လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်သည်။ ဖြစ်စဉ်အတွင်း တပ်မတော် (ကြည်း) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် အရပ်သား အနည်းဆုံး ၆၅ ဦးအား သတ်ဖြတ်ခဲ့ကြသည်။[၂] ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရပြီးနောက် အသေအပျောက်အများဆုံးသော ဖြစ်ရပ်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် အရပ်သားများအား စစ်တပ်က ပြင်းထန်စွာ အကြမ်းဖက်ခြင်းတစ်ခုအဖြစ် မှတ်သားခဲ့သည်။[၃][၄][၂] အကြမ်းဖက် ဖြိုခွင်းမှုတွင် နိုင်ငံတွင်း အဓိက စက်ရုံအလုပ်ရုံအများအပြား တည်ရှိရာဖြစ်သည့် လှိုင်သာယာမှ စက်ရုံအလုပ်သမားများ၊ ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းများ အစုလိုက် အပြုံလိုက် ထွက်ခွာသွားစေခဲ့သည်။[၅][၆] နောက်ခံ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းမှု ပြုလုပ်ခဲ့သည်။ မကြာမီ တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအဝှန်းရှိ ပြည်သူတို့သည် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ မတ်လအစောပိုင်းတွင် ကြီးမားသော ဆန္ဒပြမှုများကို လှိုင်သာယာတွင် စတင်ခဲ့သည်။[၇] အထည်ချုပ်စက်ရုံ ၈၅၀ ကျော်ရှိသည့် လှိုင်သာယာမြို့နယ်တွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကြောင့် ဆန္ဒပြပွဲများမှာ ကြီးမားခဲ့သည်။[၈][၇][၉][၁၀] အဆိုပါမြို့နယ်သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် အိုးအိမ်မဲ့ဖြစ်ခဲ့ကြသော ဧရာဝတီတိုင်း ဒေသကြီးမှ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ အများအပြား နေထိုင်ရာ မြို့နယ်ဖြစ်သည်။[၁၁] ဖြစ်စဉ်၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့ အရုဏ်တက်ချိန်တွင် လှိုင်သာယာမှ ဆန္ဒပြသူများသည် ထိုင်သပိတ်ပြုလုပ်ရန်အတွက် လှိုင်မြစ်ကမ်းနားလမ်းတလျောက် ဘတ်စ်ကားမှတ်တိုင်များတွင် ကွန်ကရစ်တုံးများ၊ ဝါးများ၊ သဲအိတ်များဖြင့် အတားအဆီးများ ပြုလုပ်ခဲ့ကြသည်။[၇][၁၂] နံနက် ၇ နာရီဝန်းကျင်တွင် အမျိုးသမီး ၅၀ ခန့် ရောက်ရှိလာပြီး ဆန္ဒပြသူများအတွက် ပရိတ်များ ရွတ်ဖတ်ပေးခဲ့ကြသည်။[၁၃] နံနက် ၉ နာရီခွဲခန့်တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုရုံးရောက်ရှိလာခဲ့သည်။[၁၄][၁၃] နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်သား ၂၀၀ ခန့်ပါဝင်သော စစ်ယာဉ်တန်းသည် ဘုရင့်နောင်တံတားပေါ်မှတဆင့် အတားအဆီးများကို ဖြတ်ကာ ရောက်ရှိလာခဲ့ပြီး ဆန္ဒပြသူများအား လူစုကွဲစေရန် ပြုလုပ်ခဲ့သည်။[၁၃][၇] ၁၁ နာရီအချိန်တွင် စစ်သားများနှင့် ရဲများက ဆန္ဒပြသူများအား နှစ်ဖက်စလုံးမှ ချီတက်လာကာ ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့သည်။[၇] လုံခြုံရေးအဖွဲ့ဝင်များနှင့် စနိုက်ပါသမားများသည် အောင်ဇေယျတံတားပေါ်မှနေ၍ စေတနာ့ဝန်ထမ်း ဆေးအကူများနှင့် လူနာတင်ယာဉ်အလုပ်သမားများအပါအဝင် အရပ်သားများအား ပစ်ခတ်ခဲ့သည်။[၇] အစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားပြီးလျင်ပြီးခြင်း အနည်းဆုံး ၂၀ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း က ထုတ်ပြန်ခဲ့သည်။[၁၅] နေ့လယ်ပိုင်းတွင် သေဆုံးသူအရေအတွက်မှာ ၅၈ ဦးအထိ ရှိလာခဲ့သည်။[၁၂] လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ၂၀၂၁ ဒီဇင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာအရ အသက် ၁၇ မှ ၇၈ နှစ်အကြားအသက်အရွယ်ရှိ လူအနည်းဆုံး ၆၅ ဦးသေဆုံးခဲ့သည်။[၁၆][၄] သေဆုံးသူအများစုကို အနီးရှိ ထိန်ပင်သုသာန်တွင် မြှုပ်နှံခဲ့သည်။[၁၇] လုံခြုံရေးအဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကို မသိရှိရပေ။[၇]
ကျူးလွန်သူများအစုအပြုံလိုက် သတ်ဖြတ်မှုအား ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးစီးသော တပ်မတော် (ကြည်း)မှ လုံခြုံရေးအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲချုပ် မျိုးမင်းထိုက် ဦးစီးသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့သည်။[၇] ဆန္ဒပြဖြိုခွင်းမှုတွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ လုံထိန်းတပ်သားများလည်း ပါဝင်ခဲ့သည်။[၃][၇] နောက်ဆက်တွဲအခြေအနေ မတည်ငြိမ်မှုများဖြင့် လှိုင်သာယာမြို့နယ်တွင်းရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံ အနည်းဆုံး ၃၂ ခု မီးရှို့ခံခဲ့ရပြီး အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ဆုံးရှုံးခဲ့သည်။[၁၈][၁၉] သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် မြို့နယ်အတွင်း အဓိကနေရာများတွင် လုံခြုံရေးအင်အား အများအပြားကို ချထားခဲ့သည်။[၂၀] မတ်လ ၁၇ ရက်နေ့တွင် လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် ဖိနပ်စက်ရုံတွင် လုပ်ခလစာ အငြင်းပွားမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များက အလုပ်သမား အနည်းဆုံး ၆ ဦးအား သတ်ဖြတ်ခဲ့ပြီး အခြား အလုပ်သမား ၇၀ ကျော်အား ဖမ်းဆီးခဲ့သည်။[၂၁] ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားများသည် မြို့အားစွန့်ခွာကာ မိမိတို့၏ နေရပ်များဆီသို့ ပြန်သွားခဲ့ကြသည်။[၁၇][၂၀] ၂၀၂၁ စက်တင်ဘာလအထိ လှိုင်သာယာ စက်မှုဇုန်ဧရိယာများဖြစ်သော လှိုင်သာယာ၊ ရွှေလင်ဗန်းနှင့် ရွှေသန်လျင်တို့ရှိ စက်ရုံအနည်းဆုံး ၇၃ ခုအထိ ပိတ်သိမ်းခဲ့ရာ အလုပ်သမား ၂၀,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။[၂၂] See also
ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia