ပသေနဒိကောသလမင်း
ပသေနဒိ ကောသလမင်း (အင်္ဂလိပ်: Pasenadi Kosala) သည် ဘီစီ ၆၀၀ ဝန်းကျင်ခန့် ကာလ ဂေါတမဗုဒ္ဓလက်ထက်တော်က ကောသလတိုင်းနှင့် ကာသိတိုင်း[မှတ်စု ၁]ကို အစိုးရခဲ့သော မင်းတစ်ပါးဖြစ်၍ နေပြည်တော်မှာ သာဝတ္ထိပြည်ဖြစ်သည်။ ဂေါတမဗုဒ္ဓ၏ တပည့်သာဝကတစ်ဦးလည်းဖြစ်သကဲ့သို့ ဗုဒ္ဓဘုရားရှင်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေဘုရင်တစ်ပါးလည်းဖြစ်သည်။ အသက်ရွယ်အားဖြင့်လည်း မတိမ်းမယိမ်းဖြစ်ကြကာ ဗုဒ္ဓနှင့် အပြန်အလှန်ပြောဆိုသောစကားများသည် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးအနေအထားဖြစ်ကြောင်း တွေ့ရသည်။ ကောသလမင်း မေးခွန်းပြဿနာ အခက်အခဲတစ်စုံတရာရှိတိုင်း မိဖုရားမလ္လိကာက ဗုဒ္ဓဘုရားရှင်ထံသွား၍ မေးလျှောက်ရန် အကြံပေးသည်။ တိုင်းနိုင်ငံကောသလတိုင်းပြည်သည် ဣက္ခာကုမျိုးနွယ်များနှင့် နီးကပ်စွာဆက်စပ်မှုရှိ၏။ ရာမယဏတွင် ကောသလတိုင်း၏ မြို့တော်မှာ အယုဒ္ဓယပြည်(မြို့) ဟု ဆိုထားသည်။ ရာမမင်းသားနှင့် ဖခင်ဖြစ်သူတို့သည် ဣက္ခာကုမျိုးနွယ်ဝင်ဖြစ်ကာ ဂေါတမဗုဒ္ဓလက်ထက်၌ ကောသလတိုင်းသည် ယခင်ထက် ကျယ်ပြန့်ပြီး ဖြစ်လေသည်။ ထိုအခါ မြို့တော်မှာ အယုဒ္ဓယမဟုတ်တော့ဘဲ သာဝတ္ထိဖြစ်လာသည်။[၂] ပသေနဒိကောသလမင်းကို ရာမာယန၊ မဟာဘာရတစသည့် ရှေးဟောင်း ပူရဏ်ကျမ်းများတွင်ပါရှိသော Ikṣvāku ခေါ် ဣက္ခာကုမျိုးနွယ်မင်းဆက် ဟုလည်း ရှေးခေတ်အိန္ဒိယသမိုင်းများတွင် ဖော်ပြကြသည်။[၃] ဘဝဖြစ်စဉ်မိတ်ဆွေသုံးဦးတစ်ခုသော အခါ၌ တက္ကသီလာ (တက္ကသိုလ်) ပြည်သို့ ပညာသင်လာရောက်ကြသော မင်းသားသုံးပါး လမ်းခရီးတစ်ခု ဇရပ်တစ်ဆောင်၌ တွေ့ဆုံကြသည်။ ထိုမင်းသားများမှာ ကာသိတိုင်းနှင့် ကောသလတိုင်းကို အစိုးရသော မဟာကောသလမင်းကြီး၏ သားတော် ပသေနဒိကောသလမင်းသား၊ ဝေသာလီပြည်မှ လိစ္ဆဝီမင်းသားဖြစ်သော မဟာလိမင်းသား၊ ကုသိနာရုံပြည်မှ မလ္လမင်း၏ သားဖြစ်သော ဗန္ဓုလမင်းသားတို့ဖြစ်ကြသည်။ ထိုသုံးဦးတွေ့ဆုံကြရာ တစ်ဦးနှင့်တစ်ဦး စကားစမည်ပြောဆိုကြ၍ သိကျွမ်းကြကာ မိတ်ဆွေများဖြစ်သွားကြ၏။ တက္ကသိုလ်ပြည်သို့ အတူတကွ ပညာသင်ကြလျှက် ပညာပြည့်ဝသော် အသီးသီး ဌာနေများသို့ ပြန်ခဲ့ကြသည်။ ပသေနဒိကောသလမင်းကောသလမင်းသား ပြည်တော်သို့ရောက်သောအခါ ဖခင်ကို မိမိအစွမ်းပြသ၍ ဖခင်ဖြစ်သူ မဟာကောသလမင်းမှ ကျေနပ်အားရဖြစ်သောကြောင့် သာဝတ္ထိပြည့်ရှင် ပသေနဒိကောသလမင်း ဖြစ်လာခဲ့သည်။ [၄] မလ္လိကာမိဖုရားမလ္လိကာခေါ် အမျိုးသမီးတစ်ဦးသည် သာဝတ္ထိပြည်ရှိ ပန်းသည်တစ်ဦး၏ သမီးဖြစ်၍ ရုပ်အဆင်းနှင့်ပြည့်စုံသူတစ်ဦးဖြစ်သည်။ အသက် (၁၆) နှစ်အရွယ်တွင် ပန်းခူးရန် အဖော်များနှင့် ပန်းခြံသို့သွားရာ၌ မုယောမုန့်ဆုပ်သုံးခုကို ပန်းတောင်းအတွင်းသို့ ထည့်၍သွားသည်။ မြို့မှအထွက် ရောင်ခြည်ခြောက်သွယ် ကွန့်မြူးရင်း မြို့အတွင်းသို့ ဝင်လာသော ဗုဒ္ဓဘုရားရှင်ကို သူမ၏ မုန့်သုံးဆုပ်အား သဒ္ဓါထက်သန် လှူဒါန်းခဲ့သည်။ ဘုရားရှင်၏ ခြေတော်အစုံကို နဖူးခိုက်ဦးတိုက်၍ သင့်တော်ရာတွင် နေ၏။ ဘုရားရှင်က မလ္လိကာမိန်းကလေးကို ကြည့်၍ ပြုံးတော်မူ၏။ အရှင်အာနန္ဒာက သိလို၍ မေးမြန်းရာ ဘုရားရှင်က "ဤအမျိုးသမီးကောင်းသည် ဤမုန့်ကို လှူဒါန်းရသော ကောင်းမှု (ပထမဇောစေတနာ)ကြောင့် ဤနေ့တွင်ပင် ကောသလမင်းကြီး၏ မိဖုရားခေါင်ဖြစ်မည်" ဟု ပြန်လည်ဖြေဆိုတော်မူခဲ့သည်။ မလ္လိကာသည် အဖော်များနှင့်အတူ ပန်းခြံသို့ ပန်းခူးရန် ဆက်၍ထွက်သွားလေ၏။ မဂဓပြည့်ရှင်အဇာတသတ်မင်းနှင့် စစ်ခင်းရာ စစ်ရှုံး၍ ပြန်လာသော ကောသလမင်းသည် မလ္လိကာ သီဆိုသော သီချင်းသံကိုကြား၍ မြင်းကိုနှင်ကာ ပန်းခြံသို့ ဝင်ခဲ့သည်။ အဖော်များက ထွက်ပြေးပုန်းရှောင်သော်လည်း မလ္လိကာက တည်ငြိမ်စွာဖြင့် ဇက်ကြိုးကို ဖမ်းယူခဲ့သည်။ ကောသလမင်းက ကာမပိုင်လင်ယောက်ျားရှိ မရှိ မေးမြန်းရာ မရှိကြောင်း မလ္လိကာက ဖြေဆိုသည်။ ထို့နောက် မြင်းဖြင့်တင်၍ ခေါ်ဆောင်ပြီး စစ်သည်ဗိုလ်ပါများနှင့် မြို့ထဲသို့ဝင်ကာ သူမအိမ်၌ ချထားပေးသည်။ ညနေအခါရောက်လျှင် မိဖုရားများစီးသော ယာဉ်ကိုလွှတ်၍ ကြိုဆိုစေ၏။ နန်းတော်ရောက်သော် မိဖုရားခေါင်ကြီး တင်မြှောက်၍ မြှောက်စားခဲ့သည်။[၅] ဝါသဘခတ္တိယာကောသလမင်းကြီးသည် ဗုဒ္ဓဘုရားရှင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ရဟန်းတော်များနှင့်လည်း ခင်မင်ရင်းနှီးချင်သည်။ ထို့ကြောင့် ဘုရားရှင်နှင့် ဆွေမျိုးတော်ပါက ရဟန်းများသည် ၎င်းထံတွင် ဆွမ်းအလှူခံကာ ရင်းနှီးဝင်ထွက်မည်ဟု စိတ်အကြံဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓနှင့် ဆွေမျိုးတော်ရန် သာကီဝင်မင်းသမီးတစ်ပါးကို မိဖုရားမြှောက်မှသာ ထိုသို့ဖြစ်လေမည်။ ထို့အတွက် ကပိလဝတ်သို့ ရာဇသံသဝဏ်လွှာပို့၍ သာကီဝင်မင်းသမီးတစ်ဦး တောင်းခံသည်။ သာကီဝင်တို့၏ တိုင်းပြည်သည် ကောသလမင်း၏ နိုင်ငံကဲ့သို့ အင်အားမကြီးပေ။ မပေးလျှင် ရန်ပြုစစ်ချီမည်ကို စိုးရိမ်ကြသည်။ သို့သော်လည်း သာကီဝင်တို့သည် အမျိုးဇာတ်ကို သူတစ်ပါးတို့နှင့် ရောနှောလေ့မရှိသူများဖြစ်သဖြင့် မပေးလိုကြပေ။ မပေးလျှင်လည်းမဖြစ်သည်ကရှိသောကြောင့် မဟာနာမသာကီဝင်မင်းက သူ့ထံတွင် သူနှင့် နာဂမုဏ္ဍာခေါ် ကျွန်မတစ်ဦးနှင့်ရသော "ဝါသဘခတ္တိယာ" ခေါ် လှပသော သမီးတစ်ဦးရှိကြောင်းနှင့် ထိုသူကိုပေးရန် သဘောတူကြသည်။ ကောသလမင်း စေလွှတ်သော မင်းချင်းများ၏ ယုံကြည်မှုကိုရရန် လှည့်ကွက်အနေဖြင့် မဟာနာမမင်းနှင့် တစ်ဝိုင်းတည်း အတူထမင်းစားဟန်ဆောင်ကာ အယုံသွင်း၍ ပေးလိုက်ကြသည်။ ဝါသဘခတ္တိယာ ကောသလမင်းထံသို့ရောက်သော် နှစ်သက်မြတ်နိုးသဖြင့် မိဖုရားကြီးအရာ မြှောက်၍ ချီးမြင့်သည်။ မကြာမီ ဝိဋဋူဘမင်းသား ဖွားမြင်ခဲ့၏။[၆] ဘဝနိဂုံးကောသလမင်းကြီးသည် တစ်ခုသောကာလ၌ ကုန်းတိုက်စကားများကို ယုံ၍ သူ့ထံတွင် ခစားခဲ့သော စစ်သေနာပတိ ဗန္ဓုလကို သတ်ဖြတ်မိ၍ စိတ်မကောင်းဖြစ်နေခဲ့သဖြင့် ထိုစဉ်က ဘုရားရှင် သီတင်းသုံးရာ သာကီဝင်ပိုင်နက်ရှိ မေဒါဠုပနိဂုံးသို့ သွား၍ ဘုရားသီတင်းသုံးရာနှင့် မနီးမဝေးတွင် သစ်ခက်တဲနန်း ဆောက်စေ၍ နေထိုင်ခဲ့သည်။ စစ်သည်ဗိုလ်ပါအနည်းငယ်ပါသည်။ ဘုရားဖူးရန် ကျောင်းသို့သွားရာတွင် "မင်းဝတ်တန်ဆာဖြင့် သွားလျှင် မသင့်" ဟု စိတ်ဖြစ်သောကြောင့် ထိုမင်းဝတ်တန်ဆာတို့ကို သေနာပတိအသစ်ဖြစ်သူ၊ ဗန္ဓုလ၏ တူတော် ဒီဃကာရာယနထံသို့ ပေးကာ တစ်ဦးတည်း ကျောင်းသို့ဝင်ခဲ့သည်။ ဒီဃကာရာယန စိတ်တွင် "အတိတ်တစ်ချိန်က ကောသလမင်းသည် ရဟန်းဂေါတမနှင့် နှစ်ဦးတည်း တိုင်ပင်၍ ဦးကြီးတော်သူ ဗန္ဓုလကို သတ်ခဲ့သည်၊ ယခုလည်း ကျွန်ုပ်ကို သတ်ရန် ကြံစည်နေကြပေမည်" ဟု စိတ်ကူးခဲ့၍ ထိုမင်းဝတ်တန်ဆာကိုယူ၍ ဝိဋဋူဘကို လွှမ်းမိုးပြောဆိုခဲ့ကာ ဝိဋဋူဘကို မင်းဖြစ်စေသည်။ ကောသလမင်းကြားသော် တူဖြစ်သူ အဇာတသတ်ကို အကူညီတောင်း၍ "သာဝတ္ထိပြည်ပြန်ကာ ဝိဋဋူဘကို ဖမ်းဆီးမည်" ဟု ဆို၍ ရာဇဂြိုဟ်သို့ ထွက်ခွာရာ ညအချိန်မတော်ဖြစ်၍ မြို့တံခါးများပိတ်ထားသဖြင့် မြို့ဘေးဇရပ်၌ နေရသည်။ အတူပါလာသူ မောင်းမတစ်ဦး၏ ရင်ခွင်၌ အိပ်စဉ် ရောဂါဖိစီးသောကြောင့် ကံကုန်တော်မူသည်။ နံနက်ရောက်သော် ဦးရီးတော် ကောသလမင်း၏ အဖြစ်ကိုသိသော အဇာတသတ်က ကောင်းစွာသင်္ဂြိုဟ်ပေးခဲ့သည်။[၇][၈] အထွေထွေဂေါတမဗုဒ္ဓလက်ထက် ရှေးခေတ် အိန္ဒိယပြည်၌ အကြမ်းဖျင်းအားဖြင့် တိုင်း (၁၆) တိုင်းရှိသည်ဟု ဆိုကြသည်။ ထိုအထဲတွင် သက်ဦးစံပိုင်ဘုရင်စနစ်ကျင့်သုံးသော တိုင်းပြည်များရှိသကဲ့သို့ ဓနရှင်လူနည်းစုစနစ် (သို့) အထက်တန်းလွှာအသိုင်းဝိုင်းများမှ တော်ဝင်မျိုးနွယ်များကို ရွေးကောက်ဘုရင်ခန့်အပ်သော စနစ်များလည်းရှိကြသည်။ အင်အားကြီး တိုင်နိုင်ငံများရှိသကဲ့သို့ အင်အားငယ်သော တိုင်းနိုင်ငံများလည်း ရှိကြ၏။ အင်အားကြီး၍ သက်ဦးစံပိုင်စနစ်ကျင့်သုံးသော တိုင်းပြည်များတွင် ဗိမ္ဗိသာရမင်း၊ အဇာတသတ်မင်း တို့၏ မာဂဓတိုင်းနှင့် ကောသလမင်း၏ ကောသလတိုင်းတို့မှာ ထင်ရှား၍ ထိုနိုင်ငံများရှိ ကျောင်းတော်ကြီးများတွင် ဗုဒ္ဓသီတင်းသုံး နေထိုင်သွားသည်မှာ နှစ်ပေါင်းများစွာဖြစ်သည်။ ပြိုင်ဘက်တဖြစ်လဲ ဆွေမျိုးတော်စပ်သည်ဟု သတ်မှတ်နိုင်သော ဗိမ္ဗိသာရမင်းထက်စာလျှင် ကောသလမင်းသည် ဗုဒ္ဓနှင့် အကြိမ်ပေါင်းများစွာတွေ့၍ တရားအများအပြားကို နာယူနိုင်ခဲ့သည်။ ကောသလမင်းသည် ဗုဒ္ဓ၏တပည့် တနည်း ဗုဒ္ဓဘာသာအဖြစ် စတင်ခံယူသည်မှာ ဗုဒ္ဓ၏ သာသနာပြုလုပ်ငန်းများဆောင်ရွက်သော အချိန်အစောပိုင်းကာလဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ကောသလမင်းသည် ဗုဒ္ဓနည်းလမ်းနှင့် မကိုက်ညီသော ပြုမူဆောင်ရွက်ချက်များကိုလည်း ရံဖန်ရံခါ လုပ်ဆောင်တတ်၏။ ထိုအခါမျိုးတွင် လမ်းမှန်ရောက်စေရန် မိဖုရားခေါင်ဖြစ်သူ မလ္လိကာမှ အကြံပြုပြောဆိုသည့်အခါ ဗုဒ္ဓဘုရားရှင်ထံတွင် ရှင်းလင်းအဖြေရှာတတ်သည်။ ဥပမာ - ထူးဆန်းသော အိပ်မက် ၁၆-ခုကို မက်ရာတွင် နန်းတော်မှ ဗြဟ္မဏပုဏ္ဏားများ၏ တိုက်တွန်းချက်အရ တိရစ္ဆာန်ယဇ်ပူဇော်မှုများကို လုပ်ရန်စိတ်ကူးသည်။ မလ္လိကာမိဖုရားက ထိုအကြောင်းသိရှိသည့်အတွက် ဗုဒ္ဓထံတွင် မေးစေသည့် အဖြစ်အပျက်မျိုးများရှိခဲ့၏။ ဘုရင်တစ်ပါးဖြစ်သည့်အလျောက် စစ်ရေးစစ်ရာများကို မရှောင်တိမ်းနိုင်ခဲ့ပေ။ အိမ်နီးချင်းတိုင်းပြည်မှ တူတော်စပ်သူ အဇာတသတ်မင်းနှင့်လည်း စစ်ခင်းခဲ့သည်။ ရှုံးသည့်အကြိမ်ရှိသကဲ့သို့ နိုင်သည့်အခါများလည်းရှိပေသည်။ ဗုဒ္ဓ၏ ဇာတိတိုင်းပြည်ဖြစ်သော ကပိလဝတ်သည် ကောသလမင်း၏ လက်အောက်ခံ (သို့) ပဏ္ဍာဆက်နိုင်ငံ အဆင့်အနေအထားမျိုး ရှိသည်။ ထို့ကြောင့် သာကီဝင်မင်းတို့အပေါ် ဩဇာသက်ရောက်မှုရှိသည် ဟု ဆိုနိုင်သည်။ တစ်ခုသောအခါ၌ ဗုဒ္ဓဘုရားရှင်ရှိရာ ကျောင်းတော်၌ ကောသလမင်းရောက်နေခိုက် မင်းချင်းတစ်ဦးက "မလ္လိကာမိဖုရား သမီးတော်မွေးသည်" ဟု အကြောင်းကြားရာ ကောသလဘုရင်မှာ ထိုသတင်းစကားကြား၍ မသာမယာဖြစ်သွားသည်။ အိန္ဒိယတိုက်ငယ်တွင် သမီးမိန်းကလေးမွေးသည်ကို အကြောင်းများစွာဖြင့် နှစ်သက်လေ့မရှိပေ။ ဗုဒ္ဓက အခြားဘာသာရေးဆရာများကဲ့သို့ မဟုတ်ဘဲ အမျိုးသမီးများကိုလည်း အလေးထားသည်။ ထို့ပြင် ဗုဒ္ဓက "အမျိုးသမီးအချို့သည် အမျိုးသားများထက် သာလွန်ကြပေသည်" ဟူ၍ ပြောဆိုကာ အမျိုးသမီးများတွင်ရှိအပ်သော အင်္ဂါလေးပါး (သို့) အရည်အချင်းလေးပါးတရားကို ဟောကြားခဲ့ဖူးသည်။ ကောသလမင်းတွင် ထင်ရှားသော မိဖုရားသုံးပါးရှိရာ မိဖုရားခေါင်မှာ မလ္လိကာဖြစ်သည်။ အခြားတစ်ပါးမှာ သာကီဝင်မင်းတို့ လှည့်ဖြားပေးလိုက်သော ဝါသဘခတ္တိယာဖြစ်၏။ နောက်ဆုံးတစ်ဦးမှာ မာဂဓပြည့်ရှင် ဗိမ္ဗိသာရမင်း၏ နှမတော်စပ်သူဖြစ်၏။[၉] တစ်ခုသောအခါ၌ အဇာတသတ်မင်းနှင့် စစ်ဆင်နွှဲရာ အဇာတသတ်မင်းကို လက်ရဖမ်းဆီးနိုင်သော်လည်း မသတ်ဘဲ သမီးဖြစ်သူ ဝဇီရကိုပေး၍ ထိမ်းမြားစေခဲ့သည်။ အဇာတသတ်၏ မိခင်၊ ဗိမ္ဗိသာရမင်း၏ မိဖုရားခေါင် ဝေဒေဟီမိဖုရားသည် ကောသလမင်းနှင့် မောင်နှမတော်စပ်သူဖြစ်ပြီး မာဂဓတိုင်းနှင့် ကောသလတိုင်းတို့ စစ်ပြေငြိမ်းစေရန် ကောသလဘုရင်မှ ဗိမ္ဗိသာဘုရင်ကို ပေးအပ်ခဲ့ကြောင်း ပိဋကတ်များတွင်ပါရှိသည်။ ရေမြေ့အရှင်ပင်ဖြစ်ခဲ့သော်လည်း မိမိပိုင်နက်အတွင်း သက်တောင့်သက်သာ ကံကုန်ရသည်မဟုတ်ဘဲ သူတစ်ပါးနယ်မြေ ဇရပ်အိုတစ်ခု၌သာ ကွယ်လွန်အနိစ္စရောက်ခဲ့ရသည်။ ကောသလမင်းကို "ရှင်ကံကောင်း၍ သေကံမကောင်း" ဟု သတ်မှတ်နိုင်သော်လည်း တကယ်အားဖြင့် ရှင်ကံမကောင်း၍သာ သေကံမကောင်းရခြင်း ဖြစ်ကြောင်း၊ ဓမ္မတာအားဖြင့် အကြောင်းနှင့်အကျိုးသည် တူရသည်ဖြစ်ကြောင်း ဦးရွှေအောင်က သုံးသပ်သည်။[၁၀] ဆက်စပ်တရားတော်များ![]() ဗုဒ္ဓဘုရားရှင်သည် ကောသလမင်းကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ဆက်စပ်၍သော်လည်းကောင်း သုတ္တန်(တရား) များစွာဟောကြားခဲ့သည်။ ကောသလမင်း၏ အမည်နာမကို အစွဲပြု၍ ပေးသော သုတ်ကို "ကောသလသုတ်" ဟု ခေါ်ဆို၍ အင်္ဂုတ္တရနိကာယ်(အင်္ဂါအရည်အတွက်အလိုက်စုစည်းထားသော တရားများ)လာ မုဏ္ဍရာဇဝဂ်(အစု) ၌ နဝမမြောက်သုတ်ဖြစ်သည်။[၁၁] ထို့နောက် ဤမင်းကြီးနှင့်ပင် ဆက်စပ်၍ သံယုတ္တနိကာယ်(အချင်းချင်း ဆက်စပ်မှုရှိသော တရားများ)၊ သဂါထာဝဂ် သံယုတ်တွင် တတိယမြောက် သံယုတ်ကို "ကောသလ သံယုတ်"ဟု ခေါ်တွင်၍ ထိုကောသလသံယုတ်၌ သုတ်ပေါင်း (၂၅) သုတ်ရှိသည်။[၁၂] ထို့ပြင် အခါတစ်ပါး၌ ကောသလမင်းကြီးသည် ထူးထူးဆန်းဆန်း အိပ်မက်များမက်ခဲ့ရာ ထိုအကြောင်းကို မလ္လိကာမိဖုရားအား ပြောပြသော် မိဖုရားက ဗုဒ္ဓဘုရားရှင်ထံသို့ သွားရောက်၍ အဖြေရှာရန် ဆိုခဲ့သည်။ ထိုအကြောင်းကို လူအများသိရှိသည့် နာမည်မှာ "ကောသလမင်း အိပ်မက် (၁၆)ချက်" ဟု ခေါ်တွင်၍ ဧကနိပါတ်ဇာတ်၊ အဋ္ဌာကထာ၊ မဟာသုပိနဇာတ်တွင် ပါရှိသည်။ ကောသလမင်းနှင့်စပ်၍ သိဖွယ်ရာများ
မှတ်စုကိုးကားအောက်ခြေမှတ်စု
ရင်းမြစ်
|
Portal di Ensiklopedia Dunia