ကောသလသုတ်
(၃)သုတ် ရှိပါသည်။ [၁] မလ္လိကာဒေဝီ နတ်ရွာစံလွန်မှုကို အကြောင်းပြု၍ စိတ်နှလုံး မသာယာဖြစ် ခြင်းကို အကြောင်းပြု၍ အလဗ္ဘနီယဌာနငါးမျိုးကို အလဗ္ဘနီယဌာနသုတ်တော်အတိုင်း ဟောကြားတော်မူသည့်သုတ်။ [၂] လူမင်းစည်းစိမ်ခံစားနေသော ကောသလဘုရင်၊ မဟာဗြဟ္မာမင်း၊ အာဘဿရာ ဗြဟ္မာများ၊ ကသိဏာယတန ၁၀-ပါးတို့တွင် အမြတ်ဆုံးကသိဏာယတနကို သိရှိသော ပုဂ္ဂိုလ်များ၊ အဘိဘာယတန ၈-ပါးတို့တွင် အမြတ်ဆုံးအဘိဘာယတနကို သိသော ပုဂ္ဂိုလ်များ၊ ပဋိပဒါလေးပါးတို့တွင် အမြတ်ဆုံးပဋိပဒါကို ကျင့်သောသူများ၊ သညာလေးပါးတို့တွင် အမြတ်ဆုံးသညာရှိသူများ၊ ဗာဟိရကဒိဋ္ဌိတို့တွင် ဥစ္ဆေဒဒိဋ္ဌိ ရှိသူများ၊ ပရမတ္ထဝိသုဒ္ဓိကို ဟောသောပုဂ္ဂိုလ်တို့၏ အညတတ္ထ ဝိပရိဏာမတ္ထကို သိသော အရိယာသာဝကသည် မြင့်မြတ်သောအရာတို့၌သော်လည်း ငြီးငွေ့ပုံ၊ တပ်မက်မောမှု ကင်းပုံ (၉)မျိုးနှင့် ကာမပရိညာ, ရူပပရိညာ, ဝေဒနာပရိညာတို့ကို ပညတ်တော်မူပုံ၊ မျက်မှောက်ဘဝ၌ပင် နိစ္ဆာတ, နိဗ္ဘုတ, သီတိဘူတ, အနုပါဒါ ပရိနိဗ္ဗာန်ကို ပညတ်တော်မူ၏-ဟု အကျယ် ဟောတော်မူသည့်သုတ်။ [၃] ဤသုတ်တော်၌ ကောသလဘုရင်၏ အဇာတသတ်မင်းကို စစ်နိုင်ပုံ၊ ဘုရားရှင် ကိန်းအောင်းတော်မူစဉ်အခါ ဘုရားရှင်ထံ အမျိုးကောင်းသားတို့ ချဉ်းကပ်ပုံ စနစ်၊ ကောသလဘုရင်၏ ဘုရားရှင်အား ပရမနိပစ္စာကာရပြုပုံ၊ ယင်းပရမနိပစ္စာကာရ ပြုခြင်းအကြောင်းကို ဘုရားရှင် မေးတော်မူခြင်းကြောင့် ကောသလဘုရင်က ပရမနိပစ္စာကာရ, မေတ္တူဟာရဒံသနပြုခြင်းအကြောင်း (၁၀)မျိုးတို့ကို လျှောက်ထားသည့်သုတ်။ အဋ္ဌကထာ၌-ဤနှစ်သုတ်နှင့် ဆက်စပ်၍ အထူးမှတ်သားဖွယ်များကို ဖွင့်ပြထားပါသည်။ [၄] ကောသလသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ကောသလမင်းကြီးအား သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်ဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာငါးမျိုးအကြောင်းကို မလ္လိကာမိဖုရားကြီး နတ်ရွာစံမှုနှင့် ဆက်စပ်၍ ဟောကြားတော်မူခဲ့သည်။[၅] ကောသလသုတ်အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တခုသော နေရာ၌ ထိုင်နေ၏။ (ထိုအခါ မလ္လိကာမိဖုရားသည် သေဆုံးလေ၏)။ ထိုအခါ မင်းချင်းယောက်ျားတစ်ယောက်သည် ပသေနဒီကောသလမင်းကြီးထံသို့ ချဉ်းကပ်၍ ပသေနဒီကောသလမင်းကြီး၏ နားရင်းသို့ ကပ်လျက် - “မင်းမြတ် မလ္လိကာမိဖုရားကြီး နတ်ရွာစံပါပြီ” ဟု သံတော်ဦးတင်၏။ ဤသို့ သံတော်ဦးတင်သော် ပသေနဒီကောသလမင်းသည် ဆင်းရဲခြင်းရှိသည် စိတ်မကောင်းသည် ကျသော ပခုံးရှိသည်ဖြစ်၍ မျက်နှာအောက်ချလျက် ကြံမှိုင်ကာ စကားမပြောဘဲ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလ္လမင်းကို ဆင်းရဲခြင်းရှိသည် စိတ်မကောင်းသည် ကျသောပခုံးရှိသည်ဖြစ်၍ မျက်နှာအောက်ချလျက် ကြံမှိုင်ကာ စကားမပြောဘဲ နေသည်ကို သိတော်မူ၍ ပသေနဒီကောသလမင်းကြီးအား သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်ဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - အိုတတ်သော သဘောတရားသည် “မအိုပါစေလင့်” ဟု တောင့်တ၍ မရကောင်းသော အရာပေးတည်း။ နာတတ်သော သဘောတရားသည် “မနာဖျားစေလင့်” ဟု တောင့်တ၍ မရကောင်းသော အရာပေးတည်း။ သေတတ်သော သဘောတရားသည် “မသေပါစေလင့်” ဟု တောင့်တ၍ မရကောင်းသော အရာပေးတည်း။ ကုန်တတ်သော သဘောတရားသည် “မကုန်ဆုံးပါစေလင့်” ဟု တောင့်တ၍ မရကောင်းသော အရာပေးတည်း။ ပျက်စီးတတ်သော သဘောတရားသည် “မပျက်စီးပါစေလင့်” ဟု တောင့်တ၍ မရကောင်းသော အရာပေးတည်း။ ပူဆွေးငိုကြွေးခြင်းဖြင့် အကျိုးအနည်းငယ်မျှ မရနိုင်။ ပူဆွေးဆင်းရဲသော ထိုသူကို ရန်သူတို့သိ၍ ဝမ်းမြောက်ကုန်၏။ အကြင်အခါ၌ကား အကြောင်းကို သိ၍ ဆုံးဖြတ်ခြင်း၌ သိသော ပညာရှိသည် ဘေးရန်တို့ကြောင့် မတုန်လှုပ်၊ (ထိုအခါ၌) ရန်သူတို့သည် ထိုပညာရှိပုဂ္ဂိုလ်၏ ရှေးမူအတိုင်း မဖောက်ပြန်သော မျက်နှာကို တွေ့မြင်ရ၍ ဆင်းရဲကုန်၏။ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့်ဖြစ်စေ တန်ခိုးရှိသော မန္တာန်ကို ရွတ်အံသရဇ္ဈာယ်သဖြင့်ဖြစ်စေ ကောင်းမွန်သောစကားကို ပြောဆို၍ ဖြစ်စေ တံစိုးလက်ဆောင် ပေးသဖြင့်ဖြစ်စေ မျိုးရိုးစဉ်ဆက်ကို ပြသဖြင့် ဖြစ်စေ အကျိုးရနိုင်သမျှ အရာ၌ အားထုတ်ရာ၏။ ငါသော်လည်းကောင်း အခြားသူသော်လည်းကောင်း (မအိုခြင်း စေသော) ထိုအကျိုးကို မရအပ်ဟူ၍ အကယ်၍ သိခဲ့မူ ငါသည် ဝဋ်၌ တည်နေစေသော ကံကိုမြဲမြံစွာ အားထုတ်အပ်ပြီ၊ ယခုအခါ၌ အဘယ်သို့လျှင် ပြုတော့အံ့နည်း ဟု ဆင်ခြင်၍ ပူဆွေးခြင်းမရှိပဲ သည်းခံရာ၏ ဟု မိန့်တော်မူ၏။[၅] ကိုးကား
|
Portal di Ensiklopedia Dunia