ဘင်္ဂလားဒေ့ရှ်–မြန်မာ ဆက်ဆံရေး

ဘင်္ဂလားဒေ့ရှ်–မြန်မာ ဆက်ဆံရေး
Bangladesh နှင့် Myanmar တို့၏ တည်နေရာများပြ မြေပုံ

ဘင်္ဂလားဒေ့ရှ်

မြန်မာ

မြန်မာ–ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး သည် မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား ထားရှိသည့် သံတမန်ဆက်ဆံရေးဖြစ်သည်။၁၉၇၂ ခုနှစ် မတ်လ ၂၁ ရက် တွင် သံတမန်စတင်ထူထောင်ကြသည်။ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာမြို့ တွင် မြန်မာသံရုံး ရှိပြီး ရန်ကုန်မြို့ တွင် ဘင်္ဂလားဒေ့ရှ်သံရုံး ရှိသည်။[]

သမိုင်းကြောင်း

မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ဆက်ဆံရေးသည် ဘင်္ဂလားဒေ့ရှ်က အရှေ့ပါကစ္စတန်အဖြစ်တည်ရှိစဉ်ကတည်းက မြန်မာ–ပါကစ္စတန် ဆက်ဆံရေးအပေါ် အခြေပြု၍ စတင်ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၇၁ ခုနှစ် မတ်လ ၂၆ရက် နေ့တွင် ဘင်္ဂလားသားများက ပါကစ္စတန် နိုင်ငံထံ မှ လွတ်လပ်ရေးကြေညာခဲ့ရာတွင် ဦးစွာ လက်ခံအသိအမှတ်ပြုခဲ့သော နိုင်ငံများထဲ မြန်မာလည်းပါဝင်ခဲ့သည်။လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း အဖွဲ့ဝင်များဖြစ်ကြသည််။

ဆက်ဆံရေးအခြေအနေ

ပထဝီအနေအထား

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ တို့၏ ပထဝီအနေအထားသည် တောင်အာရှ နှင့် အရှေ့တောင်အာရှ တို့ကြားတွင်တည်ရှိသောကြောင့်၊ဒေသနှစ်ခုအကြား ပေါင်းကူးတံတားတစ်ခု အဖြစ် သတ်မှတ်နိုင်သည်။ထိုအနေအထားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေး၊ကုန်သွယ်ရေး နှင့် မဟာဗျူဟာရေးရာဆိုင်ရာ အရေးပါမှုကို ပေးစွမ်းလျှက်ရှိသည်။

ကိုလိုနီခေတ် နှင့် နယ်စပ်အရေးအခင်းများ

ကာလအချို့တွင် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ တို့သည် ဗြိတိသျှ၏ လက်အောက်တွင် တိုက်ရိုက်စီမံခန့်ခွဲအုပ်ချုပ်ခံရခြင်း၊နယ်နမိတ်စနစ်များ မရှင်းလင်းခြင်း၊လူမျိုးရေးနှင့်ဘာသာရေးမတူညီမှုများကြောင့် နယ်စပ်ဒေသများတွင် ပဋိပက္ခများ တဖြည်းဖြည်းတိုးလာခဲ့သည်။

မူဂျာဟစ်လှုပ်ရှားမှု (၁၉၄၆ - ၁၉၆၁)

ကိုလိုနီခေတ် က မြန်မာနယ်မြေအတွင်းသို့ စစ်တကောင်း မှ ဘင်္ဂလီ မူဆလင်ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ တို့တွင်လည်း နှစ်နိုင်ငံနယ်နမိတ်ချင်းထိစပ်နေခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မေယုနယ်ခြားခရိုင် (ဘူးသီးတောင်-မောင်တော) နှင့် မေယုတောင်တန်း တို့တွင် မူဂျာဟစ်ဒင် ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းသူများက ကြီးစိုးခဲ့သည်။[]

၁၉၄၆ ခုနှစ်တွင် မြောက်အာရကန်ဒေသရှိ မွတ်ဆလင်ခေါင်းဆောင် မော်လ်ဗီလုကမန် ဆာဟစ် ( Moulvi Lookman Sahib)ဦးဆောင်သော အဖွဲ့သည် မြန်မာ့နယ်မြေအတွင်းမှ ရခိုင်မြောက်ပိုင်းကို ပါကစ္စတန် နိုင်ငံသစ်ထဲသို့ ပူးတွဲသွင်းရန် ကြိုးပမ်းခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရှိရသည်။ထိုသို့ သီးခြားရေး နှင့် တိုင်းပြည်ခွဲထွက်ရေးကိစ္စများသည် မြန်မာအစိုးရ၏ စိုးရိမ်စရာဖြစ်လာခဲ့သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ပြီးခေတ် တွင် မူဂျာဟစ်လှုပ်ရှားမှုများသည် ဘူးသီးတောင်မောင်တော နယ်မြေများတွင် စတင်ကျယ်ပြန့်လာသည်။ ဦးနုအစိုးရ နှင့် တပ်မတော်တို့က ထိုလှုပ်ရှားမှုများကို ဖျက်သိမ်းရန် ဆွေးနွေးသည့်နည်းလမ်း၊ တိုက်ထုတ်သည့် နည်းလမ်းများဖြင့် ကြိုးပမ်းခဲ့ကြသည်။ ၁၉၄၉ ခုနှစ် မေလတွင် မြန်မာအစိုးရက Peace Committee for North Arakan အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးကာ မွတ်ဆလင်လူမျိုးများ နှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု နှင့် ရန်ကုန်အခြေစိုက် ပါကစ္စတန်သံအမတ် တို့ မောင်တောဒေသ သို့ သွားရောက်၍ ညှိနှိုင်းပေးခဲ့သည်။ထိုကဲ့သို့သော လှုပ်ရှားမှုများကြောင့် မြန်မာ့တပ်မတော် ကလည်း ၁၉၅၁ ခုနှစ် မှ ၁၉၅၄ အထိ Operation Monsoon ၊ မေယု၊ မုတ်သုန် စသော စစ်ဆင်ရေးကြီးများ၊၁၉၆၆ ခုနှစ်တွင် ကျီးကန်း၊ မြတ်မွန်၊ စံပယ်၊ ရွှေကျီး စသည့် စစ်ဆင်ရေးများဆောင်ရွက်ခဲ့သည်။

၁၉၆၁ ခုနှစ် တွင် မူဂျာဟစ်လက်နက်ကိုင်အုံကြွမှု အဆုံးသတ်ခဲ့သည်။လက်နက်ချသူများကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးက လက်ခံခဲ့ပြီး ဘူးသီးတောင်၊ မောင်တော ဒေသ၌ အခြေချ နေထိုင်ခွင့် ပေးခဲ့သည်။ ထိုအချိန်တွင် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နှင့် မြန်မာ အစိုးရတို့ နယ်စပ်မျဉ်းသတ်မှတ်ခြင်း၊ ဆက်ဆံရေး တိုးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နောင်ဖြစ်ရပ်များ (၁၉၇၁ - ၁၉၇၈)

၁၉၇၁ ခုနှစ် မတ်လ ၁၆ရက်နေ့တွင် အရှေ့ပါကစ္စတန် မှ လွတ်လပ်ရေးကြေညာခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့သည် ၁၉၇၂ ခုနှစ် မတ်လ ၂၁ ရက် တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးစတင်ပြီးနောက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ အရောက်တွင် မြန်မာနိုင်ငက စတင်ခဲ့သည့် လူဝင်မှုကြီးကြပ်စစ်ဆေးရေးဆိုင်ရာ နဂါးမင်းစစ်ဆင်ရေး ကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများ ဘင်္ဂလားဒေ့ရှ် သို့ တိမ်းရှောင်သွားခဲ့ကြသည်။ထိုအခြေအနေအပေါ် မြန်မာနိုင်ငံက ၁၉၇၈ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့မှစ၍ ဟင်္သာစီမံချက်အတိုင်း တိမ်းရှောင်သွားကြသူများကိုလက်ခံရန် တာဝန်ယူခဲ့သည်။ထိုအချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးမှာ စတင် အေးစက်လာခဲ့သည်။[]

ထိုကာလအတောအတွင်း ၁၉၇၈ ခုနှစ် ဧပြီလ ပထမအပတ်တွင် ဘင်္ဂလားဒေ့ရှ် အထူးသံတမန်သည် တိမ်းရှောင် ဘင်္ဂလီများကိစ္စဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ နိုင်ငံတော်သမ္မတ ဦးနေဝင်း နှင့် တွေ့ဆုံခဲ့သည်။ထို့နောက် ၁၉၇၈ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့တွင် ဒါကာမြို့၌ "တိမ်းရှောင်သူများ ပြန်လည်လက်ခံရေး သဘောတူညီချက်" ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်။၁၉၇၉ ခုနှစ် မေလ ၂၃ ရက်တွင် ဦးနေဝင်း သည် နိုင်ငံအကြီးအကဲတစ်ဦးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။[]

သို့သော်လည်း နောက်ပိုင်းတွင် ဒေသတွင်း အကျိုးစီးပွားချင်းပြိုင်ဆိုင်မှုများ၊တည်ငြိမ်မှုမရှိသည့် နယ်စပ်ပြဿနာများ၊ခိုးဝင်ဘင်္ဂလီများကိစ္စ၊ မြန်မာနိုင်ငံတွင်း ကာလရှည် စစ်အုပ်ချုပ်မှု နှင့် ဘင်္ဂလီဒုက္ခသည်အရေးကိစ္စတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် ပြန်လည် အေးစက်လာခဲ့သည်။အထူးသဖြင့် ၁၉၉၁ ခုနှစ် နှင့် ၁၉၉၂ ခုနှစ်အကြားတွင် မြန်မာ တပ်မတော် သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ အင်အားကြီးလာသော ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ RSO အား နှိမ်နင်းရန် ပြည်သာယာ စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။ထိုစစ်ဆင်ရေးအတွင်း ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ တပ်မတော်က နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် စစ်စခန်းတစ်ခုကို မတော်တဆပစ်ခတ်ခဲ့သည်။ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် တပ်မတော်က လက်တုံ့ပြန်သည့်အနေဖြင့် ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ RSO အဖွဲ့အား အကူအညီပေးခဲ့သည်။ထိုသို့ဖြစ်ပွားခဲ့သော ပဋိပက္ခသည် နှစ်နိုင်ငံအကြားဆက်ဆံရေးအေးစက်သည် အထိ ဖြစ်သွားခဲ့သည်။[][][]

နယ်စပ်စည်းရိုးကာရံခြင်း

ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ် နယ်နိမိတ် သဘောတူညီချက် များကို ၁၉၆၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၀ ပြည့်နှစ် တွင် တစ်ကြိမ် နှင့် ၁၉၉၈ ခုနှစ် တစ်ကြိမ် စုစုပေါင်း ၃ကြိမ် အသီးသီး ရယူခဲ့ကြသည်။ သို့သော်လည်း နယ်ခြား အမှတ်အသား မရှိသည့် နေရာက များပြားနေသည့်အတွက် မကြာခဏ ပြဿနာတက်ကြလေ့ရှိကြသည်။[] ထို့အတွက်ကြောင့် မြန်မာအစိုးရက ဘ င်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရန်အတွက်  ၂၀၀၉- ၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ အဆင့် လေးဆင့်ခွဲကာ တပ်မတော် အင်ဂျင်နီယာတပ်မှ တာဝန်ယူဆောက်လုပ်ခဲ့ကြသည်။[]

နှစ်နိုင်ငံခေါင်းဆောင်များ၏ ခရီးစဉ်များ

၂၀၀၀ပြည့်နှစ်နောက်ပိုင်းကာလများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ် ခါလေဒါ ဇီယာ (Khalda Zia) က နိုင်ငံခေါင်းဆောင်အချင်းချင်း အပြန်အလှန်ခရီးစဉ်များပြုလုပ်ကာ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ဆောက်ခဲ့သည်။

၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့တွင် မြန်မာတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် နိုင်ငံခေါင်းဆောင်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည်။

အလားတူ ဝန်ကြီးချုပ် ခါလေဒါ ဇီယာ (Khalda Zia)သည် မြန်မာနိုင်ငံသို့ ၂၀၀၃ ခုနှစ် မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်ပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေး၊သယ်ယူပို့ဆောင်ရေး နှင့် ဒေသတွင်းဆောင်ရွက်မှုများအတွက် သဘောတူညီချက်ချက်များ လက်မှတ်ရေးထိုးခဲ့သည်။[၁၀] ၂၀၀၃ ခုနှစ် မေလ ၂၀ရက်နေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ၁၀ နှစ်အတွင်း ပထမဆုံး နယ်စပ် ဆွေးနွေးပွဲကို ဒါကာမြို့တွင်ပြုလုပ်ခဲ့ကြပြီး နယ်စပ်ဖြတ်ကျော် လက်နက်များ မှောင်ခိုရောင်းချမှု တိုက်ဖျက်ရေး ခြေလှမ်းများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။[၁၁]

၂၀၀၄ခုနှစ် ဧပြီလ ၄ရက်နေ့တွင် မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် ဝန်ကြီးချုပ် ခါလီဒါဇီယာ ၏ ဖိတ်ကြားမှုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။[၁၂]ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး သည် ၂၀၀၈ခုနှစ် အောက်တိုဘာ ၇ရက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရေး နှင့် ဆက်ဆံရေးတိုးမြှင့်ရေး ချစ်ကြည်ရေးခရီးစဉ် ပြုလုပ်ခဲ့သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ

မြန်မာနိုင်ငံ တွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း သမ္မတ ဦးသိန်းစိန် အစိုးရ စတင်တာဝန်ယူပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အဖုအထစ်များရှိသော်လည်း တည်ငြိမ်ခဲ့သည်။၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅ရက်မှ ၇ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သည်မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးလာရောက်ခဲ့သည်။ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား မပြေလည်မှုများအပါအဝင် [၁၃]ထိုထဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေနယ်နိမိတ်ပြဿနာကဲ့သို့သော အရေးကြီးသောကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းခဲ့ကြသည်။

ထိုကဲ့သို့ ဆွေးနွေးမှုမတိုင်မီဖြစ်သော ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ပင်လယ်ရေပိုင်နက်သတ်မှတ်ရေးပြဿနာကို ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့ ရှိ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းကြားနာခဲ့ကြသည်။ဤပြဿနာကို ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ဥပဒေ ကွန်ဗင်းရှင်း အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ် မတ်လ၁၄ ရက်တွင် ထိုတရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ထိုဆုံးဖြတ်ချက်အပေါ် နှစ်နိုင်ငံ နှစ်က်စလုံးက တုံ့ပြန်မှုအနေဖြင့် စောဒကမတင်ကြဘဲ၊ ပင်လယ်ရေပိုင်နက်သတ်မှတ်ရေးပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ခဲ့ကြသည်။ဤဖြေရှင်းမှုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး တည်တံ့မှုအတွက် အရေးပါသောအခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့သည်။

၂၀၁၂-၂၀၁၇ ရခိုင်ပြည်နယ်ပဋိပက္ခ နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး

၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ သည် မြန်မာနိုင်ငံအတွင်း လူမျိုးရေးနှင့်ဘာသာရေးအခြေအနေများကို ထိခိုက်စေခဲ့သည်။ထိုအချိန်တွင် ဘင်္ဂလားဒေ့ရ်ှအစိုးရ နှင့် သတင်းမီဒီယာများက စိုးရိမ်မှုများဖော်ပြခဲ့ကြသည်။

၂၀၁၂ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ဆက်တွဲ ပြဿနာများအပေါ် ဆွေးနွေးရန် ဘင်္ဂလားဒေ့ရ်ှ အစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား နိုင်ငံတော်အဆင့် တွေ့ဆုံမှုတစ်ခုကိုပြင်ဆင်ခဲ့ကြသည်။သို့ရာတွင် မြန်မာနိုင်ငံဘက်မှ သမ္မတ ဦးသိန်းစိန် က ထိုတွေ့ဆုံမှုကို ရွှေ့ဆိုင်းဖျက်သိမ်းခဲ့သည်။[၁၄]ထိုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံအကြား တည်ငြိမ်သည့် ဆက်ဆံရေးသည် အနည်းငယ်အေးစက်စေခဲ့ပြီး၊ထိုအချိန်မှစ၍ ပြန်လည်ယှဉ်ပြိုင်မှုများ နှင့် စွပ်စွဲမှုများပေါ်ပေါက်လာခဲ့သည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် ခေါ် အာဆာ (ARSA) အဖွဲ့က မြန်မာလုံခြုံရေးကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး၊ မြန်မာ့တပ်မတော်ကလည်း ပြင်းထန်သော လက်တုံ့ပြန်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။၂၀၁၇ ခုနှစ် ဩဂုတ်၂၉ရက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သော အစိုးရက အာဆာအဖွဲ့ကို စစ်ရေးအရ အတူတကွ တိုက်ခိုက်ရန် မြန်မာအစိုးရကို ကမ်းလှမ်းခဲ့ပြီး၊ တိမ်းရှောင်လာသော ဒုက္ခသည်အားလုံးကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။သို့သော် မြန်မာနှင့်တွဲပြီး အာဆာအဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော ဝန်ကြီးချုပ်ဟာဆီနာ၏ အဆိုသည် ရိုဟင်ဂျာတို့ကို ထောက်ခံသည့် ဆန္ဒပြမှုများ ဘင်္ဂလားဒေ့ရှ်မြို့ကြီးများတွင် ဖြစ်ပေါ်လာသည့်အခါ မူဝါဒသည် ပြောင်းလဲလာကာ ရုပ်သိမ်းသွားခဲ့သည်။၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် နယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သွားရောက်ပြီး တိမ်းရှောင်လာသူများ နေရပ်ပြန်ရေးကိစ္စအား မြန်မာအစိုးရနှင့် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။[၁၅]

၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုအေးစက်သွားစေခဲ့သည်။

၂၀၂၁ နောက်ပိုင်းအခြေအနေ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးသည် တိတ်ဆိတ်သွားခဲ့သည်။၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား မှတ်တိုင်များအနီးရှိ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတိုက်ခိုက်ခံရပြီး ကျည်အချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ကျရောက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးရှိ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ယင်းအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားရှိ အမှတ်(၃၄)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကြောင်းကြားစာပို့ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့အသိပေး အကြောင်းကြားစာများ ပေးပို့ခဲ့သည်။[၁၆] သို့သော် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Dr. Md. Monwar Hossain က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ထံ သံအမတ်ခန့်အပ်လွှာတင်သွင်းခဲ့သည်။ဤဖြစ်ရပ်သည် နှစ်နိုင်ငံအကြား အေးစက်နေသည့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သည့်အနေဖြင့် သတ်မှတ်နိုင် သည်။[၁၇]

ထို့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ​စပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများကို အာရက္ခတပ်တော် က တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့သည်။ထိုအချိန်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့်ဆက်ဆံရေးတည်ဆောက်ခဲ့သည့်အပြင် [၁၈] ရခိုင်ပြည်နယ်ရှိ နယ်မြေအများစုကို ကြီးစိုးထားသည့် အာရက္ခတပ်တော် (AA)နှင့်ပါ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။[၁၉] ထိုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ကန့်ကွက်မှုများပြုလုပ်ခဲ့သည်။ယင်းအပြင် ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရထံသို့လည်း သံတမန်ရေးအရ ကန့်ကွက်စာပေးပို့ခဲ့သည်။ထို့နောက်တွင် နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာခဲ့သည်။ [၂၀]

၂၀၂၅ ခုနှစ် မေလ ၂၈ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး နှင့် စစ်သံမှူးတို့ကို ပြန်လည် ခေါ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။[၂၁]ဤသို့ဖြင့် မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ဆက်ဆံရေးသည် အေးစက်နေရာမှ တင်းမာသွားခဲ့ကြသည်။

လေကြောင်းခရီးစဉ်

၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက် တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ လေကြောင်း ခရီးစဉ် ပြေးဆွဲရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ သဘောတူလက်မှတ် ရေး ထိုးပြီး ရန်ကုန် - ဒါကာ ခရီးစဉ် ပြေးဆွဲမှုကို စတင်သည်။[၂၂]

ကုန်သွယ်မှုအခြေအနေ

၂၀၁၀ပြည့်နှစ်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့သည် ကုန်သွယ်မှုသဘောတူစာချုပ်များလက်မှတ်ရေးထိုးထားကြပြီး ကုန်သွယ်မှုများ ပြုလုပ်ကြသည် ။တစ်ဖက်တွင်လည်း ကမ္ဘာ့အဝတ်အထည်ဈေးကွက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့်မြန်မာနိုင်ငံတို့ သည် ပြိုင်ဘက်နိုင်ငံများအဖြစ် ရပ်တည်နေခဲ့ကြသည်။[၂၃]


ကိုးကား

  1. Bangladesh Myanmar Bilateral RelationsEmbassy of the People’s Republic of Bangladesh Yangon, Myanmar။ 30 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 May 2025 တွင် ပြန်စစ်ပြီး။
  2. RSO နှင့် မူဂျာဟစ်ဒင် နောက်ခံသမိုင်းThe Irrawaddy (၁၄ အောက်တိုဘာ ၂၀၁၆)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ဟင်္သာစီမံချက်နှင့်ပတ်သက်၍ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးနှင့်အဖွဲ့သို့ တင်ပြချက်The Mog Nation Wiki (၂၃ ဇန်နဝါရီ ၂၀၂၂)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. Mahbubur Rahman၊ Muhammad (July 2011)။ BCS Bangladesh Affairs (ဘင်္ဂါလီဘာသာစကားဖြင့်)။ I & II။ Lion Muhammad Gias Uddin။ p. 94 (Vol. II)။
  5. "Bangladesh: The Plight of the Rohingya" (in en)၊ Pulitzer Center၊ 18 September 2012။ 
  6. Understanding and responding to the Rohingya crisis (in en) (27 May 2015)။ 25 September 2017 တွင် ပြန်စစ်ပြီး။
  7. "Trapped inside Burma's refugee camps, the Rohingya people call for recognition"၊ The Guardian၊ 20 December 2012။ 
  8. မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးVOA (၁၇ ဒီဇင်ဘာ ၂၀၁၁)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. နယ်စပ်ခြံစည်းရိုးခတ်ခြင်း အပါအဝင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) သို့ ငွေကြေးလှူဒါန်းသည့် မြန်မာထိပ်တန်းကုမ္ပဏီများကို စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက ရာဇဝတ်ကြောင်းအရ အရေးယူရန် ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က မြန်မာအပေါ် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီးဖိအားပေး ထုတ်ပြန်Eleven Media Group (၅ ဩဂုတ် ၂၀၁၉)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. Trade deals the highlight of Bangladeshi PM’s visitMyanmar's First International Weekly Journal (24-30 March 2003)။ 30 May 2025 တွင် ပြန်စစ်ပြီး။
  11. Burma And Bangladesh Open Border Talks - 2003-05-21VOA (21 May 2003)။ 30 May 2025 တွင် ပြန်စစ်ပြီး။
  12. Burmese Prime Minister Khin Nyunt To Visit Bangladesh - 2004-03-29VOA (29 March 2004)။ 30 May 2025 တွင် ပြန်စစ်ပြီး။
  13. ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာခရီးစဉ်BBC (၅ ဒီဇင်ဘာ ၂၀၁၁)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  14. သမ္မတ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ် ရွှေ့ဆိုင်းThe Irrawaddy (၂ ဇူလိုင် ၂၀၁၂)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  15. Bangladesh holds the key to Rohingya insurgencyAsia Time (25 Sep 2017)။ 30 May 2025 တွင် ပြန်စစ်ပြီး။
  16. မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ လုံခြုံရေးရဲကင်း စခန်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲCINCDS Myanmar (၁၇ စက်တင်ဘာ ၂၀၂၂)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  17. နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်MOI Myanmar (၆ စက်တင်ဘာ ၂၀၂၃)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  18. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံMWD Webportal (၃ မေ ၂၀၂၄)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  19. "မြန်မာစစ်ကောင်စီရော AA နဲ့ပါ ဆက်ဆံမှုရှိ" ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရVOA (၃၁ ဒီဇငဘာ ၂၀၂၄)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  20. ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ကောင်စီတို့ ကြား သံတမန်ရေး တင်းမာမှုရှိနေပြီလားBBC (၂၉ မေ ၂၀၂၅)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  21. Bangladesh recalls ambassador from Myanmarbanglanews24 (28 May 2025)။ 30 May 2025 တွင် ပြန်စစ်ပြီး။
  22. ဘင်္ဂလားဒေ့ရှ်-မြန်မာ လေကြောင်းခရီးစဉ် သဘောတူThe Irrawaddy (၁၈ ဇန်နဝါရီ ၂၀၁၂)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  23. မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ပြိုင်ဘက်များဖြစ်လာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (၃ မတ် ၂၀၁၆)။ ၃၀ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya