်လုပ်မှု လုပ်ငန်းများကို အလွန်အကျွံလုပ်ဆောင်ခဲ့၍ သစ်ထုတ်လုပ်ရေးပိုင်းတွင် သစ်တောပြုန်းတီးလာသကဲ့သို့ ဖြစ်လာပြီး မြေရှားသတ္ထုပိုင်းတွင်လည်း မြန်မာပြည်အရှေ့မြောက်ပိုင်း ကချင်အထူးဒေသ (၁) သည် တရုတ်နိုင်ငံ ၏ မြေရှားစက်ရုံ အထိ ဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် မတ်လ တွင် ထိုဒေသကို Global Witness အဖွဲ့က ဂြိုဟ်တုမှတဆင့် စုံစမ်းထောက်လှမ်းခဲ့ရာတွင် စင်္ကာပူနိုင်ငံ ပမာဏခန့် ကျယ်ဝန်းသည့် မြေရှားသတ္တုထုတ်ယူသည့် လုပ်ကွက်ပေါင်း (၃၀၀) နီးပါး အထိတွေ့ခဲ့ရသည်။မြေရှားသတ္တု (၁၇) မျိုး ရှိသည့် ကချင်အထူးဒေသ (၁) တွင် ရှားပါးသည့် Dysprosium နှင့် Terbium သတ္တုများသည် တရုတ်ကုမ္ပဏီများအတွက် အလွန်အသုံးဝင်သည့်အတွက် ၂၀၁၉ ခုနှစ်စာရင်းအရပင် တရုတ်လူမျိုး (၁၆,၀၀၀) ခန့် ကချင်အထူးဒေသ (၁) တွင် အလုပ်လုပ်ကိုင်ကြရသည်အထိ ၎င်း၏ စီးပွားရေးအင်ပါယာသည် ကြီးမားခဲ့သည်။[၉] နိုင်ငံရေးဘဝဖြတ်သန်းမှုသူသည် အမျိုးသားညီလာခံသို့ ကချင်အထူးဒေသ(၁) တိုင်းရင်းသားခေါင်းဆောင် တစ်ဦးအနေဖြင့် တက်ရောက်ခဲ့သည်။[၁၀] ၂၀၁၀ ပြည့်နှစ် အထွထွေရွေးကောက်ပွဲ တွင် ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ်၊မဲဆန္ဒနယ် အမှတ် (၄) မှ နေ၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လက်ရှောင်နေခဲ့သည့် ယင်းမဲဆန္ဒနယ် တွင် သူသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမဂျီဇော်တောင် နှင့် ယှဉ်ပြိုင်သည်။ဆန္ဒမဲပေးသူ ၁၁၀၀၀ တွင် ၆၃၅၃ ဦး၏ မဲရပြီး၊ပြိုင်ဘက်က ၄၀၄၇ မဲ ဖြင့် သူ အနိုင်ရရှိခဲ့သည်။[၁၁] [၁၂] ထို့နောက် ၂၀၁၁ မှ ၂၀၁၆ အထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံရေး တွင် ပါဝင်ဖြတ်သန်းခဲ့သည်။ [၁၃] ၂၀၁၅ အထွထွေရွေးကောက်ပွဲ အကြိုကာလ အရောက်တွင် သူသည် ကချင်ပြည်နယ်၊မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ရွေးကောက်ပွဲဝင်ရန် အမည်စာရင်းတင်သွင်းခဲ့သည်။လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ် အဖြစ်သို့ ကူးပြောင်းခဲ့သူ ဦးစခုန်တိန့်ယိန်းသည် သူ၏ New Democratic Army – Kachin (NDAK) တပ်ဖွဲ့က ထိန်းချုပ်ထားသည့် ဧရိယာအတွင်းတွင် NLD လွှတ်တော် ကိုယ်စာလှယ်လောင်းများ မဲဆွယ်လှုပ်ရှားမှု မပြုလုပ်ရန် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့တွင် စာရေးသား၍ တားမြစ်ခြင်းများ၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက် တွင် ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ် ကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။[၁၄] ပြိုင်ဖက်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ တိုင်ကြားကြ၍ ကော်မရှင်က ၎င်း၏ လုပ်ဆောင်ချက်ကို တားမြစ်ခဲ့သည်။ ကိုယ်စားလှယ်လောင်း (၆)ဦး ပြိုင်သည့် ယင်းမဲဆန္ဒယ်တွင် ၎င်းက မဲပေးခွင့်ရှိသူ ၁၁၃၅၄ ဦး ရှိသည့်အနက် ခိုင်လုံမဲ ၅၁၄၃ မဲ ရရှိကာ အနိုင်ရခဲ့သည်။[၁၅] သို့သော်လည်း ရွေးကောက်ပွဲကာလ လုပ်ဆောင်ချက်များ နှင့် ရွေးကောက်ပွဲနေ့ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ တိုင်ကြားခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်၊ဩဂုတ် ၃၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်ကြားချက်များအား အပြီးသတ်ခုံရုံးဖြင့် စစ်ဆေးပြီး ပေါ်ပေါက်ချက်များအရ ဦးစခုန်တိန့်ယိန်းအား ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ အပြီးသတ်ပယ်ဖျက်ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။၎င်း၏ နေရာအား ဒုတိယမဲအများဆုံးရသူ ဦးယောနက ဥပဒေအရ ဆက်ခံခဲ့သည်။[၁၆] ၂၀၁၉ ခုနှစ် ဩဂုတ် ၁၉ ရက် တွင် ဒီမိုကရေစီပါတီသစ် (ကချင်) အမည်ရှိသော နိုင်ငံရေးပါတီတစ်ခုကို ဦးဇခုန်တိန့်ယိန်းက နာယကအဖြစ် တာဝန်ယူကာ ၎င်း၏ သား ဦးဇခုန်ယိန်းဆောင် က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ထားသေးသည်။[၁၇] [၁၈] [၁၉] ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက်တွင် ထိုပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးမန်ရှန်တိန့်ဆောင်က ကချင်ပြည်နယ် အစိုးရအဖွဲ့ ၏ သံယဇာတဝန်ကြီးနေရာ ရရှိခဲ့သည်။[၂၀] ကချင်အထူးဒေသ ၁ ချုပ်ငြိမ်းသွားခဲ့ခြင်း၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ဦးစခုန်တိန့်ယိန်း ၏ ကချင်ဒီမိုကရေစီသစ် တပ်မတော်သည် မူလကတည်းကသင့်မြတ်မှုမရှိခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ခဲ့သည်။သူက တပ်မတော် သည် ကချင်လွတ်မြောက်ရေး တပ်မတော်ကို အပြီးသတ်ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသူဖြစ်သည်။[၂၁] ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက် တွင် တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရှိ ကချင်ဒီမိုကရေစီသစ် တပ်မတော် နှင့် အစိုးရတပ်များ ပူးပေါင်း ဖွဲ့ထားသည့် နယ်ခြားစောင့် စစ်စခန်း တခုကို ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ [၂၂] တပ်မတော်၏ လေကြောင်းပစ်ကူများကြောင့် ကေအိုင်အေအဖွဲ့များ ဆုတ်ခွာသွားခဲ့ကြသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက် တွင် ၎င်းက ကချင်လွတ်မြောက်ရေး တပ်မတော်ကို ၎င်းတို့အား မတိုက်ခိုက်ရန် နှင့် တပ်မတော် ကို ယှဉ်ပြိုင်တိုက်ခိုက်ရန် မကြံစည်သင့်ကြောင်း တိုက်တွန်းနားချစာကို ထုတ်ခဲ့သည်။[၂၃]တရုတ်အစိုးရကလည်း ကေအိုင်အေ ကို ဖိအားပေးခဲ့သည်။ ဤသို့ဖြင့် ကချင် အထူးဒေသ (၁) တွင် တိုက်ပွဲများ ယာယီရပ်ဆိုင်းသွားခဲ့သည်။ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း၂၀၂၄ ခုနှစ် မေလကစပြီး ကချင်အထူးဒေသ(၁) ပတ်ဝန်းကျင် အနီးတစ်ဝိုက် တွင် စစ်ရေးမငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက် တွင် ဦးစခုန်တိန့်ယိန်းသည် ကချင်အထူးဒေသ (၁) နယ်မြေထဲ ဝင်ရောက်လာခဲ့သည့် KIA နှင့် PDF ပူးပေါင်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများ နှင့် ဒေသလက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်များကို ယတိပြတ်ခုခံချေမှုန်းရန် စစ်မိန့်ပေးစာ ထုတ်ပြန်ခဲ့သည်။ ထိုစစ်မိန့်ထုတ်ပြန်ပြီး ၄ရက် အကြာ ဇွန်လ ၁၁ ရက်တွင် KIA နှင့် ပူးပေါင်းမဟာမိတ်တပ်များက ဝိုင်းမော် – ကန်ပိုင်တည်နယ်စပ်ဆက်သွယ်ရေးလမ်းကြောပေါ်ရှိ ဆဒုံးမြို့ရှိ ဗျုဟာစခန်းကုန်းကြီးအပါအဝင် စစ်တပ်စခန်း ၁၁ ခု နှင့် ဇွန်လ ၁၃ ရက်နေ့တွင် ဝိုင်းမော် – ချီဖွေသွားလမ်းပေါ်ရှိ ဆနီခူးပြည်သူ့စစ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကြသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက် တွင် ဦးစခုန်တိန့်ယိန်း၏စစ်မိန့်ကို မထုတ်ပြန်သင့်သော စစ်မိန့် ဟု KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော် က တရားဝင် ဝေဖန်၍ ပယ်ချလိုက်ပြီးနောက် တိုက်ပွဲပိုမို ဖြစ်ပွားခဲ့သည်။[၂၄] ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ချီဖွေမြို့ သိမ်းပိုက်ခံရသည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ရက် တွင် ဆော့လော်မြို့၊ အောက်တိုဘာလ ၁၈ရက်တွင် ပန်ဝါမြို့၊ နိုဝင်ဘာ ၂ရက်တွင် ဖီမော်မြို့ တို့ အသီးသီး သိမ်းပိုက်ခံရသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် ကံပိုက်တည်မြို့သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ သိမ်းယူခြင်းကို ထပ်မံခံရပြန်သည်။ပန်ဝါမြို့ ရှိ ဦးဇခုန်တိန့်ယိန်း ၏ နေအိမ် နှင့် ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက် တွင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ကချင်ပြည်နယ် အတွင်း ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း တစ်ဖက်သတ် ကြေညာခြင်းဖြင့် ဦးစခုန်တိန့်ယိန်း ၏ နှစ် ၃၀ ကျော်ကြာ အုပ်ချုပ်ရေးယန္တရားသည် နိဂုံးချုပ်အဆုံးသတ်သွားခဲ့ရသည်။[၂၅] [၂၆] ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဦးစခုန်တိန့်ယိန်း နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ တွေ့ဆုံခဲ့ကြပြီး ထိုတွေ့ဆုံမှုသည် ကချင်အထူးဒေသ (၁)အား ဦးစခုန်တိန့်ယိန်း လက်လွှတ်ခဲ့ရပြီးနောက် ပထမဦးဆုံးတွေ့ဆုံမှုဖြစ်ခဲ့သည်။[၂၇] ရရှိသောဆု၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအား ကချင်အဖွဲ့ New Democratic Army(Kachin)- NDAK)ကချင်ပြည်နယ် အထူးဒေသ(၁)ခေါင်းဆောင် အနေဖြင့် ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းချီးမြှင့်သည်။[၂၈] ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၉ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းကိုပင် New Democratic Army – Kachin ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အနေဖြင့် သီရိပျံချီဘွဲ့ ထပ်မံ ချီးမြှင့်အပ်နှင်းခဲ့သည်။[၂၉] ကိုးကား
|
Portal di Ensiklopedia Dunia