ဆိပ်ဖြူမြို့နယ်
ဆိပ်ဖြူမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆိပ်ဖြူမြို့ဖြစ်သည်။ ဆိပ်ဖြူမြို့တွင် သင်္ဘောဆိပ် နှင့် မီးရထားဘူတာရုံများ တည်ရှိသည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးမှုများဖြစ်ခဲ့ရာ ဒေသလည်း ဖြစ်သည်။[၂][၃][၄] တည်နေရာ၊ အကျယ်အဝန်း၅၈၈.၁၈ စတုရန်းမိုင် ကျယ်ဝန်းသော ဆိပ်ဖြူမြို့နယ်သည် မြောက်လတ္တီကျူ့ ၂၀° ၅၁' နှင့် ၂၁° ၁၅' အကြား၊ အရှေ့လောင်ဂျီကျူ့ ၉၄° ၀၉' နှင့် ၉၄° ၄၈' အကြားတွင် တည်ရှိသည်။ ယောချောင်းသည် မြို့နယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ မြို့နယ်၏ အရှေ့တောင်ဘက်နယ်နမိတ်သည် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည်။ ပုသိမ်မုံရွာလမ်းမကြီးသည် မြို့နယ်၏ အနောက်ဘက်ခြမ်းတွင် တောင်မြောက် ဖြတ်သန်း ဖောက်လုပ်ထားသည်။ [၅] ထိစပ်လျက်ရှိသော နယ်နမိတ်များဆိပ်ဖြူမြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။[၆]
မြေမျက်နှာသွင်ပြင်ဆိပ်ဖြူမြို့နယ်၏ ပျမ်းမျှ ပင်လယ်မျက်နှာပြင်အထက် အမြင့်မှာ ၂၁၅.၃ ပေ ဖြစ် သည်။ တောင်ကုန်း တောင်တန်း များပြားပြီး မြေပြန့်ဒေသ နည်းပါးသည်။ မြို့နယ် အနောက်ဘက်ရှိ တောင်ကုန်း တောင်တန်းများသည် ပုံတောင် ပုညာ တောင်တန်းများနှင့် ဆက်စပ်လျက် ရှိပြီး အမြင့်ဆုံး နေရာမှာ ၂၂၈၄ ပေ ရှိသည်။ [၇] ရေဆင်းချင်းတောင်တန်း နှင့် ပုံတောင်ပုံညာ တောင်တန်းများ တွင် မြစ်ဖျားခံသော ယောချောင်း နှင့် ချောင်းငယ်များ အပြင် ဧရာဝတီမြစ်များမှ စိုက်ပျိုးရေ ရရှိသည်။ ယျေဘုယျအားဖြင့် မြောက် မှ တောင် စီးဆင်းသော ဧရာဝတီမြစ်သည် ဆိပ်ဖြူမြို့နယ်၏ တောင်ဘက် ချောက်မြို့နယ် နှင့် ဆိပ်ဖြူ မြို့နယ် နှစ်ခုအကြား နယ်နိမိတ်အဖြစ် စီးဆင်းချိန်တွင်မူ အရှေ့မြောက် မှ အနောက်တောင် သို့ စီးဆင်းသည်။ ယောချောင်းသည် ပခုက္ကူမြို့နယ် နှင့် ဆိပ်ဖြူမြို့နယ်၏ နယ်နိမိတ်အဖြစ် မြောက်မှ တောင်သို့ စီးဆင်းပြီး မြို့နယ်၏ အရှေ့တောင်ထောင့်နေရာ ဆိပ်ဖြူမြို့ ယောဝရပ်ကွက် အနီးတွင် ဧရာဝတီမြစ်ထဲသို့ စီးဝင်ပေါင်းဆုံသည်။ ယောချောင်း၏ အဓိက ချောင်းလက်တက်တစ်ခုဖြစ်သော ချစ်ချောင်းသည် မြို့နယ် အနောက်မြောက်ပိုင်း တောင်တန်း တောင်ကုန်းများတွင် မြစ်ဖျားခံကာ တောင်ဘက်သို့ စီးဆင်းလာပြီး ရွာသာကုန်းရွာ အနီးတွင် အရှေ့တောင်ဘက်သို့ ကွေ့၍ စီးဆင်းကာ မိဖုရားချိုင့်ရွာ တောင်ဖက်အရောက်တွင် အရှေ့ဖက်သို့ဆက်လက်စီးဆင်း၍ ဆင်နီတောင် နှင့် ဒေါသာရွာနှစ်ရွာ အကြားတွင် ယောချောင်းအတွင်းသို့ စီးဝင်သည်။ စလင်းမြို့နယ်အတွင်း စီးဆင်း သော မြေနုချောင်းသည် မြေနုရွာ အနီးတွင် နှစ်မြို့နယ် နယ်နိမိတ်အဖြစ် ဆက်လက်စီးဆင်းပြီး ဆိပ်ဖြူမြိုန့ယ် ဆူးလေကုန်းရွာ အနီးတွင် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သည်။ စလင်းချောင်း၏ ချောင်းလက်တက် မွဲချောင်းသည် ဆိပ်ဖြူမြို့နယ် အနောက်ဖက်ပိုင်းတွင် မြောက် မှ တောင် သို့ ကန်ဇွန်းမ၊ ကော်တုံရွာများအနီးမှ ဖြတ်သန်း စီးဆင်းပြီး ငှက်ပြာဝရွာ၊ တောနလင်ရွာများ အနီးတွင် စလင်းမြို့နယ် အတွင်းသို့ ဆက်လက်စီးဆင်းသည်။ ဆိပ်ဖြူမြို့နယ် အနောက်ဖက်ဒေသ ပိုင်းရွာ၏ တောင်ဖက် တောတောင်များတွင် အစပြုသော မြေနီချောင်းသည် အခြားချောင်းများနှင့် ဆန့်ကျင်လျက် တောင်မှ မြောက်သို့ ပိုင်း၊ ဝန်ကြီး၊ ရှားလှ ရွာများကို ဖြတ်သန်းစီးဆင်းပြီး ပေါက်မြို့နယ်အတွင်း ဆက်လက်စီးဆင်းကာ ယောချောင်းအတွင်းသို့ စီးဝင် သည် ။ [၇] ရာသီဥတုဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်း တွင် ပါဝင်သော်လည်း ချင်းတောင်တန်း နှင့် ပုံတောင်ပုံညာ တောင်တန်းများ တွင် မြစ်ဖျားခံသော ချောင်းများ နှင့် ဧရာဝတီမြစ်များစီးဆင်းနေသည်။ အမြင့်ဆုံးအပူချိန် (၄၆) ဒီဂရီ စင်တီဂရိတ် နှင့် အနိမ့်ဆုံးအပူချိန် (၁၃) ဒီဂရီ စင်တီဂရိတ် ထိ ရှိသည်။ [၇]
မိုးရေချိန်မိုးခေါင်ရေရှားရပ်ဝန်း တွင် တည်ရှိသည့် အား လျော်စွာ နှစ်စဉ် မိုးရေချိန်မှာ ၂၇ လက်မ မှ ၃၆ လက်မ အထိသာ ရွာသွန်းသည်။
သဘာဝပေါက်ပင်ဆိပ်ဖြူမြို့နယ် အတွင်း သန်း၊ ဒဟတ်၊ နဘဲ၊ ရှာထောက်ကြံ့၊ အင်ကြင်း၊ ဖန်ခါး၊ ထန်း၊ ကုက္ကိုလ်၊ မန်ကျည်း၊ တမာ၊ ထနောင်း ပင်များ ပေါက်ရောက်သည်ကို တွေ့ရသည်။ တောရိုင်းတိရစ္ဆာန်ဆိပ်ဖြူမြို့နယ် အတွင်း တွေ့ရသော တောရိုင်းတိရစ္ဆာန်များမှာ သမင်၊ ဂျီ (ချေ)၊ ယုန်၊ မျောက်၊ ခွေးအ၊ သိန်းငှက်၊ ဖွတ်၊ တောဝက်၊ ပုတက်၊ တောကြောင်၊ မြွေအမျိုးမျိုး စသည်တို့ ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိပ်ဖြူမြို့နယ် သဘာဝပတ်ဝန်းကျင်တောတောင်များသည် နှစ်စဉ် ဖေဖော်ဝါရီလ မှ ဇွန်လ အထိ အရွက်ကြွေကာ ခြောက်သွေ့တောများဖြစ်ကြသည်။ ဧရာဝတီမြစ် နှင့် ယောချောင်း၊ ချစ်ချောင်းများသည် မိုးကာလတွင် ရေကြီးရေလျှံ လေ့ရှိ၍ နွေရာသီတွင် ရေနည်းပါးပြီး သဲသောင်များ ပေါ်ထွန်းပါသည်။ ကျန် ချောင်းများသည် မိုးရွာသွန်းချိန်တွင်သာ ရေစီးဆင်းပြီး ကျန်အချိန်များတွင် ရေမရှိသော သဲချောင်းများဖြစ်ကြသည်။[၇] မြို့နယ် မျက်နှာပြင်၏ ၄၂.၆၄ % ဖြစ်သော ၁၆၀၅၁၂.၇၄ ဧက ကို သဘာဝ အပူပိုင်းသစ်တောများဖြင့် ဖုံးလွှမ်းထားသည်။ သဘာဝသစ်တောများ၏ ၂၆.၇၁ % ဖြစ်သော သစ်တောကြိုးဝိုင်းဧရိယာ ၄၂၈၇၀.၈၉ ဧက ကို သစ်တောကြိုးဝိုင်း - ၃ - ခုဖွဲ့၍လည်းကောင်း၊ သဘာဝသစ်တောများ၏ ၁၅.၀၃ % ဖြစ်သော ၂၄၁၂၆.၆၈ ဧက ကို ကြိုးပြင်သစ်တောအဖြစ်သတ်မှတ်၍လည်းကောင်း မြို့နယ်သစ်တောဦးစီးဌာနက ထိန်းသိမ်းလျက်ရှိပြီး ကျန်သဘာဝတောများကို ထိန်းသိမ်းနိုင်ခြင်း မရှိသလောက်ပင်ဖြစ်ပါသည်။ နိုင်ငံပိုင် စီးပွားရေးစိုက်ခင်း ဧက (၁၀၀)၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း ဧက (၉၀)၊ ကျေးရွာပိုင် ထင်းစိုက်ခင်း ဧက (၅၀) စိုက်ပျိုးထားသည်။ [၇] သဘာဝဘေး၊ ကပ်ဘေး၊ လူလုပ်ဘေးအန္တရာယ်များဆိပ်ဖြူမြို့နယ်တွင် မြစ်ချောင်းများရေကြီးရေလျှံခြင်း၊ လေပြင်း မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မီး လောင် ခြင်း၊ စစ်မတ်ဖြစ်ပွားခြင်း၊ ကပ်ရောဂါဖြစ်ပွားခြင်းများ ရှိခဲ့သည်။ ဧရာဝတီမြစ်သည် နှစ်စဉ် မိုးရာသီ၍ ရေကြီးရေလျှံ ဖြစ်လေ့ရှိသည်။ ဧရာဝတီမြစ်အတွင်း ကျွန်းများတွင် တည်ရှိသော ရွာများမှာလည်း နှစ်စဉ် ရေ ဘေး သင့်လေ့ရှိပါသည်။ ဧရာဝတီမြစ် ဆိပ်ဖြူမြို့ စိုးရိမ်ရေမှတ်မှာ ၁၄၅၀ စင်တီမီတာဖြစ်သည်။ ဧရာဝတီမြစ်နည်းတူ ယောချောင်းသည်လည်း ရေကြီးရေလျှံ ဖြစ်တတ်ပြီး ချောင်းဘေး ရွာများ ရေဘေးသင့်လေ့ရှိသည်။ ဆိပ်ဖြူမြို့နယ်သည် အနောက်ရိုးမ နှင့် ကပ်လျက်တည်ရှိသည်ဖြစ်ရာ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ ကုန်းတွင်းဝင်၍ အနောက်ရိုးမကိုကျော်လာသည်နှင့် မုန်တိုင်းဒဏ်ကို ခံရမြဲဖြစ်သည်။ ၂၀၁၀ ခုနှစ် ဂီရိ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသည်။ ဆိပ်ဖြူမြို့နယ်သည် ငလျင်ကျော ပေါ် တွင်တည်ရှိသဖြင့် ငလျင်လည်း အကြိမ်ကြိမ်သင့်ခဲ့ဖူးသည်။ ၁၉၇၅ ပုဂံငလျင်၏ ဗဟိုချက်သည် ဆိပ်ဖြူမြို့နယ် မြောက်ဘက်အိမ်နီးချင်း ပေါက်မြို့နယ်အတွင်းတွင်လည်းကောင်း၊ ၂၀၁၆ ချောက်ငလျင် ဗဟိုချက်သည် ဆိပ်ဖြူမြို့နယ် တောင်ဘက် အိမ်နီးချင်း စလင်းမြို့နယ်အတွင်းတွင်လည်းကောင်း ဖြစ်သဖြင့် ဆိပ်ဖြူမြို့နယ်သည် အဆိုပါ ငလျင်များဒဏ်ကို ကောင်းစွာ ခံခဲ့ရသည်။ အပူပိုင်း မိုးခေါင်ရေရှား ဒေသတွင် တည်ရှိသဖြင့် မီးဘေးလည်း မကြာခဏ သင့်လေ့ရှိသည်။ ဒုတိယ ကမ္ဘာစစ် နှင့် ဖက်ဆစ်တော်လှန်ရေးကာလများအတွင်း ဆိပ်ဖြူ မြို့ တွင် ပျက်စီးခဲ့သော အနောက်ပိုင်း နှင့် အလယ်ပိုင်းရပ်ကွက်အကြား ဘုန်းကြီးကျောင်း အုတ်တိုက် အပျက်ကြီးကို ယနေ့တိုင် တွေ့နိုင်သည်။ လွတ်လပ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုချိန်ကလည်း သခင်စိုး ဦးဆောင်သော ကွန်မြူနစ်တပ်များသည် ဆိပ်ဖြူမြို့နယ် တောတောင်များ နှင့် ကျေးလက်ဒေသများတွင် လှုပ်ရှားခဲ့ဖူးသည်။ ကာကွယ်ရေးပစ္စည်းစက်ရုံများ နှင့် အစောင့်တပ်များ၊ လေကြောင်းရန်ကာကွယ်ရေးတပ်များ အခြေစိုက်သော ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီး တော်လှန်ရေးတပ်များနှင့် နှစ်ဖက်ထိတွေ့မှုများလည်း မကြာခဏဖြစ်ပွားခဲ့ပါသည်။ [၈] [၉] ကပ်ရောဂါဘေးများမှာ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးဖြစ်ပွားချိန်များတွင် ဘေးသင့်ခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က ကျောက်ရောဂါ၊ ပုလိပ်ရောဂါကပ်များ အများနည်းတူ ဖြစ်ပွားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံ ဝူဟန်မြို့မှ အစပြုသော ကိုဗစ်ကပ်ဘေးတွင်လည်း တစ်ကမ္ဘာလုံးနည်းတူ ကပ်ရောဂါကို ခံရသည်။ ၂၀၁၇ ခုနှစ် တစ်နှစ်တည်းအတွင်း မုန်တိုင်းဘေး (၅) ကြိမ်၊ ရေဘေး (၁) ကြိမ်၊ မီးဘေး (၃) ကြိမ် ကြုံတွေ့ခဲ့ရသည်။[၇]
လူ့စွမ်းအားအရင်းအမြစ် နှင့် လူမှုရေးလူဦးရေ(၂၀၁၄) ခုနှစ် သန်းခေါင်စာရင်းအရ ဆိပ်ဖြူမြို့နယ်တွင် လူဦးရေ (၁၀၂၇၆၉) ဦး [၁၀] ရှိ၍၊ (၂၀၁၉) ခုနှစ် စက်တင်ဘာလကုန် ဆိပ်ဖြူမြို့နယ်လူဦးရေမှာ (၁၁၃၅၂၂) (ကျား - ၅၄၀၇၃ + မ - ၅၉၄၃၈) ဦး ဖြစ်သည်။ [၇] လူမျိုးမြို့နယ်အတွင်း နေထိုင်သူများစုမှာ ဗမာလူမျိုးများ ဖြစ်ကြ၍ (၁၁၃၄၈၂) ဦး (၉၉.၅ %) ရှိပါသည်။ အိန္ဒိယနွယ်ဖွား (၄၇) ဦးနှင့် ချင်းလူမျိုး (၁၈) ဦး ရှိသည်။ [၇] ကိုးကွယ်ယုံကြည်မှု(၂၀၁၉) ခုနှစ် စာရင်းအရ မြို့နယ်ရှိ လူ (၁၁၃၄၄၆) ဦး မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ အစ္စလမ်ဘာသာဝင် (၃၁) ဦး၊ ခရစ်ယန်ဘာသာဝင် (၁၈) ဦး၊ ဟိန္ဒူဘာသာဝင် (၁၆) ဦး ရှိသည်။ [၇] ဗုဒ္ဓဘာသာ သံဃာ (၃၄၃) ပါး၊ သာမဏေ (၂၁၈) ပါး၊ သီလရှင် အပါး (၅၀) သီတင်းသုံးသည်။ [၇] ဗုဒ္ဓဘာသာ ဘုရား (၁၆၁၀) ဆူ၊ စေတီတော် (၃၉၂) ဆူ၊ ဘုန်းကြီးကျောင်း (၁၈၃) ကျောင်း၊ သီလရှင်ကျောင်း (၃) ကျောင်း၊ ဓမ္မာရုံ (၁၀၃) ရုံ ရှိ၍ ဆိပ်ဖြူမြို့ ယောဝရပ်ရှိ ရွှေမင်းဝံမြတ်စွာဘုရား၊ ရွာသစ်ရပ်ရှိ ရွှေမုဋ္ဌောဘုရား၊ ချင်တောင်ရွာရှိ ရွှေမြင်တင်ဘုရား၊ မြောက်ရွာမရွာရှိ အလိုတော်ပေါက်ဘုရားများသည် ထင်ရှားသည်။ [၇] ကျန်းမာရေးဆိပ်ဖြူမြို့တွင် ကုတင် (၅၀) ဆန့် မြို့နယ်ဆေးရုံတစ်ရုံ၊ ကဇွန်းမ နှင့် အင်းကန်ရွာများတွင် (၁၆) ကုတင်ဆန့် တိုက်နယ်ဆေးရုံ တစ်ရုံစီ၊ ေးလက်ကျန်းမာရေး ဌာန (၈) ခု၊ ကျေး လက်ကျန်းမာရေးဌာနခွဲ (၂၄) ခု ရှိသည်။ ဆရာဝန်နှင့် လူဦးရေ အချိုး (၁:၁၈၉၁၈)၊ သူနာပြု နှင့် လူဦးရေ အချိုး (၁:၄၉၃၅)၊ လက်ထောက်ကျန်းမာရေးမှူး နှင့် လူဦးရေ အချိုး (၁:၁၆၂၁၅) ရှိသည်။ [၇] ပညာရေးအစိုးရ အထက်တန်းကျောင်း (၁၁) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၂၂) ကျောင်း၊ အလယ်တန်းကျောင်း (၁၆) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၇) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉) ကျောင်း၊ မူလတန်းကျောင်း (၆၂) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၃၇) ကျောင်း ရှိသည်။ [၇] ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်း ကျောင်း နှစ်ကျောင်းရှိသည်။ [၁၁] ဆရာ နှင့် ကျောင်းသားအချိုးများမှာ (၁:၂၆) မှ သည် (၁:၁၃) အထိ ရှိကြပါသည်။ [၇] အသက် (၁၅) နှစ်အထက် စာတတ်မြောက်မှု (၉၁.၄) % ရှိသည်။ [၇] လုပ်သားဦးရေ နှင့် အလုပ်လက်မဲ့၂၀၁၉ ခုနှစ်တွင် မြို့နယ်တွင်း အလုပ်လုပ်နိုင်သူဦး ရေ ၅၇၈၇၆ ဦးရှိပြီး အလုပ်လုပ်သူဦး ရေ ၅၅၇၅၇ ဦး၊ အလုပ်လက်မဲ့ ၂၁၁၉ ဦး ရှိသဖြင့် အလုပ်လက်မဲ့နှုန်း ၃.၆၆ % ဖြစ်သည်။ [၇] အားကစားဘောလုံး နှင့် ပြေးခုန်ပစ်အားကစားနည်းများ လေ့ကျင့် ယှဉ်ပြိုင် ကစားနိုင်သော မြို့နယ်အားကစားကွင်း တစ်ကွင်း၊ ဘော်လီဘောကွင်း တစ်ကွင်း ရှိသည်။ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများကို မြို့နယ်အားကစားကွင်းတွင် နှစ်စဉ် ကျင်းပသည်။ [၇] ရှေးယခင်က အနောက်ပိုင်းရပ်၊ ဘုန်းကြီးကျောင်းပရဝုဏ်တွင် ကျင်းပသော ဆိပ်ဖြူမြို့ ယောဧရာ ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ မှာ ထင်ရှား၍ နာမည်ကျော် ဒေသတွင်း မြို့နယ်၊ ခရိုင်၊ တိုင်း၊ လက်ရွေးစင် ဘော်လီဘောအသင်းများသာမက ဝန်ကြီးဌာနအဆင့် အသင်းများပင် လာရောက် ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲအမည် မှာ မြို့နယ်၏ အသက်သခင် ကျေးဇူးရှင်များဟု ဆိုနိုင်သော ယောချောင်း နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံမှုကို ကိုယ်စားပြု ဂုဏ်ပြု မှည့်ခေါ် ထားခြင်းဖြစ်သည်။ [၁၂] လူမှုရေးလူမှုရေး ကိစ္စများကို ဒေသခံ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာအသင်းအဖွဲ့များက ဆောင်ရွက်သည်။ [၇]
အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များဆိပ်ဖြူမြို့နယ်တွင် တစ်မြို့တည်းသော မြို့ဖြစ်သည့် ရပ်ကွက် (၄) ခုဖြင့် ဖွဲ့စည်းထားသော မြို့နယ်ရုံးစိုက်ရာ ဆိပ်ဖြူမြို့ နှင့် ကျေးရွာအုပ်စု (၄၂) စု အဖြစ်ဖွဲ့စည်းထားသော ကျေးရွာပေါင်း (၁၄၀) ရှိသည်။ [၇] [၁၃] ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဦးစီးဌာနက မြို့နယ်ကျန်းမာရေးဦးစီးမှူး (မြို့နယ်ဆရာဝန်ကြီး) ရုံးစိုက် ထားရှိပြီး ဆေးရုံသုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာန နှင့် ဌာနခွဲများကို ကြီးကြပ်ခြင်း၊ လူနာများကုသခြင်း နှင့် ကျန်းမာရေးစီမံချက်များ ဆောင်ရွက်သည်။ [၇] လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန
စီးပွားရေးမြန်မာ့စီးပွားရေးဘဏ်သာရှိ၍ ပုဂ္ဂလိကဘဏ်အသုံးပြုလိုသူများ အနီးရှိ ချောက်မြို့သို့ သွားကြရသည်။ [၇] [၁၂] စည်ပင်သာယာဦးစီးဌာနက စီမံခန့်ခွဲသော ပတ္တမြားဈေး တစ်ခုသာရှိသည်။ ပတ္တမြား ဈေး တွင် ဆိုင်ခန်း နှစ်ရာကျော် ရှိ၍ အနောက်ပိုင်းရပ်တွင် တည်ရှိသည်။ [၇] စိုက်ပျိုးရေးစိုက်ပျိုးရေးလုပ်ငန်းအများစုမှာ မိုးရေ၊ မြစ်ချောင်းရေ ကို အမှီပြုရပါသည်။ အောက်ဆိပ်ရွာ ဧရာဝတီမြစ်ရေတင်စီမံကိန်းက စိုက်ဧက (၁၅၀၀) ကို ရေပေးသည်။ [၇] ခိုင်းနွားအကောင်ရေ (၆၂၁၃၈) ကောင်၊ ထွန် ၉၈၁၃ စင်း၊ ထယ် ၆၄၆၁ စင်း ရှိသည်။ ခိုင်းနွားသုံးစိုက်ပျိုးသည်က များ၍ စက်ကိရိယာသုံးစွဲမှု နည်းပါသည်။ ထွန်စက် (၅၁) စီး (ပုဂ္ဂလိက ၅၀ + အစိုးရဌာန ၁)၊ လက်တွန်းလယ်ထွန်စက် (၃၃) စီး၊ မျိုးစေ့ချစက် (၁၂) စီး၊ ရေစုပ်စက် (၂၄၆) လုံး သာရှိပါသည်။[၇] ဆိပ်ဖြူမြို့နယ်၏ အများစုသောစီးပွားရေးလုပ်ငန်းများမှာ ကြက်သွန်စိုက်ပျိုးရေး၊ ကြက်သွန်သိုလှောင်ရေး၊ ကြက်သွန်ရောင်းဝယ်ရေး၊ ကြက်သွန်ပို့ဆောင်ရေးလုပ်ငန်းများဖြစ်၍ ကြက်သွန်သည် မြို့နယ်၏ အဓိက စီးပွားရေးဖြစ်သည်။ မြို့နယ်လူဦးရေ ၈၀ ရာခိုင်နှုန်း သည် ကြက်သွန်စိုက်တောင်သူများဖြစ်ကြသည်။ [၁၄] နှစ်စဉ်ကြက်သွန်နီစိုက်ပျိုးရာတွင် ဆောင်းကြက်သွန်(ပင်စိုက်/ချောင်းကြက်သွန်)နှင့် မိုးကြက်သွန်(ဥစိုက်/ကိုင်းကြက်သွန်/ကုန်းကြက်သွန်) ဟူ၍ နှစ်မျိုးရှိပြီး ဆောင်းကြက်သွန်(ပင်စိုက်/ချောင်းကြက်သွန်)ကို အဓိကထား စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ပါသည်။ နှစ်စဉ် ကြက်သွန်နီစိုက်ဧက ခြောက်ထောင်ကျော် ရှိပါသည်။ ဆိပ်ဖြူမြို့နယ် ချောင်းများ သည် မိုးရာသီ ရေကြီးရေလျှံဖြစ်ချိန်တွင် နှုန်းတင်မြေများ ပို့ချပေးသည်။ ဆောင်းရာသီ ရေနည်းချိန်တွင် သောင်ခုံများ ပေါ်ထွန်းပြီး သောင်ခုံများပေါ်တွင် ကြက်သွန်နီစိုက်ပျိုးကြပါသည်။ ယောချောင်းတစ်လျှောက် သောင်ခုံများတွင် ကြက်သွန်နီစိုက်ဧက အများဆုံးဖြစ်သည်။ [၁၄] ၂၀၂၂ ခုနှစ် ဆိပ်ဖြူမြို့နယ် ချောင်းကြက်သွန် စိုက်ပျိုးမှုမှ ကြက်သွန်နီ တန်ချိန် ငါးသောင်းကျော် (ပိဿာချိန် ၃၁ သန်း) ကျော် ထွက်ရှိခဲ့သည် ။ [၁၅] စပါးစိုက်သော်လည်း လုံလောက်မှုမရှိ၍ တခြားမှ နှစ်စဉ် တင်းပေါင်း ကိုးသိန်းကျော် တင်သွင်းရပါသည်။ ဆီထွက်သီးနှံ မှာ ပိုလျှံသဖြင့် တင်ပို့ရောင်းချရသည်ကများပါသည်။ [၇]
မွေးမြူရေးလုပ်ငန်းစီးပွားဖြစ် နို့စားနွား မွေးမြူခြင်း မရှိပေ။
ရေလုပ်ငန်းငါး၊ ပုဇွန် မွေး မြူသူ မရှိပဲ မြစ်ချောင်းများတွင် တံငါအလုပ်နှင့် အသက်မွေးသူများသာ ရှိပါသည်။ ငါး၊ ပုဇွန် မလုံလောက်သဖြင့် တင်သွင်းရပါသည်။ [၇] ဝန်ဆောင်မှုလုပ်ငန်းအနောက်ပိုင်းရပ်ကွက်ရှိ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီကို အဓိကထား ရောင်းဝယ်ကြသည်။ ဆိပ်ဖြူမြို့နယ်ထွက် ကြက်သွန်နီကို ဆိပ်ဖြူကုန်စည်ဒိုင်မှတဆင့် ရန်ကုန်၊ မန္တလေးမြို့များ နှင့် ပြည်တွင်းပြည်ပသို့ ဖြန့်ချိရောင်းချသည်။ ဆိပ်ဖြူကုန်စည်ဒိုင်ကြီးအပြင် ပုဂ္ဂလိက ပွဲစားကြီးများ၏ ကုန်စည်ဒိုင် (၂၀) လည်းရှိ၍ အဆိုပါ ဒိုင် (၂၀) မှ (၁၈) ခုသည် ကြက်သွန်ရောင်းဝယ်သည်။ ထို (၁၈) ခုတွင် (၉) ခုမှာ ကြက်သွန်နီအပြင် ပဲအမျိုးမျိုး၊ ဆီ၊ ဆန် တို့ကိုလည်း ရောင်းဝယ်ကြသေးသည်။ ကုန်စည်ဒိုင် နှစ်ခုမှာ ဇီး သီးသန့် ရောင်းဝယ်သည့် ကုန်စည်ဒိုင်များဖြစ်ကြသည်။ [၁၆] ဝန်ထမ်း ငါးဆယ်ကျော် ရှိသော မျိုးဇင်ဇာ ပုဂ္ဂလိက အသေးစား ရှားစေးစက်ရုံတစ်ရုံရှိ၍ တနိုင်တပိုင် လုပ်ငန်းများအနေနှင့် စက်ချုပ်လုပ်ငန်း (၇၇) ခု၊ ပန်းပဲလုပ်ငန်း (၁၈) ခု၊ မုန့်လုပ်ငန်း (၈) ခု၊ ပန်းတိမ်လုပ်ငန်း (၃) ခု ရှိသည်။ [၇] သစ်ထုတ်လုပ်ရေးမြန်မာ့သစ်လုပ်ငန်း က ကဇွန်းမဒေသတွင် သစ်ထုတ်လုပ်မှု ရှိပြီး ဆိပ်ဖြူ တွင် သစ်ကွင်း၊ အမှတ် (၁၂၄) သစ်စက် နှင့် သစ်ဆိပ်များ၊ သစ်ထုတ်လုပ်ရေး ဆင်ဝိုင်းများ၊ ယာဉ် ယန္တယား များ ထားရှိသော်လည်း ၁၉၉၀ မှ ၂၀၁၅ ခုနှစ်ကာလအတွင်း အလွန်အကျွံ သစ်ထုတ်လုပ်ခြင်းကြောင့် သစ်တောများတွင် ထုတ်လုပ်နိုင်သော သစ်ကောင်းရှားပါးလာသဖြင့် သစ်ထုတ်လုပ်ငန်းကို ယာယီ ရပ်နားထားရသည်။ မြို့နယ်တွင်း သစ်တောများမှ နှစ်စဉ် ဝါး အလုံးရေ ငါးသိန်းခန့် နှင့် ရှားစေး ပိဿာချိန် ခြောက်ထောင်ခန့် ထွက်ရှိသည်။ [၇] ကာကွယ်ရေးပစ္စည်းစက်ရုံများဆိပ်ဖြူမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) နှစ်ရုံရှိသည် [၁၇] ။ ဝန်ထမ်းအင်အား ၃၀၀၀ ခန့်ရှိနိုင်သည့် ဆောမြို့နယ် နယ်စပ်အနီး ကပစ ၂၁ တွင် တရုတ်နိုင်ငံသားပညာရှင်များနှင့် ပူးပေါင်းပြီး Cluster အမျိုးအစား လေယာဉ်ဗုံးများ ထုတ်လုပ်သည်။ [၁၈] ပေါက်မြို့နယ် နယ်စပ်အနီး၊ ပုသိမ်မုံရွာလမ်းမကြီးဘေးရှိ ကပစ (၂၂) တွင် Mark 1, Mark 2, Mark 3, Mark 4 လက်နက်ငယ်များထုတ်လုပ်သည်။ စစ်တပ်ပိုင် လုပ်ငန်းများသာဖြစ်သဖြင့် ဆိပ်ဖြူမြို့နယ် ဒေသခံ ပြည်သူလူထု အကျိုးစီးပွား အတွက် အထောက်အကူပြုခြင်း မရှိပေ။ [၁၉] ပွဲတော်များဆိပ်ဖြူမြို့နယ်၌ နှစ်စဉ် ပုံမှန်ကျင်းပသော ပွဲတော်များတွင် လူစည်ကား သော ပွဲတော်များမှာ ယောဝရပ် ရွှေမင်းဝံမြတ်စွာဘုရား တံဆောင်တိုင်မီးထွန်းပွဲနှင့် ဘုရားပွဲ၊ ရွာသစ်ရပ် ရွှေတောင်ဦး (ရွှေမုဌော) ဘုရား သီတင်းကျွတ်မီးထွန်းပွဲ နှင့် ဘုရားပွဲ၊ ချင်တောင်ရွာ သီတင်းကျွတ်ပွဲနှင့် ရွှေမြင်တင်ဘုရားပွဲ၊ မြောက်ရွာမရွာ ကဆုန်လ အလိုတော်ပေါက် ဘုရားပွဲတို့ဖြစ်သည်။ ရွှေမြင်တင်ဘုရားပွဲမှအပ ကျန်ဘုရားပွဲ သုံးပွဲမှာ ဇာတ်ပွဲများ၊ ဈေးဆိုင်ခန်းများနှင့် ရက်ရှည်ကျင်းပသဖြင့် ဒေသစီးပွားရေး၊ ဖွံ့ဖြိုးရေး၊ အများပြည်သူ စိတ်အပမ်းပြေရေးများ ကို တဖက်တလမ်းက အထောက်အကူပြုပါသည်။ [၁၂] သယ်ယူပို့ဆောင်ရေးကားလမ်းများဆုံ၍ မီးရထားဘူတာရုံရှိပြီး ဧရာဝတီမြစ်နှင့် မြစ်ကူးတံတားလည်း ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ပါသည်။ [၇] ခရီးသွားများမှာ ကားဖြင့် အိမ်နီးချင်း မြို့နယ်အားလုံး နှင့် မြို့ကြီးများသို့ ဆက်သွယ်သွားလာနိုင်သည်။ ကုန်စည်စီးဆင်းမှုမှာလည်း ကားလမ်းများကို အသုံးများသည်။ ထို အဝေး ပြေး လမ်းများကို လမ်းဦးစီးဌာနက စီမံခန့်ခွဲသည်။
ဧရာဝတီမြစ် အနောက်ဖက်ကမ်း တောင်မြောက် မီးရထားလမ်း၏ ဘူတာရုံကြီး (၄) ခု၊ ဘူတာရုံအသေး (၄) ခု ရှိသော ၂၂ မိုင် အရှည်ရှိ ဒေါသာ-ဆိပ်ဖြူ လမ်းအပိုင်း မှာ စီးနင်းအသုံးပြုမှုနည်းပါး၍ ရပ်နားထားရသည်။ မြို့နယ် အဓိကထုတ်ကုန် ကြက်သွန်နီကို ကားဖြင့် မြန်ဆန်စွာပို့ဆောင်ကြသလို ဧရာဝတီမြစ်ကြောင်းမှ မော် တော် များ ဖြင့်လည်း ကုန်ကျစရိတ် သက်သာစွာ ပို့ဆောင်သည်။ ရေစီးသန်သော ယောချောင်းကို သစ် ဝါး ဖောင်များ မျှောရန် နှင့် လှေများသွားလာရန်သာ သုံးကြသည်။ စွမ်းအင်မဟာဓာတ်အားလိုင်း မှလျှပ်စစ်ဓာတ်အားကို မြို့ပေါ်ရပ်ကွက်များနှင့် ရွာတချို့သာ လက်လှမ်းမှီ သုံးစွဲနိုင်သေးသည်။[၂၀] ရုပ်ကြွင်းလောင်စာဆိပ်ဖြူမြို့နယ်အတွင်း ရုပ်ကြွင်းလောင်စာဆီ ရောင်းချသော ပုဂ္ဂလိကဆိုင် (၇) ဆိုင် ရှိသည်။
ဇီဝဒြပ်ထုလောင်စာဆိပ်ဖြူမြို့နယ်လူဦးရေ၏ အများစုဖြစ်သော ကျေးလက်နေပြည်သူလူထုအများစုမှာ ထမင်းဟင်းချက်ပြုတ်ရာတွင် ထင်း လောင် စာကို အသုံးပြုကြရသည်။ ၂၀၁၄ ခုနှစ်တွင် ထင်းသုံးစွဲသော အိမ်ထောင်စုမှာ ၈၉.၉ % ထိ ရှိပါသည်။ [၁၀] ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia