မြန်မာ–ဖိလစ်ပိုင် ဆက်ဆံရေး
မြန်မာ–ဖိလစ်ပိုင် ဆက်ဆံရေး သည် မြန်မာနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံ အကြား ထားရှိသည့် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်သည်။၁၉၅၆ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့တွင် သံတမန်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ကြပြီး[၁] ဖိလစ်ပိုင်သံရုံးကို ရန်ကုန်မြို့တွင် ၁၉၅၈ခုနှစ်၊ ဩဂုတ်လ တွင်လည်းကောင်း၊ မြန်မာသံရုံးကို မနီလာမြို့တွင် ၁၉၆၇ ခုနှစ် ဧပြီလ ၁၄ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ကြသည်။ သမိုင်းကြောင်းခရစ်နှစ် ၁၄၀၀ကျော်ကာလကတည်းက မုတ္တမ(မြန်မာ)တွင် ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအိုကုန်သည်အများအပြား ရှိခဲ့သည့်အကြောင်း သမိုင်းပညာရှင် ဝီလျံဟင်နရီစကော့ (William Henry Scott) က မှတ်တမ်းတင်ထားသည်။ အလားတူ မြန်မာကုန်သည်များသည်လည်း ဖိလစ်ပိုင်ရှိ ကျွန်းများသို့ သကြား နှင့် ရွှေ ကူးသန်းရောင်းဝယ်ခဲ့မှုများအပြင် မုတ္တမစဉ့်အိုး များ ပို့ဆောင်ရောင်းဝယ်ခဲ့ကြသည်။ ထို့အတွက်ကြောင့် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပြည်သူများ၏ ဆက်ဆံရေးသည် သမိုင်းရှည်ကြာခဲ့သည်ဟု မှတ်ယူနိုင်သည်။[၂] သံတမန်ဆက်ဆံရေးနှစ်နိုင်ငံစလုံးသည် သူ့ကျွန်ဘဝ ဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပုံခြင်းလည်း တူညီကြသည်။လွတ်လပ်သောနိုင်ငံများအဖြစ် ရပ်တည်ကြပြီးသည့်နောက် မြန်မာ နှင့် ဖိလစ်ပိုင်နိုင်ငံ တို့သည် ၁၉၅၆ ခုနှစ် ဇူလိုင်လ ၃၀ရက်တွင် တရားဝင်သံတမန်ထူထောင်ခဲ့ကြသည်။ နှစ်ဖက်သံရုံးများ ဖွင့်ပြီးနောက် မြန်မာ နှင့် ဖိလစ်ပိုင် အကြား သံတမန် ဆက်ဆံရေးသည် ပုံမှန် သမားရိုးကျ အနေဖြင့်သာ တည်ရှိနေခဲ့ပြီး၊[၃] စီးပွားရေး အရလည်း ၂၀၁၀ ခုနှစ် မတိုင်မီအထိ အထူး ဆက်ဆံခြင်းမျိုး မရှိခဲ့ပေ။ မြန်မာနိုင်ငံ တွင် ၂၀၁၁ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မရောက်မီ ဦးနေဝင်း အုပ်ချုပ်ခဲ့သည့် အတွေ့အကြုံ၊ ဖိလစ်ပိုင် တွင်လည်း ဖာဒီနန်မားကို့စ် ၏ အာဏာရှင်အုပ်ချုပ်ရေး စသည့် ကြုံတွေ့မှုများကြောင့် ဖိလစ်ပိုင်နိုင်ငံ သည် မြန်မာစစ်အစိုးရကို အပြစ်တင်ဆုံးသော အာရှနိုင်ငံများထဲက တစ်နိုင်ငံဖြစ်ခဲ့သည်။[၄]ယင်းအပြင် မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်စဉ် ဖိလစ်ပိုင်သမ္မတ မာရီယာ ကိုရာဇွန် အာကီနို သည် မြန်မာ့ဒီမိုကရေစီအရေး အတွက် ထောက်ခံအားပေးခဲ့သူ ဖြစ်ခဲ့သည်။တစ်ဖက်တွင်လည်း မြန်မာ၌ စစ်အစိုးရအုပ်ချုပ်ကာလ ၁၉၉၆ ခုနှစ် တွင် ဖိလစ်ပိုင် က မြန်မာ အား အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရေး ထောက်ခံသူဖြစ်ခဲ့သည်။၁၉၉၇ ခုနှစ် ဇူလိုင်လတွင် မြန်မာ သည် ကိုးနိုင်ငံမြောက်အာဆီယံအဖွဲ့ဝင် ဖြစ်လာသည်။ထိုနောက်ပိုင်းက စပြီး မြန်မာ-ဖိလစ်ပိုင်ဆက်ဆံရေးသည် ပို၍ နီးစပ်သွားကာ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ရင်းနှီးမြှပ်နှံမှုများအပါအဝင် နိုင်ငံတော်အဆင့်အကြီးအကဲများ၏ အပြန်အလှန်သွားလာမှုများ ရှိသွားကြသည်။၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းချိန်ကစပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် ပိုမိုခိုင်မာလာခဲ့ကြသည်။ ၂၀၁၄ခုနှစ် ဇန်နဝါရီလ တွင် ဖိလစ်ပိုင်နိုင်ငံက ရန်ကုန်မြို့တွင် စစ်သံမှူးရုံး အား ပြန်လည်ဖွင့်လှစ်ခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ခရီးစဉ်များဖိလစ်ပိုင်သမ္မတ ဖီဒယ်ဗားလဒက်စ်ရားမို့စ် (Fidel V. Ramos) သည် ၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်။အလားတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ တွင် ဖိလစ်ပိုင်သို့ သွားရောက်ခဲ့သည်။သမ္မတဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ တွင်လည်းကောင်း၊ဖိလစ်ပိုင်သမ္မတ ဘီနင်နို အကွီနို (၃) Benigno Aquino III သည် ၂၀၁၃ ခုနှစ် ဇွန်လ၊၂၀၁၄ခုနှစ် မေလ နှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ တို့တွင်လည်းကောင်း၊တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ၂၀၁၄ ခုနှစ် ဇူလိုင် လတွင်လည်းကောင်း၊ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေး Rodrigo Roa Duterte သည် ၂၀၁၇ခုနှစ် မတ်လ တွင်လည်းကောင်း၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၇ ခုနှစ် ဧပြီလ နှင့် နိုဝင်ဘာလ တို့တွင် မနီလာသို့ လည်းကောင်း အသီးသီး အပြန်အလှန်ခရီးများ သွားရောက်ခဲ့ကြသည်။[၅] စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၂၀၀၄ခုနှစ် ဧပြီလတွင် ပထမဦးဆုံးသော ဖိလစ်ပိုင်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်(JCBC) ကိုဖွဲ့စည်းပြီး ကုန်သွယ်ရေး၊ရင်းနှီးမြှပ်နှံမှု၊စိုက်ပျိုးရေး၊သစ်တော၊ခရီးသွားလုပ်ငန်း၊ယဉ်ကျေးမှု၊ပညာရေး၊ကျန်းမာရေး နှင့် လေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ခဲ့သည်။၂၀၀၆ ခုနှစ် ဇွန်လတွင် ဖိလစ်ပိုင်-မြန်မာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများအား မနီလာမြို့တွင် ကျင်းပခဲ့ပြီး ၂၀၀၇ခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ်ဆွေးနွေးပွဲအား နေပြည်တော် တွင်ကျင်းပခဲ့သည်။၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ရက် သမ္မတဦးသိန်းစိန် ၏ ဖိလစ်ပိုင်ခရီးစဉ် အတွင်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တွင် စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနှင့်လူ့စွမ်းအားမြှင့်တင်ရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်ပေးရန် ကမ်းလှမ်းခဲ့ပြီး ဖိလစ်ပိုင်ဘက်ကလည်း လက်ခံခဲ့သည်။[၆]၂၀၁၆ ခုနှစ် ထုတ်ပြန်စာရင်းဇယားများအရ ဖိလစ်ပိုင် သည် မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြုပ်နှံကြသည့် နိုင်ငံများထဲ အဆင့် ၁၆ နေရာတွင် ရှိသည်။၂၀၁၇ခုနှစ် စာရင်းဇယားအရ မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်နိုင်ငံသား ၁၈၅၀ နီးပါးရှိကာ အများစုသည် ယာယီနေထိုင်ခွင့် ဗီဇာများနှင့် အလုပ်လုပ်နေကြပြီး ထိုထဲ ၆၆ ဦး မှာမူ အမြဲတမ်းနေထိုင်ခွင့် ဗီဇာရရှိထားသည်။[၇] ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံ Presidential Communications Operations Office (PCOO) တို့အကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နည်းလည်မှု စာချွန်လွှာ ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရေးထိုးခဲ့သည်။[၈]၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့တွင် (၆၇)နှစ်မြောက် မြန်မာ - ဖိလစ်ပိုင် ချစ်ကြည်ရေးအထိမ်းအမှတ် နှစ်နိုင်ငံ အနုပညာ ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ရိုက်ကူးတင်ဆက်သည့် “ချစ်လှစွာသော” မြန်မာရုပ်သံဇာတ်လမ်းတွဲ အား ပြသခဲ့သည်။[၉] သဘာဝကပ်ဘေးကာလအပြန်အလှန်ကူညီမှုများကပ်ဘေးကာလများတွင် ဖိလစ်ပိုင်နှင့် မြန်မာတို့သည် အပြန်အလှန် အကူအညီများ ပေးအပ်ကြခြင်းဖြင့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ကျင့်သုံးပုံဖော်ကြသည်။၂၀၀၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်း နှင့် ပတ်သတ်ပြီး အထက်လွှတ်တော်အမတ် ရစ်ချတ်ဂေါ်ဒွန် (Richard Gordon ) ဦးဆောင်သည့် ဖိလစ်ပိုင်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့ သို့ ရောက်ရှိလာပြီး နာဂစ်မုန်တိုင်းဆိုင်ရာ အာဆီယံ-ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကတိပြု ညီလာခံ သို့ တက်ရောက်ခဲ့သည်။[၁၀] ယင်းအပြင် ဖိလစ်ပိုင်လေတပ်က ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပါသည့် လူ ၃၀ ပါ ဆေးအဖွဲ့တစ်ဖွဲ့ကို C-130 လေယာဉ် နှင့် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ အလှူငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ပေးအပ်ခဲ့သည်။ ဖိလစ်ပိုင်ပုဂ္ဂလိကကုမ္ပဏီများနှင့် ပရဟိတအဖွဲ့အစည်းများ၏ အလှူငွေများ မပါဝင်ဘဲ ကယ်ဆယ်ရေးအတွက် ဖိလစ်ပိုင်၏ အလှူငွေ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ရှိသည်။ဖိလစ်ပိုင်နိုင်ငံဘက်က တွေ့ကြုံခဲ့ရသည့် ဖိလစ်ပိုင်အလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သော ၂၀၁၃ခုနှစ် ငလျင်ဒဏ်၊ထိုနှစ် နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်း ဟိုင်ယန် မုန်တိုင်း နှင့် စပ်လျဉ်းပြီး မြန်မာက အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ လှူဒါန်းခဲ့သည်။[၁၁] [၁၂]အလားတူ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ နှင့် စပ်လျဉ်းပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် ဖိလစ်ပိုင်နိုင်ငံက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၁၀၀,၀၀၀ လှူဒါန်းခဲ့သည်။
ကိုးကား
|
Portal di Ensiklopedia Dunia