အိန္ဒိယ–မြန်မာ ဆက်ဆံရေး
အိန္ဒိယ-မြန်မာ ဆက်ဆံရေး သည် အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံ တို့အကြား နှစ်နိုင်ငံဆက်ဆံရေး ဖြစ်သည်။နှစ်နိုင်ငံအကြား ဘာသာရေးအရလည်းကောင်း၊ယဉ်ကျေးမှုအရလည်းကောင်း၊ကုန်သွယ်မှုအရပါ ရှေးပဝေသဏီ ကတည်းက ဆက်နွယ်ခဲ့ကြသည့်အပြင် ကိုလိုနီစနစ်၏ဝန်ထုတ်ဝန်ပိုးကို အတူထမ်းပိုးခဲ့ရသည့် နိုင်ငံများလည်း ဖြစ်ခဲ့ကြသည်။မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် မျက်မှောက်ခေတ် နှစ်နိုင်ငံတရားဝင် သံတမန် ထူထောင်ကြသည်။[၁] သမိုင်းကြောင်းယနေ့မြန်မာနိုင်ငံတွင် ထွန်းကားနေသည့် ထေရဝါဒမြတ်ဗုဒ္ဓသာသနာ မှာ အိန္ဒိယနိုင်ငံ ဂါယာဒေသ မှဆင်းသက်လာသည်ဖြစ်၍ နှစ်နိုင်ငံအကြားဆက်သွယ်မှုသည် နှစ်ထောင်ချီကြာမြင့်ခဲ့သည်။မြန်မာအက္ခရာ သည် အေဒီ ၃၀၀ ဝန်းကျင် အိန္ဒိယ တွင် ထွန်းကားခဲ့သည့် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံသည်ဟု လက်ခံထားကြသည်။ကုန်စည်ကူးသန်းရောင်းဝယ်ကြရာမှတဆင့် ဗုဒ္ဓအား ပထမဦးဆုံးဖူးမြော်ခဲ့ရသူ တဖုဿနှင့် ဘလ္လိက၂ဦးသည် မြန်မာများဖြစ်သည်ဆိုသော ခိုင်မာသည့်ယုံကြည်ချက်လည်းရှိခဲ့ကြ၍ ထေရဝါဒဗုဒ္ဓဘာသာသည် ယနေ့အထိပင် မြန်မာ့လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုကို နှစ်ထောင်ပေါင်းများစွာ လွှမ်းမိုးခဲ့သည်။ဗုဒ္ဓပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ဂါယာဒေသတွင် ပုဂံမင်းဆက်များဖြစ်ကြသည့် ကျန်စစ်သား နှင့် အလောင်းစည်သူ၊ နောက်ဆုံးမြန်မာမင်းဆက် ကုန်းဘောင်ခေတ် ဘုရင်မင်းတုန်းမင်းနှင့် ဘကြီးတော်မင်း တို့၏ ကျောက်စာနှင့် စေတီများက နှစ်နိုင်ငံဆက်သွယ်မှု၏ ကြာရှည်သမိုင်း ပြယုဂ် များဖြစ်ခဲ့သည်။ ရခိုင်မင်းဆက်များ နှင့် ဘင်္ဂလားမင်းဆက်များ၏ အားပြိုင်မှုများမှသည် နောက်ဆုံး အိန္ဒိယ မင်းဆက် မဂိုဘုရင် လက်ထက်အထိ ရှည်ကြာခဲ့သည်။ယင်းအပြင် ဗြိတိသျှလက်အောက် နှစ်နိုင်ငံလုံးရောက်ကာ မြန်မာဘုရင် သီပေါမင်း အိန္ဒိယတွင် နတ်ရွာစံ၍ အိန္ဒိယ မဂိုဘုရင် ဇဖား ရှား ရန်ကုန်တွင် ကံကုန်ခဲ့ကြသည်[၂] အထိ မြန်မာ-အိန္ဒိယ ဆက်သွယ်မှုက ကြီးမားခဲ့သည်။ ကိုလိုနီခေတ် ဆက်နွယ်မှုဗြိတိသျှလက်အောက် သို့ မြန်မာနိုင်ငံ လုံးလုံးလျားလျား ကျရောက်ပြီးသည့်နောက် မြန်မာပြည်အတွက် အုပ်ချုပ်ရေးအား အိန္ဒိယဘုရင်ခံချုပ်က ၁၉၃၇ခုနှစ် အထိ တဆင့်စီမံခန့်ခွဲခဲ့ဖူးသည်။၁၈၇၈ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ် သည် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခဲ့ရသည့် ကနဦးခြေလှမ်းဖြစ်ခဲ့သည်။ မြန်မာပြည်ထဲ ဝံသာနုလှုပ်ရှားမှု များ၏ အစသည် ဗြိတိသျှက အိန္ဒိယအားအုပ်ချုပ်ရေးတိုးပြီး မြန်မာပြည်အားချန်လှပ်ထားရာမှ စတင်ခဲ့သည်။ မြန်မာပြည် ဂျပန်လက်အောက်ရောက်ခိုက် ဘုရင်ခံ ဆာဒေါ်မန်စမစ် နှင့် စစ်ပြေး ဆာပေါ်ထွန်း အစိုးရ တို့ အိန္ဒိယ ဆင်းမလား တွင် ရွှေ့ပြောင်း ရုံးစိုက်ပြီး စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးအတွက် ရေးဆွဲပြီး ၁၉၄၅ခုနှစ် မေလ ၁၇ရက်တွင် ပြဋ္ဌာန်းခဲ့သည့် စက္ကူဖြူ စာတမ်း သည် မြန်မာ့လွတ်လပ်ရေး အတွက် အရေးပါခဲ့သည်။ မြန်မာပြည် ဥပဒေပြု လွှတ်တော် နှင့် အိန္ဒိယ လွှတ်တော်တို့အကြား အပြန်အလှန်ကိုယ်စားလှယ်စေလွှတ်ကြမှုများဖြင့်လည်း ကိုလိုခေတ် တစ်လျှောက်လုံး အိန္ဒိယ-မြန်မာကြား နိုင်ငံရေး အရဆက်နွယ်မှုများ ရှိခဲ့ကြသည်။ထိုမျှမကသေး ၁၈၆၉ ခုနှစ် နောက်ပိုင်း ဆူးအက်တူးမြောင်းဖောက်ပြီး ဆန်စပါး ဈေးကွက်အတွက် အိန္ဒိယ လယ်လုပ်သားများအား မြန်မာပြည် အောက်ပိုင်းသို့ စပါးစိုက်ပျိုးရန် စေလွှတ်ခြင်းက ပြည်သူများကြား ဆက်နွယ်မှုနှင့်အတူ တဘက်တွင်လည်း ရွှေ့ပြောင်းဝင်လာသည့် အိန္ဒိယသားများ နှင့် မြန်မာများကြား ပဋိပက္ခ အဓိကရုဏ်းများ ရှိခဲ့ကြသည်။[၃]ရန်ကုန် သင်္ဘောကျင်းက အိန္ဒိယ ဝန်ထမ်းများအပါအဝင် ကဏ္ဍစုံ တွင် အိန္ဒိယလုပ်သားများ ပါဝင်မှုမှာ ကိုလိုနီခေတ်၌ အကြီးထွားဆုံး ဖြစ်လာခဲ့သည်။ မြန်မာပြည်စစ်မျက်နှာပေါ် မဟာမိတ်တပ်များနှင့်အတူ ဂျပန်ကို တိုက်ထုတ်ရာတွင် ပါဝင်ခဲ့သည့် သိန်းဖေမြင့် ခေါင်းဆောင်သည့် လူငယ် တော်လှန်ရေးသမားများ ကာလကတ္တား တွင် ဗြိတိသျှ အကူအညီဖြင့် လေထီးသင်တန်း လေ့ကျင့်ခဲ့ကြသည်။အလားတူ ဆူဘတ်ချန်ဒရာဘို့စ် ခေါင်းဆောင်သည့် အိန္ဒိယ အမျိုးသား တပ်မတော်က မြန်မာပြည် တွင် ခြေကုပ်ယူကာ ဂျပန် အကူအညီ ဖြင့် ဗြိတိသျှလက်အောက်ခံ အိန္ဒိယအား ပြန်လည်သိမ်းယူရန် ကြိုးစားခဲ့ဖူးသည့် သမိုင်းမှတ်တိုင်လည်း ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် အိန္ဒိယကွန်ဂရက် ခေါင်းဆောင် နေရူးတို့သည် နှစ်နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုအပေါ် အပြန်အလှန် အားပေး ကူညီခဲ့ကြသည်။မြန်မာနှင့် အိန္ဒိယတို့၏ ပထမဆုံး ဝန်ကြီးချုပ်များဖြစ်ကြသော ဦးနုနှင့် ဂျဝါဟာလာနေရူးတို့ နှစ်ဦးစလုံးသည် ဒီမိုကရေစီနှင့် နိုင်ငံရေးအပေါ် တူညီသော အမြင်၊ လောကအမြင်နှင့် သမိုင်းအမြင် တူညီကြသည်။ သံတမန်ဆက်ဆံရေးနှစ်နိုင်ငံ မျက်မှောက်ခေတ်တရားဝင်သံတမန်ဆက်ရေး အား ၁၉၄၈ခုနှစ် ဇန်နဝါရီ ၄ရက်နေ့ တွင်ဆောင်ရွက်ကြသည်။မြန်မာ-အိန္ဒိယ သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် နေ့နှင့် တိုက်ဆိုင်သည်။မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၁၉၅၁ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေးစာချုပ်” (Treaty of Peace and Friendship) ကို ချုပ်ဆိုခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ ဧပြီ လတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပခဲ့သည့် ကိုလံဘိုညီလာခံတွင် မြန်မာဝန်ကြီးချုပ် ဦးနုနှင့် အိန္ဒိယဝန်ကြီးချုပ် နေရူးတို့သည် သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန် တို့နှင့်အတူ တက်ရောက်ခဲ့ပြီး ကက်ရှ်မီးယား အရေးနှင့် ပတ်သက်၍ အိန္ဒိယနှင့် ပါကစ္စတန်တို့၏ ပဋိပက္ခဖြစ်ပွားမှုကို မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု၏ ကြိုးပမ်း မှုနှင့် ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။၁၉၅၅ ခုနှစ်တွင်အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့၌ ကျင်းပခဲ့သည့် ဘန်ဒေါင်း ညီလာခံတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီး (၅)ချက် (Five Principles of Peaceful Coexistence) ” ချမှတ်ရာတွင် အတူတကွ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ထိုကာလနောက်ပိုင်း နှစ်နိုင်ငံရေးဆက်လက်ကောင်းမွန်ခဲ့သော်လည်း ၁၉၆၂ခုနှစ် ဦးနေဝင်းအစိုးရ အာဏာသိမ်းမှုနှင့်အတူ ဆိုရှယ်လစ်စနစ်စီးပွားရေးအရဟုဆိုပြီး အိန္ဒိယနွယ်ဖွားများအပါအဝင် နိုင်ငံခြားသားများ၏ စီးပွားရေးလုပ်ငန်းများအား ပြည်သူပိုင် သိမ်းယူပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသည် အေးစက်သွားသည်။၁၉၆၈ ခုနှစ် နှင့် ၁၉၆၉ ခုနှစ် အိန္ဒိယသမ္မတ အင်ဒီရာဂန္ဒီ ၏ ခရီးစဉ်အပြီး ၁၈နှစ်ကြာသည်အထိ အိန္ဒိယနိုင်ငံ၏အကြီးအကဲများလာရောက်မှု မရှိကြတော့ပေ။၁၉၈၇ ခုနှစ် အရောက်တွင် အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ထိုနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးသည် တိုးတက်လာသည်။၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အထူးတိုးတက်ကောင်းမွန်သွားခဲ့သည်။ ပထဝီနိုင်ငံရေးပထဝီအနေအထားအရ မြန်မာသည် အင်အားကြီးနှစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ ကြား တွင် တည်ရှိသည်။ယင်းအပြင် အိန္ဒိယနိုင်ငံ နှင့် ကုန်းတွင်းပိုင်းအပါအဝင် ရေပိုင်နက်နှင့်ပါ ထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်သည်။မျက်မှောက်ခေတ် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးသည် စီးပွားရေးအရလည်းကောင်း၊နိုင်ငံရေးအရအရလည်းကောင်း၊ပထဝီနိုင်ငံရေးအရပါ အထူးအရေးပါသည်။ မြန်မာနိုင်ငံဘက်ခြမ်းက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ပြည်နယ် ၄ ခု ဖြစ်သော မီဇိုရမ်၊ မဏိပူရ၊ နာဂလန် နှင့် အရူနာချယ်ပရာဒက်ရှ် ပြည်နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည်။ နှစ်နိုင်ငံကုန်းတွင်း နယ်နိမိတ် ထိစပ်မှုသည် ၁၆၄၃ ကီလိုမီတာရှည်လျားပြီး ၇၂၅ ကီလိုမီတာရှည်လျားသည့် ပင်လယ်ရေကြောင်းနယ်နိမိတ်ထိစပ်မှုလည်းရှိသည်။ အိန္ဒိယ၏ ကပ္ပလီကျွန်းများတစ်လျှောက် ရေကြောင်းနယ်နိမိတ်ကို အိန္ဒိယနှင့် မြန်မာတို့က မျှဝေထားကြသည်။မြန်မာနိုင်ငံသည် ဒေသတွင်းပြည်တွင်းတိုက်ပွဲများနှင့် ရုန်းကန်နေရချိန် အိန္ဒိယ၏ အထောက်အပံ့များ ရယူခဲ့ရသည်။တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ အိန္ဒိယ-မြန်မာနယ်စပ် နေရာအချို့တွင် အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်ရေးလက်နက်ကိုင်တို့ အခြေချခဲ့မှုများရှိခဲ့၍ ၁၉၉၅ ခုနှစ် ရွှေငှက်စစ်ဆင်ရေး (Operation Golden Bird) အပါအဝင် ၂၀၁၉ ခုနှစ် Operation Sunrise ပူးတွဲစစ်ဆင်ရေးစသည်ဖြင့် နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးများဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြသည်။[၄]နှစ်နိုင်ငံနယ်စပ်ဒေသ အချို့ တွင် မူးယစ်ဆေး နှင့် ကုန်ပစ္စည်း အမျိုးမျိုး မှောင်ခို သယ်ယူမှုပြဿနာ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ နှင့် လှုပ်ရှားမှု ပြဿနာများလည်း ရှိသည်။[၅] စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၂၀၁၀ပြည့်နှစ် နောက်ပိုင်းကစပြီး အိန္ဒိယအစိုးရ၏ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများအတွက် ကုန်သွယ်ခွန်ကင်းလွတ်ခံစားခွင့် အစီအစဉ်၌ မြန်မာပါဝင်လာခြင်း နှင့်အတူ အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်ရေးဒေသ အကောင်အထည်ပေါ်လာခြင်းတို့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုသည် တစ်ရှိန်ထိုး တိုးတက်လာသည်။ယင်းမတိုင်မီ အစိုးရနှစ်ရပ်ကြား ၂၀၀၈ ခုနှစ် က သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်သော “ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း” သည် ကြီးမားသည့် စီမံကိန်းတစ်ခုအနေဖြင့် တည်ရှိခဲ့သည်။ယင်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသည် ၂၀၂၃ ခုနှစ် မေလ ၉ ရက် နေ့တွင် လုပ်ငန်းစတင်လည်ပတ်နေပြီ ဖြစ်သည်။[၆]ယင်းအပြင် ၃ နိုင်ငံ ကူးလူးဆက်သွယ်နိုင်သည့် ကီလိုမီတာ ၁၃၆၀ ရှည်လျားသော အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးလမ်းမကြီးစီမံကိန်း ကိုလည်း အကောင်အထည်ဖော်နေသည်။[၇] အိန္ဒိယနိုင်ငံမှ သက်သာသောချေးငွေ အမေရိကန်ဒေါ်လာသန်း (၅၀၀) နှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်တွင် အိန္ဒိယနိုင်ငံပို့ကုန် သွင်းကုန်ဘဏ် နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် တို့ အကြား လက်မှတ်ရေးထိုးခဲ့ကြသည်။[၈]အမေရိကန်ဒေါ်လာ (၂၂၈.၁၄) သန်းတန်ဖိုးရှိ စီမံကိန်း (၃) ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ဆောင်ရွက်လျက်ရှိသည်။အိန္ဒိယ သည် ၂၀၂၀ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင်း၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၇၁သန်း တန်ကြေးရှိသော ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၃၃ ခုရှိသည်။အိန္ဒိယသည် မြန်မာ၏ ကုန်တင်ပို့မှု ပဉ္စမမြောက် အများဆုံးနိုင်ငံ၊ ကုန်တင်သွင်းမှုတွင် ဆဌမမြောက်အများဆုံးနိုင်ငံ ဖြစ်သည်။ ၂၀၁၇ခုနှစ် စာရင်းဇယားများအရ အိန္ဒိယ-မြန်မာကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၆၀.၃၅ မီလျံ (၁ ဘီလျံကျော်) ရှိသည်။၁၉၉၄ ခုနှစ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု သဘောတူညီချက်တွင် နယ်စပ်ကုန်သွယ်ရေးကို သတ်မှတ်ထားသော နယ်စပ်မှတ်တိုင် ၃ ခု ရှိပြီး မဏိပူရ၊ မီဇိုရမ်နှင့် နာဂလန်းတို့တွင် တစ်ခုစီ ဆောင်ရွက်ပေးထားသည်။ ပူးပေါင်းဆောင်ရွက်မှုမြန်မာနိုင်ငံတွင် အိန္ဒိယ၏ ဖွံ့ဖြိုးရေးအကူအညီ အစုစုသည် အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံကျော်ရှိသည်။ ဤအကူအညီအများစုသည် ထောက်ပံ့ငွေဖြစ်သည်။အိန္ဒိယနိုင်ငံ သည် မြန်မာနိုင်ငံ အား သတင်းအချက်အလက်နည်းပညာ၊ အင်္ဂလိပ်ဘာသာစကား၊ ဗုဒ္ဓဘာသာနှင့် လူမှုရေးလုပ်ငန်းဆိုင်ရာ နယ်ပယ်အသီးသီး တို့အတွက် နှစ်စဉ် ပညာသင်ဆုများအား အိန္ဒိယတစ်ဝှမ်းရှိ အကောင်းဆုံး တက္ကသိုလ် တို့မှတဆင့် ပေးအပ်လျှက်ရှိသည်။ အိန္ဒိယနိုင်ငံအစိုးရ၏ ထင်ရှားသည့် အကူအညီများ
နှစ်နိုင်ငံခေါင်းဆောင်များ၏ခရီးစဉ်များအိန္ဒိယနိုင်ငံတွင် ထင်ရှားသည့် အိန္ဒိယစာဆိုတော် ရာဘင်ဒြာနတ် တဂိုး သည် ၁၉၁၆ခုနှစ် နှင့် ၁၉၂၄ခုနှစ် တို့တွင် ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ခဲ့သည်။ မဟတ္တမဂန္ဒီသည် ၁၉၀၂ခုနှစ်၊ ၁၉၁၅ခုနှစ် နှင့် ၁၉၂၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၃ ကြိမ် လာရောက်လည်ပတ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် ၁၉၅၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ၁၁ ကြိမ် လာရောက်ခဲ့သည်။ အိန္ဒိယသမ္မတ အင်ဒီရာဂန္ဒီ သည် ၁၉၆၈ခုနှစ် နှင့် ၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။[၉] ဆယ့်ရှစ်နှစ်ကြာပြီးနောက် အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီသည် ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခဲ့သည်။ယင်းနောက် ၂၀၀၆ခုနှစ်၊၂၀၁၂ခုနှစ်၊၂၀၁၃ခုနှစ်၊၂၀၁၄ခုနှစ်၊၂၀၁၇ခုနှစ် နှင့် ၂၀၁၈ခုနှစ်များတွင် အိန္ဒိယဝန်ကြီးချုပ်များ နှင့် အိန္ဒိယသမ္မတ တို့သည် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်များလာရောက်ကြသကဲ့သို့ မြန်မာနိုင်ငံဘက်ကလည်း ၂၀၀၄ခုနှစ်၊၂၀၀၈ခုနှစ်၊၂၀၁၀ပြည့်နှစ်၊၂၀၁၁ ခုနှစ်၊၂၀၁၂ခုနှစ်၊၂၀၁၅ခုနှစ်၊၂၀၁၆ခုနှစ်၊၂၀၁၈ခုနှစ်၊၂၀၂၀ပြည့်နှစ် များတွင် နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် သမ္မတများဖြစ်ကြသည့် ဦးသိန်းစိန်၊ဦးထင်ကျော် နှင့် ဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ အိန္ဒိယနိုင်ငံ သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ကြသည်။[၁၀] နှစ်နိုင်ငံ ဗီဇာဖြေလျော့မှု၂၀၁၇ ခုနှစ် နေပြည်တော် ခရီးစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ သည် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်သော မြန်မာနိုင်ငံသားအားလုံးကို အခမဲ့ဗီဇာ ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။[၁၁][၁၂]မြန်မာနိုင်ငံဘက်ကလည်း နိုင်ငံအတွင်းသို့ လာရောက်မည့် အိန္ဒိယကမ္ဘာလှည့်ခရီးသွားများအား ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[၁၃] ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြန်မာတပ်မတော် နှင့် အိန္ဒိယတပ်မတော် တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် မြောက်မြားစွာရှိသည်။ ၂၀၂၀ပြည့်နှစ် က မြန်မာ တပ်မတော် ပထမဦးဆုံးပိုင်ဆိုင်ခဲ့သည့် ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူ သည် အိန္ဒိယနိုင်ငံ မှ ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ နောက်ပိုင်းဆက်ဆံမှု၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု အပေါ် အိန္ဒိယသည် လူသိထင်ရှားဝေဖန်မှု နည်းပါးခဲ့သည်။အိန္ဒိယအစိုးရ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တို့၏ ဆက်ဆံရေးသည် အာဏာသိမ်းပြီး တစ်လအကြာတွင် ကျင်းပခဲ့သည့် တပ်မတော်နေ့အခမ်းအနားသို့ အိန္ဒိယသံအမတ်ကြီး တက်ရောက်ခဲ့ခြင်းဖြင့် နီးကပ်စွာ ရှိနေခဲ့သည်။သို့သော်လည်း ၂၀၂၁ခုနှစ် ဧပြီလ တွင် မြန်မာနိုင်ငံ က ဆန္ဒပြသူများအား အကြမ်းဖက်နိုမ်နင်းခဲ့မှုအပေါ် အိန္ဒိယအစိုးရက ရှုတ်ချကြောင်းကြေညာခဲ့သည့်အပြင် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ်ကိုလည်း အိန္ဒိယနိုင်ငံက စိတ်အနှောက်အယှက်ဖြစ်ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးခွင့်ရှိသူ Arindam Bagchi က ထွက်ပြောခဲ့သည်။၂၀၂၁ ဒီဇင်ဘာ ၂၂ရက်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Vardhan Shringla သည် မြန်မာနိုင်ငံ သို့ (၂)ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခဲ့သည်။ယင်းနောက်ပိုင်းကစပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး သည် စစ်ကောင်စီဝန်ကြီးများနှင့် ဆက်တိုက် တွေ့ဆုံခြင်းများရှိခဲ့သည်။[၁၄]၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ရက်နေ့တွင်အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးဝန်ကြီး Mr Vinay Mohan Kwatra လာရောက်သည်။[၁၅]၂၀၂၃ ခုနှစ် တွင်ကျရောက်သည့် မြန်မာ-အိန္ဒိယ ဆက်ဆံရေး (၇၅)နှစ်မြောက်နေ့အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်သည်။[၁၆]၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့တွင် အကြိမ် (၂၀) မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား မူဝါဒ ရေးရာ ညှိနှိုင်းဆွေးနွေးပွဲအား အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့ တွင် ကျင်းပခဲ့သည်။[၁၇]၂၀၂၄ ခုနှစ် မေလ ၁၁ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ရန် ဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Abhay Thakur သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်သည်။[၁၈]တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး အား နိုင်ငံထဲ ဖွင့်လှစ်ခွင့်ပေးထားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia